အစ္စရေး တပ် များ ဂါဇာ မြို့ထဲ ဝင်ပြီ

by Hla Soewai - Nov 10 2023

အစ္စရေး ၏ မြေပြင် ထိုးစစ်ကြီး စတင်ပြီး ဆယ်ရက် အကြာတွင် လွန်စွာ အန္တရာယ်များလှသည့် အဆင့်သစ် ဖြစ်သော ဂါဇာမြို့တော်၏ မြို့လယ်ခေါင်သို့ ချည်းကပ်လာနေပြီ ဖြစ်သည်။ အစ္စရေး တပ်များသည် ဟားမားစ် ၏ မြေအောက် ဌာနချုပ် ရှိရာဟု ယုံကြည်ရသည့် နေရာများကို အပူတပြင်း ရှာဖွေလျက် ရှိနေသည်။ မြို၏ တောင်ဖက် နှင့် မြောက်ဖက် ထွက်ပေါက်များအားလည်း သံချပ်ကာ ယာဉ်များ နှင့် ပိတ်ဆို့ထားသည်။ 

 

အစ္စရေးသည် ၂၀၀၉ နှင့် ၂၀၁၄ စစ်ဆင်ရေးများကဲ့သိူ့ မြေအောက်လှိုဏ်ခေါင်းများ နှင့် ဒုံးပစ်လောင်ချာ များကို ဖျက်ဆီးပစ်ယုံ မဟုတ်တော့ပဲ ယခုအကြိမ်တ္ငင်တော့ ဟားမားစ် ခေါင်းဆောင်ပိုင်းကို ‌အပြီးအပိုင် ချေမှုန်း နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ထောက်လှမ်းရေး သတင်းများအရ ဟားမားစ် ‌ဌာနချုပ်သည် အယ် ရှီဖာ ဆေးရုံကြီး၏ မြေအောက်တွင် ရှိနေသည်ဟု ယုံကြည်ထားသည်၊ အခြား ဆေးရုံများကိုလည်း အလားတူ အကာအကွယ် ယူထားနိုင်သည်ဟု လည်း ယူဆထားသည်။ သို့သော် ထိုနေရာများသို့ ရောက်နိုင်ရန် ပထမဦးစွာ ဟာမားစ် တို့၏ ခံစစ်စည်းများကို အရင်ဆုံး ထိုးဖောက်တိုက်ခိုက်ရမည် ဖြစ်သည်။

 

သို့သော် အစ္စရေး တို့ အတွက် အချိန်များများစားစား မကျန်တော့၊ လက်ရှိတွင် ပါလက်စတိုင်း ၁၀,၀၀၀ ကျော် သေဆုံးနေပြီဟု ယူဆထားကြပြီ ဖြစ်၍ ၎င်းတို့၏ စစ်ဆင်ရေးအား လုပ်သင့်လုပ်ထိုက်သည်ဟု အသိအမှတ် ပြုထားမှု window of legitimacy သည် ပိတ်လုဆဲဆဲ ဖြစ်လာနေသော ကြောင့်ပင် ဖြစ်သည်။

 

အစ္စရေး အား ထောက်ခံနေဆဲ ဖြစ်သော အမေရိကန်ပင် "လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရေး အတွက် ခေတ္တ ရပ်နား‌ပေး ရန်" ပင် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်မှ နိုဝင်ဘာ ၄ ရက်နေ့က တောင်းဆိုလာခဲ့သည်။

 

နိုဝင်ဘာ ၆ ရက်တွင် ကုလ လက်အောက်ခံ အဖွဲ့အစည်း အသီးသီး၏ အကြီးအကဲများ စုစည်း၍ အပစ်အခတ် ရပ်စဲရန် တညီတညွတ် တည်း တောင်းဆိုလာခဲ့ကြသည်။

 

ဟာမားစ် ခေါင်းဆောင်ပိုင်းသည် မြေအောက်လှိုဏ် ခေါင်းများမှ သော်၎င်း၊ ရုပ်ဖျက်ကာ အရပ်သားများ နှင့် ရော၍ သော်၎င်း ထွက်ပြေး လွတ်မြောက်သွား နိုင်သော်လည်း ၎င်းတို့ မရှိလျှင် အဆင့်ဆင့် အမိန့်ပေး ကွပ်ကဲ နိုင်မှု ကျိုးပျက်သွားပြီ ဖြစ်၍ အားပျော့သွား လိမ့်မည်ဟု အစ္စရေး ဗိုလ်ချုပ်ကြီးများက ယုံကြည်လျက် ရှိသည်။ သို့သော် အရပ်သားများ အသေ အပျောက် နည်းနိုင်သမျှ နည်းရန် အလုံးအရင်း နှင့် မတိုက်ခိုက်ပဲ တပ်စု ငယ်များ ဖွဲ့၍ တိုက်ခိုက် နိုင်ရန်လည်း စဉ်းစားနေသည်ဟု ဆိုသည်။

 

နိုဝင်ဘာ ၄ ရက်နေ့တွင် အစ္စရေး တပ်များ နှင့် အတူ လိုက်ပါသွားသည့် အီကော်နောမစ် သတင်းထောက် အဆိုအရ နာရီပေါင်းများစွာ ကြာသည်အထိ အရပ်သားများကို မတွေ့ခဲ့ရဟု သိရသည်။ မြို့နေ လူထု၏ လေးပုံသုံးပုံခန့်သည် အစ္စရေး၏ သတိပေးချက်ကို လိုက်နာပြီး ထွက်ခွာသွားကြပြီ ဖြစ်သည်ဟု သိရသည်။

 

မြေပြင်ထိုးစစ် စတင်ပြီး ရှစ်ရက်အတွင်း အစ္စရေးစစ်သား ၃၀ ကျဆုံးခဲ့ပြီး ထိုအထဲမှ သုံးပုံတပုံသည် ၎င်းတို့ လိုက်ပါလာ‌ သော သံချပ်ကာ ကားသည် တင့်ကားဖျက် ဒုံးကျည် နှစ်စီး ထိမှန်သွားခဲ့သောကြောင့် ဖြစ်သည်။ ယခုအချိန်အထိ အကျအဆုံးသည် မပြောပ လောက်သေးသော်လည်း လမ်းပေါ် ဆင်း၍ တိုက်ရမည့် အချိန်တွင် များပြားလာဖွယ် ရှိနေသည်။

 

ယခင် ဂါဇာ စစ်ပွဲများ တွင် ပါဝင်ခဲ့ဖူးသော အစ္စရေး တပ်မှုးများပင် မြေပြင် အနေအထားကို မမှတ်မိနိုင် ဖြစ်နေသည်ဟု ဆိုသည်။ ဒရုန်းများမှ အချိန်နှင့် တပြေးညီ ပေးပို့နေသော ဓါတ်ပုံများဖြင့် ရန်သူ ခြုံခို တိုက်ခိုက်နိုင်မည့် အနေအထားကို ရှာဖွေနေရသည်။

 

ဂါဇာ ကမ်းမြှောင် ဒေသတခုလုံးရှိ အဆောက်အဦးများ၏ ၁၁ ရာနှုန်း ပြိုလဲသွားပြီ ဟု လေ့လာစောင့်ကြည့်နေသည့် အီကော်နောမစ်၏ Tracker ဆော့ဖ်ဝဲယား က ဖေါ်ပြနေသည်။ မပြိုလဲ‌သေးသော်လည်း အများအပြားသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

 

နှစ်ဖက်စလုံးသည် ထိုကဲ့သို့သော စစ်ပွဲအတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ကြပြီး ဖြစ်သည်။ ဟာမားစ် တပ်များသည် မြေအောက်လှိုဏ် ခေါင်းများ မှ တဆင့် တနေရာ မှ တနေရာသို့ ရွှေ့ပြောင်းကာ ကျင်းထဲမှ စက္ကန့်ဝက်ခန့် ခေါင်းပြူပြီး တင့်ကားပစ် ဒုံးကျည်များ၊ မော်တာ များ နှစ် ပစ်နိုင်‌ အောင် ပြင်ဆင်ထားကြပြီး ဖြစ်သည်။ အစ္စရေး ဖက်မှလည်း ရန်သူ ဒုံးလက်နက်များအား ကာကွယ်နိုင်ရန် တင့်ကား အမြှောက်တင် ဆုံလည် ပေါ်တွင် သံ လှောင် အိမ် ပုံစံမျိုး ဂဟေဆော် တပ်ဆင်လာကြသည်။ အစ္စရေး တို့သည် ဘန်ကာဖျက် ဗုံးများ အသုံးပြုလာကြ၍ ပေါက်ကွဲသံကြီးများကို ကီလိုမီတာ ၈၀ အကွာအဝေး ရှိ မြိုတော် တယ်လဗီး နှင့် ဂျေရုဆလင် မှ အတိုင်းသား ကြားနေရသည်ဟု ဆိုသည်။

 

ယင်းသည် အစ္စရေး တပ်သားများ တင့်ကားများထဲမှ ထွက်မလာမီ နောက်ဆုံးအကြိမ် လှိုဏ် ခေါင်းများကို ရှင်းလင်းနေခြင်းလည်း ဖြစ်သည်။

 

(၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Israeli soldiers fight to reach Hamas’s headquarters" ဆောင်းပါးအား ကောက်နှုတ် တင်ပြသည်။)