အမေရိကန် သည် တရုတ်၏ အားနည်း အားသာချက် များကို အသေအချာ တွက်ချက်သုံးသပ် သင့်

by Hla Soewai - Nov 17 2023

လာမည့် အပတ်အတွင်း ဂျိုး ဘိုင်ဒင် သည် ရှီ ကျင် ပင့် နှင့် ဆန်ဖရန်စစ္စကို တွင် တွေ့ဆုံဖြစ်သည့်အခါ တရုတ် ၏ အားနည်းချက် သာမက အင်အား အနေအထားကို ပါ အပြည့်အဝ နားလည် ထားသင့်သည်ဟု အီကောနော်မစ် မဂ္ဂဇင်းကြီး၏ အယ်ဒီတာ အာဘော်မှ ယခုလို ထောက်ပြရေးသားထားသည်။

 

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားလာခြင်းသည် အင်အားကြီး နိုင်ငံများ အတွက် ယှဉ်ပြိုင် အနိုင်လုရမည့် ကြိုးဝိုင်းကြီး အဖြစ် ဖန်တီးပေးသလို ဖြစ်လာခဲ့သည်။ အမေရိကန်သည် အစ္စရေး အား ထောက်ခံလာသလို တရုတ် သည် ရုရှား ပါ တွဲ၍ အီရန် နှင့် ဆက်ဆံရေး အား နက်ရှိုင်းစွာ တည်ဆောက်လာခဲ့သည်။

 

အလားတူ တောင်တရုတ် ပင်လယ်တွင် တရုတ်သည် ဖီလစ်ပိုင် သင်္ဘောများအား လိုက်လံ နှောက်ယှက်နေသလို ၎င်းတို့၏ စစ်လေယာဉ်များသည်လည်း အမေရိကန် လေယာဉ် များ ဘေးမှ အန္တရာယ် များလောက်အောင် ပွတ်ကာသီကာ ပျံသန်းမှုများ လုပ်လာကြသည်။

 

နောက်နှစ် အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေး အား ယခုထက် ပို၍ စမ်းသပ်ခံလာရမည့် အနေအထား နှင့် တွေ့ကြုံလာရဖို့ ရှိနေပြန်သည်။

ဇန်နဝါရီ လ တွင် ကျင်းပမည့် တိုင်ဝမ် သမ္မတရွေးကောက်ပွဲတွင် ဘီဂျင်း မှ အတော်လေး ရွံ့မုန်းနေသည့် ကိုယ်စားလှယ်လောင်း အနိုင်ရဖို့ ရှိနေခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုပြင် တနှစ်ပတ်လုံး နီးပါးလည်း ၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြို သမ္မတလောင်းများ အဖို့ သူ့ထက်ငါ ဘယ်သူ ပို၍ တရုတ် ကို ထောင်းနိုင်မည်လဲ ဆိုသည်ကို အခြေအတင် ပြောဆိုကြဦးမည်လည်း ဖြစ်သည်။

 

အမေရိကားသည် ယခင်က တရုတ်၏ စီးပွားရေး၊ စစ်ရေး နှင့် ဝါဒရေးရာများ အား ဖာသိဖာသာ နေလာခဲ့မှု အတွက် နောင်တရမှု များ နှင့် အတူ ယခင် အနေအထား ပြန်ရောက်အောင် အလွန်အကျွံ လုပ်လာ‌ နေခြင်းလည်း ဖြစ်သည်။

 

အမှန်တကယ်လည်း တရုတ်မှ ပေးလာမည့် အန္တရာယ်များက ရှိနေပေသည်။ ဤသည်ကို အမေရိကန် တို့ဖက်မှ မည်သို့ မည်ပုံ တုန့်ပြန်လာမည် ဆိုသည်က ထိတ်တိုက်ရင်ဆိုင် ‌တွေ့မှုမျိုး ဖြစ်သွားနိုင်သလို တဖက်တွင်လည်း ရှောင်လွှဲ၍ ရနိုင်ပါလျက် ပဋိပက္ခ ထဲသို့ တိုးဝင်သွားနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်ပြန်သည်။

 

အကယ်၍ စစ်ပွဲ မဖြစ်ခဲ့လျှင်ပင် အမေရိကား အတွက် စီးပွားရေး အရ အကြီးအကျယ် ထိခိုက်သွားနိုင်သလို၊ မဟာမိတ်များ အကြား အကွဲအပြဲများ ထွက်ပေါ်လာနိုင်ယုံမျှမက မိမိတို့ ၏ စံတန်ဖိုးများကို ပါ ထိခိုက်သွားနိုင်ဖွယ် ရှိနေပြန်သည်။

 

 

ထိုသို့ ထိခိုက်နစ်နာစရာ အများအပြား ရှိနေသည့် အတွက် အမေရိကန် အနေဖြင့် လက်ရှိ တရုတ်၏ အားနည်းချက်သာမက အားသာချက်များကိုပါ အလေးအနက်ထား ဆင်ခြင် သုံးသပ်ဖို့ လိုအပ်လာသည်။

 

ပထမဆုံး အားနည်းချက် ကို ဆွေးနွေးရမည် ဆိုလျှင် နားလည်မှု အနည်းဆုံး ဖြစ်နေသည်က တရုတ်၏ စစ်အင်အား ပိုင်း ချို့ယွင်းချက်များပင် ဖြစ်သည်။ ဆယ်စုနှစ် ပေါင်းများစွာ တရုတ်သည် ၎င်းတို့၏ စစ်အင်အားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်လာနိုင်ခဲ့၍ လက်ရှိတွင် အင်အား နှစ်သန်း ခန့်ရှိ ကြည်း‌ ရေ လေ တပ်များအား စစ်အသုံးစရိတ် ဒေါ်လာ ၂၂၅ ဘီလီယံ အထိ ကျခံသုံးစွဲလာနေပြီ ဖြစ်‌၍ ကမ္ဘာ အင်အားအကြီးဆုံး ကြည်းတပ်၊ရေတပ် နှင့် ဒုံးကျည် တပ်များ ပိုင်ဆိုင်လာသည်အထိ ကြောက်မက်ဖွယ် အနေအထား ရောက်လာခဲ့ပြီ ဖြစ်သည်။

 

၂၀၃၀ တွင် နျူကလီယား ထိပ်ဖူးပေါင်း ၁,၀၀၀ ခန့်အထိ ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ထားပြီး ရှီ ကျင်ပင့်သည် ၎င်း၏ တပ်များအား ၂၀၂၇ တွင် တိုင်ဝမ်ကို ဝင်ရောက် သိမ်းပိုက်နိုင်ရန် အထိ ပြင်ဆင်ထားဖို့အမိန့်ပေးထားပြီးလည်း ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေး က တင်ပြထားသည်။

 

ထို့ပြင် တောင်တရုတ် ပင်လယ် နှင့် ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်နိုင်ရန် အထိပါ အင်အားဖြန့်ကျက်ထားနိုင်ရန်လည်း ရည်ရွယ်ထားသည်။ လောလောဆယ်တွင် အာဖရိကတွင် စစ်အခြေစိုက်စခန်း တခု ရှိလာနေပြီး အရှေ့အလယ်ပိုင်းတွင်လည်း အလားတူ ပိုင်ဆိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

 

ထိုသို့သော အနေအထားကို သေချာစေငုစွာ လေ့လာမည် ဆိုက ပြဿနာများ ရှိလာနေသည်ကို တွေ့နိုင်မည် ဖြစ်သည်။ တရုတ်ပြည်သူ့ တပ်မတော် PLA သည် ဆယ်စုနှစ်ပေါင်းများစွာ တိုင် ဆိုဗီယက် နှင့် ရုရှား တို့၏ စစ်ရေး နည်းဗျူဟာများကို လှေနံဓါးထစ် ကိုင်စွဲ လေ့ကျင့်လာခဲ့ရာမှ ရုရှား-ယူကရိန်း စစ်ပွဲမှ သင်ခန်းစာများ ရယူလာခဲ့ပြီး တိုင်ဝမ်ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ရေး အတွက် ပူးတွဲ စစ်ဆင်နိုင်မှ ဖြစ်မည်ကို သိရှိလာခဲ့ကြသည်။

 

သို့သော် တပ်အင်အား စုဆောင်းရေး တွင် အခက်အခဲများ နှင့် ကြုံလာနေရသည်။ "Wolf Warriors" ကဲ့သို့ ရုပ်ရှင်များနှင့် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တိုက်လေယာဉ်မှုးများ၊ အင်ဂျင်နီယာ များကဲ့သို့ ပရော်ဖက်ရှင်နယ်များ စုဆောင်းနိုင်ခြင်း မရှိသည်ကို တွေ့‌နေရသည်။ အဓိက အားဖြင့် လစာပိုင်း တွင် သာမန်မျှသာ ရှိနေသောကြောင့် ဖြစ်သည်။

 

အဆိုးဝါးဆုံး သည် ရှီ ကျင်ပင့် ပြောသလို "ငြိမ်းချမ်းရေး ကပ်ရောဂါ" ကြောင့် တိုက်ခိုက်ရေး ဖက်တွင် လုံးဝ အတွေ့အကြုံ မရှိ ဖြစ်နေခြင်းပင်။ ပြီးခဲ့သည့် နှစ်ပေါင်း လေးဆယ် အတွင်း တီယန်မင် ရင်ပြင်ကြီးတွင် ၎င်းတို့၏ လက်နက်မဲ့ နိုင်ငံသားများ အပေါ် စစ်ဆင်ရေးတရပ် ဆင်နွှဲပြီး သတ်ဖြတ်နိုင်ခဲ့ခြင်းမျိုးသာ ရှိပေသည်။

 

တရုတ်သည် အသံထက် အဆမတန် မြန်သော ဒုံးကျည်များ၊ ကိုယ်ပျောက် တိုက်လေယာဉ်များ အား ထုတ်လုပ်နိုင်သည် အထိ နည်းပညာ ပိုင်းတွင် ခုန်ပျံ ကျော်လွှား တိုးတက်လာခဲ့သော်လည်း လေယာဉ် နှင့် သင်္ဘော အင်ဂျင်များ ထုတ်လုပ်ရေး တွင် နောက်ကျ ‌ကျန်နေခဲ့သည့် အပြင် အပိုပစ္စည်းများ အတွက် ပြည်ပကို မှီခိုနေရဆဲလည်း ဖြစ်သည်။

 

ဆီမီး ကွန်ဒပ်တာ နှင့် အစိတ်အပိုင်းများအား အမေရိကန်မှ ပိတ်ဆို့ထားမှုကြောင့် နည်းပညာ ပိုင်းတွင် ရှေ့တန်းသို့ ရောက်မလာနိုင် ဖြစ်နေရသည်။ ရှီ ကျင်ပင့် မှာ အကျင့်ပျက် လာဘ်စားမှု များ ဒလကြမ်း တိုက်ဖျက်နေသော်လည်း ဆက်၍ ပျံ့နှံ့နေဆဲလည်း ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီး လီ ရှန်ဖူးအား ခန့်အပ်ပြီး လအနည်းငယ်အတွင်း ဖြုတ်ပစ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများ ကြောင့်ပင် ဖြစ်သည်။

 

စစ်ရေး ဖက်တွင် ချိနဲ့နေမှုများသည် စီးပွားရေး ပိုင်း အားပျော့လာမှု လို လူသိများခြင်း မရှိပေ။ တရုတ်၏ အိုးအိမ်ခြံမြေ အနေအထား သည် အားရစရာ မကောင်းသလို ပုဂ္ဂလိက ပိုင်း နှင့် ‌နိုင်ငံခြား ငွေပင်ငွေရင်းများ အပေါ် တရုတ် ကွန်မြူနစ်ပါတီက ရန် စောင်လာနေခြင်းကြောင့်လည်း စီးပွားရေး တိုးတက်မှု တုန့်ဆိုင်းလာခဲ့ရသည်။

 

တရုတ် ဂျီဒီပီသည် ယခု နှစ်တွင် ၅.၄ ရာနှုန်း တိုးတက်လာသော်လည်း ၂၀၂၈ တွင် ၃.၅ ရာနှုန်းသာ ရှိလာတော့မည်ဟု အိုင်အမ်အက်ဖ် က ဆိုသည်။ ပြည်ပ ကုမ္ပဏီကြီးများ၏ ရင်းနှီးမြုပ်နှံမှုသည်လည်း ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ယခု သုံးလပတ် အတွင်း အနှုတ်လက္ခဏာ ပြလာသည်။

 

တရုတ်၏ စီးပွားရေး ပမာဏ သည် ဒေါ်လာ ၁၈ တြီလီယံ အထိ ရှိလာနေ၍ ကြီးမားသည်ဟု ဆိုနိုင်သော်လည်း ဂျီဒီပီ ပိုင်းတွင် အမေရိကန် အား ရာစုနှစ်လယ် ရောက်သည်အထိ ကျော်နိုင်ခြင်း သို့မဟုတ် တန်းတူ ဖြစ်လာခြင်းမျိုး အထိ ရောက်လာနိုင်စရာ မရှိသေးပေ။

 

စစ်ရေး နှင့် စီးပွားရေး ပိုင်းတွင် အားနည်နေသည်အပြင် နောက်ထပ် ပို၍ လေးနက်သည့် ပြဿနာတခုက ရှိနေပြန်သည်။ ယင်းသည်က ရှီ ကျင်ပင့် နှင့် ပတ်သက်နေသည်။ ရှီ ကျင်ပင့် သည် ယခင်ကထက် ပို၍ အာဏာရှင် ဆန်ဆန် ကျင့်သုံးကာ လွှမ်းမိုးလာနေခြင်းကြောင့် မူဝါဒ ရေးရာ ပိုင်းတွင် အခြေအတင် ဆွေးနွေးမှု မျိုး ကွယ်ပျောက်သွားခဲ့ရသည်။ ထို့အတွက်လည်း ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များသည် ဆိုးသည်ထက် ဆိုးလာခဲ့ရသည်။

 

စီးပွားရေး ဆိုင်ရာ တတ်သိပညာရှင်များ ချောင်ထိုးခံလာရပြီး ရှီ အား သစ္စာရှိသူများ နေရာရလာကြသည်။ တရုတ် စစ်သည်များသည် ၎င်းတို့ အချိန်များ၏ လေးပုံတပုံကို နိုင်ငံရေး သင်ကြား ပို့ချမှုများ နှင့် အချိန်ကုန်နေရသည်ဟု ဆိုသည်။ ၎င်း၏ အတွေးအခေါ်များ နှင့် ဦးဆောင်နေသော ပါတီသည် အရာရာကို စီမံ ကွပ်ကဲနိုင်ရမည်ဟု ခံယူထားသည်။

 

ထိုသို့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုများ ရှိလာနေခြင်းသည် တရုတ်ပြည် အတွက်သာ မက ကမ္ဘာကြီး အတွက်လည်း အန္တရာယ် ရှိလာနေသည်။ ၎င်းအား အကြံပေးမှု များ မရှိတော့သည့် အတွက် ယူကရိန်း တွင် ပူတင် ကျုးလွန်ခဲ့သည့် အမှားမျိုး နှင့် လုပ်လာနိုင်သည်။

 

၎င်းအား ဟန့်တားနေသော အရာတခုကား အကယ်၍ တိုင်ဝမ်ကို ကျုးကျော် တိုက်ခိုက်၍ ရှုံးသွားခဲ့လျှင် အာဏာကို လက်လွှတ်ရတော့မည်ဟူသော စိုးရိမ်ကြောင့်ကြနေမှု ပင် ဖြစ်သည်။

 

ရှီ ကျင်ပင့် သည် မကြာသေးမီက အမေရိကန် နှင့် ဝန်ကြီး အဆင့် ထိတွေ့ဆက်ဆံမှု များ ကဲ့သို့ အပြုသဘော ဆောင်သော သံခင်းတမန်ခင်းမျိုး လုပ်ပြလာသော်လည်း ၎င်း၏ ခံယူချက် ဖြစ်သည့် ကမ္ဘာ လစ်ဘရယ် စနစ်ကို ချေမှုန်းရေး ဆိုသည်ကား လျော့ပါးသွားမျိုးတော့ ရှိမည် မဟုတ်ပေ။

 

ထိုသို့ရှိလာနေသည်ကို အမေရိကန် မှ မည်ကဲ့သို့ တုန့်ပြန်သင့်ပေသနည်း။

 

တရုတ် စီးပွားရေး ပြိုလဲသွားအောင် ပိတ်ဆို့ထားမည် ဆိုက ကမ္ဘာ့ ဂျီဒီပီသည် ၇ ရာနှုန်းခန့် လျော့ကျသွားနိုင်သည်ဟု အိုင်အမ်အက်ဖ် က ခန့်မှန်းခဲ့သည်။ တရုတ်မှ အရည်အချင်း ရှိသူများ အဝင်မခံ ခြင်းသည်လည်း အမေရိကန်အဖို့ မိမိကိုယ်မိမိ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်အောင် ဖန်တီးသလို ဖြစ်လာနိုင်ပေသည်။ ထို့ပြင် တရုတ်အား အလွန်အကျွံ ရန်လိုသော ပေါ်လစီများ ချမှတ်လာပါက မဟာမိတ် နိုင်ငံများ အတွင်း စိတ်ဝမ်းကွဲမှု များ ဖြစ်လာနိုင်ပြန်သည်။

 

အဆိုးဝါးဆုံး သည်ကား အမေရိကန်မှ စစ်ရေး အရှိန် အလျှင်အမြန် မြှင့်တင်လာလျှင် ရှီ ကျင်ပင့်သည် တိုင်ဝမ်ကို ကျုးကျော် ရန် အချိန်ဆွဲနေ၍ မဖြစ်တော့ဟု ယူဆလာတော့မည် ဖြစ်သည်။

 

ထို့အတွက် အမေရိကန်သည် တရုတ် မူဝါအား ရေရှည် အတွက် စဉ်းစားပြီး အသေအချာ ထိန်းညှိ ချမှတ်ရဖို့သာ ရှိသည်။

 

စီးပွားရေး ပိုင်းတွင် ပိတ်ဆို့ထားမည့် အစား ဖွင့်ပေးသင့်သည်။ ပို့ကုန်များအားလည်း စစ်ရေး တွင် အသုံးပြု နိုင်သည်များကိုသာ ကန့်သတ်ထားသင့်သည်။ ထရန့် လက်ထက်က စတင်ခဲ့ပြီး ဘိုင်ဒင် အစိုးရမှ ဆက်လက် ကျင့်သုံး‌ နေသည့် အားလုံး ရောပြွမ်း၍ ကုန်သွယ်ခွန် စည်းကြပ်နေသည် များ လျော့ချပစ်ရမည်၊ အ‌မေရိကန်သည် စီးပွားရေး နှင့် နည်းပညာ ပိုင်းတွင် ဆက်၍ အသာရနေရန် တရုတ်ကဲ့သို့ မလုပ်ပဲ တံခါးဖွင့်ထားသင့်ပေသည်။

 

စစ်ရေး ပိုင်းတွင် လွှမ်းမိုးနိုင်ရေးထက် ဟန့်တားရေး နည်းဗျူဟာ ကို ကျင့်သုံးသင့်သည်။ ထို့ အတွက် တိုင်ဝမ်သို့ လက်နက်များ တိုး၍ ရောင်းပေသင့်ပြီး အာရှတွင် တပ်အင်အား များ တည်ဆောက်ကာ မဟာမိတ်များနှင့် ကာကွယ်ရေး စာချုပ်များ အသစ် တဖန် သက်တမ်းတိုး ချုပ်ဆိုသင့်သည်။

 

သို့သော် နျူကလီယား လက်နက် ပြိုင်ပွဲ မျိုး ရှောင်ရှားသင့်ပြီး တိုင်ဝမ် လွတ်လပ်ရေး ကို ထောက်ခံသည့် အနေအထား မရောက်အောင် လည်းချုပ်တည်း သင့်သည်။

 

တရုတ်နှင့် ဆက်ဆံရာတွင် ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်ကို အရှိကို အရှိ အတိုင်း ရှူမြင်သုံးသပ်တတ်ဖို့ လိုပေသည်။

 

လက်ရှိတွင် သတင်းကောင်းသည်ကား တရုတ်တွင် ရှိသော အားနည်းချက်များ နှင့် ရှီ ကျင့်ပင် ၏ အမှားများကြောင့် ၎င်းတို့ ခြိမ်းခြောက်လာသော အန္တရာယ်ကို တန်ပြန်နိုင်ရန် အနောက်အုပ်စုတွင် အချိန် အများကြီး ရလာနေခြင်းပင် ဖြစ်ပေသည်။

 

(၂၀၂၃ နိုဝင်ဘာ ၉ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် ဖြစ်သော How scary is China? ကို ပြန်ဆို တင်ပြသည်။)