အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(9)

by Hla Soewai - Nov 17 2023

Human Intelligence (၃)

 

လောလောဆယ် တွင်တော့ တပ်မှ ထွက်ပြေး ခိုလှုံလာသူများ နှင့် မိမိသဘော နှင့် ဝင်ရောက်လာကြသူ များ အပေါ် ယုံကြည် စိတ်ချရမှု ရှိမရှိ အသေအချာ မသိရမချင်း ၎င်းတို့အား အရံ အင်အား အဖြစ်သာ သဘောထားပြီး နောက်သို့ ပို့ထားဦးမည်သာ ဖြစ်သည်။ ထိုအထဲတွင် စစ်ထောက်လှမ်းရေးမှ စေလွှတ်လိုက်သူများ ပါလာနိုင်သည့် အလားအလာကိုလည်း လျစ်လျု ရှုထား၍ မရပြန်၊ ဖြစ်နိုင်သမျှ ၎င်းတို့၏ နောက်ကြောင်းရာဇဝင်ကို တဖန် ပြန်၍ စုံစမ်း စစ်ဆေးကြရမည်သာ ဖြစ်သည်။

 

ထိုသို့ ဆက်ဆံခံရခြင်းကြောင့် ခိုလှုံလာသူ အနည်းငယ်သည် မိခင်တပ်သို့ ပြန်သွားကြသည်များ ရှိလာခဲ့သည်။ ၎င်းတို့ အနစ်နာခံကာ စွန့်စွန့်စားစား ရောက်လာခဲ့ရသည်ကို တော်လှန်ရေး အဖွဲ့များက အသိအမှတ် ပြုခဲ့ကြခြင်း မရှိဟု ပြောလာကြသည်။ စစ်အာဏာသိမ်း အဖွဲ့ကလည်း ထိုသို့ ပြန်ရောက်လာမှု ကို အားပေးသည့် အနေဖြင့် ၎င်းတို့ အတွက် ထောင်ဒဏ်များ လျော့ပေါ့ပေးခြင်း နှင့် သောင်းကျန်းသူ များ မှ "ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာခြင်း" ဟု ဆိုကာ ဆုငွေများ ချီးမြှင့်ခြင်းမျိုး လုပ်လာကြသည်။

 

အာဏာသိမ်း အဖွဲ့၏ သတင်းစာများမှ တော်လှန်ရေး အဖွဲ့ဝင်များသည် လက်နက် ခဲယမ်း များ နှင့် အတူ ဝင်ရောက်လာပါက ကျပ်ငွေ ၇၅ သိန်း၊ ဒရုန်း ဆိုပါက ကျပ်ငွေ သိန်း ၅၀ ပေးမည်ဟု ကျေညာခဲ့သည်။ လုပ်သေနတ်များ ဆိုက ငါးသိန်းအထိ ရမည် ဟု ဆိုသည်။ ထိုသို့ ဝင်ရောက်လာမှု ကို လူသိရှင်ကြား ကျေညာ‌ခြင်း ဖြင့် PDF နှင့် ERO များ စိတ်ဓါတ်များ ကျဆင်းသွားနိုင်သည့် အပြင် ထောက်လှမ်းရေး အတွက် သတင်းများလည်း နှိုက်ထုတ် နိုင်ပြန်သေးသည်။ ၎င်းတို့၏ အဆိုအရ အာဏာသိမ်းပြီးချိန်မှစ၍ PDF အဖွဲ့ဝင် ၅၀၂ ဦး လက်နက်ချခဲ့ပြီး ပြီဟု သိရသည်။ သို့သော်လည်း ထိုသို့သော အပြောမျိုးကို အမှန်ဟု ယုံကြည်၍ မရပြန်ပေ။

 

၎င်းတို့ဖက်မှ ထိုသို့ ကမ်းလှမ်းလာခဲ့‌သော်ငြားလည်း ပြန်လည် ဝင်ရောက်လာရန် ဆွဲဆောင်၍ မရ ဖြစ်နေသည်၊ ထိုသို့ ငွေကြေး ဖြင့် ဆွဲဆောင်လာခြင်းကပင် လူထုမှ အဘယ်ကြောင့် လက်နက်စွဲကိုင် တွန်းလှန်လာရသနည်း ဆိုသည့် အကြောင်းရင်း အပေါ် အကြီးအကျယ် နားလည်မှူ လွဲနေဆဲ ဆိုသည်ကို ထုတ်ဖေါ် ပြသနေသလို ဖြစ်ခဲ့ရသည်သာ အဖတ်တင်ခဲ့သည်။ ၎င်းတို့ဖက်မှ ကတိတည်လိမ့်မည်ဟု ယုံကြည်သူ မရှိသလောက်ပင် ဖြစ်သည်။

 

PDF နှင့် ERO များမှ ၎င်းတို့ထဲသို့ စိမ့်ဝင် ထိုးဖောက်ခံရမည်ကို စိုးရိမ်နေကြသည့် အခြား အကြောင်းများလည်း ရှိနေပြန်သည်။

 

ဥပမာ အားဖြင့် ၂၀၂၃ ဇန်နဝါရီလ ထဲတွင် မြန်မာ သတင်းဌာနများက စစ်ထောက်လှမ်း‌‌ ရေး မှ တော်လှန်ရေး လှုပ်ရှားမှု များအပေါ် သတင်း ထောက်လှမ်းရယူ နိုင်ခဲ့မှု အား Power Point slide ၃၂ ခု ဖြင့် ဌာနတွင်း ရှင်းလင်းချက်များကို ရရှိလာခဲ့သည်ဟု သတင်း ထွက်ပေါ်လာခဲ့သည်။ ထိုစာရွက် စာတမ်းများအရ အာဏာသိမ်း အဖွဲ့သည် တော်လှန်ရေး အင်အားစုများ အကြား "သူလျို ကွန်ယက်" တခု တည်ထောင်ထားနိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

ထိုသို့ လုပ်နိုင်ခဲ့ခြင်းမှာလည်း ဖမ်းဆီးမိခဲ့သည့် PDF အဖွဲ့ဝင်များ ထဲမှ လိုလိုလားလား ကမ်းလှမ်းလာသူများ သို့တည်းမဟုတ် နည်းမျိုးစုံ ဖြင့် ခြိမ်းခြောက်ခံရ၍ နှစ်ဖက် သူလျို လုပ်ပေးပါမည်ဟု သဘောတူခဲ့သူများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ သူလျိုများက PDF အဖွဲ့များ၏ လှုပ်ရှားမှူ များ၊ လက်နက်များ ရရှိမှု အနေအထားများကို အဓိက စောင့်ကြည့် မှတ်သားပြီး စခန်းတည်နေရာကို ပြန်၍ သတင်းပို့ခဲ့ကြသည်။ PDF စခန်းငယ်များသည် ဝင်ရောက်စီးနင်းရန် စိတ်ချရ၍ ERO နယ်မြေများထဲရှိ PDF စခန်းများထက် ပို၍ သိလိုကြသည်။

 

ထို့ပြင် စစ်တပ် သူလျိုများက PDF များအား အရည်အသွေး နိမ့် လက်နက်များ၊ ပေါက်ကွဲလွယ်သည့် ပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် အသေ အပျောက် များအောင် လုပ်ခဲ့ကြသည်ဟု အဆိုပါ အတည်မပြုနိုင်သော သတင်းပေါက်ကြားမှု များတွင် ပါရှိလာခဲ့သည်။ ထိုသို့ သော လက်နက်များကို ကာကွယ်ရေး စစ်ပစ္စည်း စက်ရုံများက ထုတ်လုပ်ပေးခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုသတင်းများ ထွက်ပေါ်လာချိန်သည် အသွင်ယူ ထိုးဖောက်လာသော စစ်ထောက်လှမ်းရေး အရာရှိ နှစ်ဦး အား PDF မှ ကွပ်မျက်ခဲ့ချိန် နှင့် တိုက်ဆိုင်နေသည်။ ၂၀၂၃ ဇန်နဝါရီလ အတွင်း ပါရှိလာသော မြန်မာနောင်း ၏ သတင်းတွင် ဗိုလ်မှုး အဆင့်ရှိ လူတဦး နှင့် တပ်ကြပ်ကြီးတဦးသည် ပဲခူးဒေသကြီး အတွင်း ခရီးသွားနေစဉ် PDF တပ်ရင်း ၃၅၀၁ အဖွဲ့ဝင်များက ကားကို ရပ်တန့်ခိုင်းခဲ့သည်။ ထိုလူ နှစ်ဦးသည် ရန်ကုန် ရှိ မြေအောက် တော်လှန်ရေး အဖွဲ့မှ လက်နက်များကို ဝယ်ယူရန် ဆက်သွယ်နေသူ များ ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ကားထဲတွင် ၎င်းတို့ ဖက်သို့ ရောက်သွားသူ PDF တပ်ဖွဲ့ဝင် နှစ်ဦး ပါ လမ်းပြ လိုက်ပါလာသည်။ နောက်ပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားလာပြီး ‌စစ်ထောက်လှမ်းရေး နှစ်ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ရန်သူ လမ်းပြ PDF ဟောင်း နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းကာ ကွပ်မျက်ခဲ့ကြသည်။

 

NUG နှင့် ပဲခူးတိုင်း ဒေသကြီးရှိ PDF ၏ သတင်းထုတ်ပြန်ချက်အရ သေဆုံးသွားသူ နှစ်ဦးသည် စစ်ထောက်လှမ်းရေး မှ ဖြစ်ပြီး ရန်ကုန်ရှိ မြေအောက်တော်လှန်ရေး အဖွဲ့ဝင်များ အတော်များများကို အောင်မြင်စွာ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး၊ စစ်ကြောရေး တွင် ကျန်ရှိနေသည့် PDF များ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိသွားခဲ့ကြသည် ဟု ပါရှိသည်။ သေဆုံးသွားသည့် ဗိုလ်မှူးသည် ဖမ်းဆီးမိခဲ့သည့် PDF အဖွဲ့ဝင်များကို စစ်ကြောမေးမြန်းခဲ့ရာတွင် လွန်စွာ လက်သံ ပြောင်ခဲ့သူ ဟုလည်း သိရှိခဲ့ရသည်။