အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(8)

by Hla Soewai - Nov 10 2023

Human Intelligence (၂)

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင်တော့ ထောက်လှမ်း စောင့်ကြည့်မှု များသည် သိသိသာသာ များပြားလာခဲ့သည်။ စပိုင် နှင့် သတင်းပေးများကို အသုံးပြုလာခဲ့၍လည်း ဖြစ်သည်။ အာဏာသိမ်း အဖွဲ့သည် ၎င်းတို့၏ အုပ်ချုပ်ရေးအား အန္တရာယ် ပေးလာသည်ဟု ယူဆခံရသူ မှန်သမျှကို ရှာဖွေ ဖေါ်ထုတ် ဖယ်ရှားနိုင်ရေး ကို ထိတ်တန်း ဦးစားပေး အဖြစ် သတ်မှတ်ထားခဲ့သည်။ အန္တရာယ် ပေးလာနိုင်သူဟု သတ်မှတ်ရာတွင်လည်း အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်ပြန်သည်။

 

ယင်းအား အကောင်အထည် ဖေါ်ရေးတွင် ကုန်ကျစရိတ် အသက်သာဆုံး အဖြစ် နိုင်ငံသား များ အချင်းချင်း ထောက်လှမ်း သတင်းပို့နိုင်ရန် စည်းရုံးခြင်း၊ အတင်းအကျပ် ခိုင်းစေသည့် နည်းလမ်းကို ကျင့်သုံးလာကြသည်။ မည်မျှအထိ ထိရောက်မှု ရှိသည်ကား ဆက်၍ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

 

ထိုသို့ ခိုင်းစေခံရသူများ အထဲတွင် စစ်ပြန်များ၊ ဗုဒ္ဓဘာသာ အစွန်းရောက်များ၊ USDP ပါတီအား ထောက်ခံသူများ၊ စစ်တပ်ကို ‌ထောက်ခံရန် စိတ်ပိုင်းဖြတ်ထားသည့် အစိုးရဝန်ထမ်းများ ပါဝင်သည်။ ထို့အပြင် ပြည်သူ့စစ် အဖြစ် ဖွဲ့စည်းပေးပြီးရပ်ရွာအုပ်ချုပ်ရေးသာမက သတင်းပေးများ အဖြစ်လည်း ခိုင်းစေခဲ့ကြပြန်သည်။

 

ထိုသို့ ရှိနေသည့်ကြားမှ နိုင်ငံ အနှံ့ အရပ်ဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု သည် အင်အား ကောင်းနေဆဲ ဖြစ်သည်။ ၎င်းတို့အပေါ် ထောက်လှမ်း စောင့်ကြည့် ခိုင်းသူများ ရှိနေသည့်ကြားမှပင် လူထုသည် စစ်တပ်အား လက်နက်ကိုင် ဆန့်ကျင်နေသူများ အပေါ် စာနာစိတ် ရှိနေကြသည်။ အချို့သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသို့ ဝင်ရောက်လာကြခြင်း၊ မြို့ကြီးပြကြီးများတွင် လှုပ်ရှားနေကြသော မြေအောက်တော်လှန်ရေး အဖွဲ့များကို ပံ့ပိုးပေးခြင်းများ ပြုလုပ်လာကြသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အား ၂၀၂၁ မေလ တွင် ပြည်ထဲ‌ ရေး ဝန်ကြီး ဌာန လက်အောက်သို့ ပြန်လည် သွတ်သွင်းလိုက်ခြင်းဖြင့် လူထုအား စောင့်ကြည့်ရသည့် လုပ်ငန်းများ တွင် အထောက်အကူ ရလာခဲ့သည်။ တချိန်တည်းမှာပင် ယခင် စစ်အစိုးရ လက်ထက်က ရှိနေခဲ့ပြီးဖြစ်သော ရပ်ကွက်ကျေးရွာ အတွင်း ‌စောင့်ကြည့် ထောက်လှမ်းရသည့် ကွန်ယက်များကို ပြန်၍ အသက်သွင်းလာခဲ့သည်။

 

ဥပမာ အားဖြင့် NLD မှ ၂၀၁၆ အတွင်း ဖျက်သိမ်းပစ်ခဲ့သည့် ဧည့်စာရင်း တိုင်ရမည် ဆိုသည်အား ရန်ကုန် အပါအဝင် အချို့ မြို့ကြီးများတွင် ပြန်လည် ကျင့်သုံးလာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသည် အတိုက်အခံများအား လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် မရှိစေရန် နှင့် ခိုလှုံနေထိုင်ခွင့် ပြုမည့် အရေးအား ဟန့်တားရန် ပြောင်ပြောင်တင်းတင်း ပြုလုပ်လာခဲ့ခြင်းပင် ဖြစ်သည်။ တဆက်တည်း တွင် ရပ်ကွက် ကျေးရွာ များတွင် လူထု မှ ရွေးချယ်တင်မြှောက်ထားခဲ့သည့် အုပ်ချုပ်ရေးမှူးများအား ဖယ်ရှားပစ်ခဲ့ပြီး ၎င်းတို့အား သတင်းပေးနိုင်မည့် လူများ နှင့် အစားထိုး ခဲ့သည်။

 

မကြာခဏ ဆိုသလိုပင် ဒလန်ဟု ခေါ်ကြသည့် သတင်းပေးများ နှင့် လျို့ဝှက်စွာ ဆန့်ကျင် လှုပ်ရှားနေကြသည့် အဖွဲ့များ အကြား ထိတ်တိုက် ရင်ဆိုင်မှု များ ဖြစ်ပွားလာတတ်ပြီး စစ်ပွဲကြီး အတွင်း စစ်ပွဲငယ်လေးများ အဖြစ် ကူးပြောင်းလာခဲ့သည်။

 

တော်လှန်ရေး အင်အားစုများသည် အိုင်ယာလန် ပျောက်ကြား ခေါင်းဆောင် မိုက်ကယ် ကောလင်း၏ စကားဖြစ်သော "စစ်ပွဲအတွင်း စပိုင် နှင့် သတင်းပေးများကို ရှာဖွေ ဖေါ်ထုတ် ချေမှုန်းခြင်းသည် ရာဇဝတ်မှု မဟုတ်" ဆိုသည် ကို လက်ခံ ကျင့်သုံးလာကြဟန် ရှိသည်။ ‌ယောက်ျား၊ မိန်းမ၊ ကြီးသည် ငယ်သည်၊ ဝန်ထမ်း အရပ်သား ခွဲမနေ‌ တော့ဘဲ နမူနာ အဖြစ် ရှင်းပစ်ခဲ့ကြသည်။ NUG သည် အချို့သော လုပ်ရပ်များကို ကျင့်ဝတ် နှင့် မညီဟု ဆိုကာပြစ်တင် ရှုတ်ချခဲ့သော်လည်း ရပ်ဆိုင်းသွားခဲ့ခြင်း မရှိပေ။ စစ်တပ်၊ ပြည်သူ့စစ် ဆိုသူများကလည်း လက်တုန့်ပြန်သည့် အနေဖြင့် အတိုက်အခံများဟု သံသယ ရှိသူများကို သတ်ဖြတ်ပစ်ခဲ့ကြသည်။

 

အာဏာသိမ်း အဖွဲ့သည် ထောက်လှမ်းစောင့်ကြည့်ရန် သက်သက်သာ လူအင်အား အရင်းအမြစ်ကိုရွေးချယ် အသုံးချခဲ့ကြသည်မဟုတ်၊ ပို၍ အန္တရာယ်များသော လျို့ဝှက်လုပ်ငန်းများ အတွက်ပါ တာဝန်ပေးလာခဲ့သည်။ လက်ရှိ အနေအထားတွင် အတိအကျ ပြောဖို့ ခက်ခဲနေသော်လည်း ထိုသို့ ခိုင်းစေခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုအထဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား စိမ့်ဝင်ထိုး‌ဖေါက်နိုင်ရန် သူလျို အဖြစ် ၎င်း၊ ထွက်ပြေး ခိုလှုံလာသူ များ အဖြစ် ၎င်း စေလွှတ်ခဲ့ကြသည်။ ထွက်ပြေး ခိုလှုံလာသူ အများစုသည် အစစ်အမှန်များ ဖြစ်ကြပြီး ၎င်းတို့၏ အတွေ့အကြုံများအား ပြောပြခြင်း၊ ကျွမ်းကျင်မှု များကို မျှဝေခြင်းများကို လိုလိုလားလားပင် ပြုလုပ်ခဲ့ကြသည်။

 

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ထိုသို့သော လုပ်ရပ်မျိုးကို ကာလကြာမြင့်စွာ ကတည်းက ခံလာခဲ့ကြရ၍ စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။

 

ဥပမာအားဖြင့် ၁၉၆၈ တွင် စစ်ထောက်လှမ်းရေး အဖွဲ့ဝင် တဦးသည် တပ်ပြေး အဖြစ် အယောင်ဆောင်ကာ ထင်ရှား‌ သော တိုင်းရင်းသား ပျောက်ကြား ခေါင်းဆောင်တဦးအား လုပ်ကြံ သတ်ဖြတ်ခဲ့ဖူးသည်။ ၁၉၉၂ တွင် ကျောင်းသား အဖွဲ့သည် ၎င်းတို့ထဲ စပိုင်များ ရှိနေပြီ ဆိုသော သံသယများကြောင့် ကြေကွဲဖွယ် ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ ၂၀၂၃ ‌ဧပြီလ တွင် စစ်တပ် အရာရှိ ဟောင်းတဦး ဦးဆောင်သည့် PDF အုပ်စုတစုအား NUG နှင့် ကချင် လွတ်မြောက်ရေး တပ်မှ သူလျိုဟု သံသယ ရှိမှု ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြသည်။