ကာလုံ (သို့မဟုတ်) ကာချုပ် လုံခြုံရေး အစည်းအဝေး ခေါ်ပြန်

by Hla Soewai - Nov 10 2023

မင်းအောင်လှိုင်သည် ဖြစ်လာသော အခြေအနေများ အပေါ် ဟန်မဆောင် နိုင်တော့ပဲ တခုခု လုပ်မည့် ဟန်ရေးပြသည့် အနေဖြင့် ကာလုံ အစည်းအဝေး ကို ခေါ်ယူလိုက်လေသည်။

 

သူ့အနေအထားသည် တော်လှန်ရေး မဟာမိတ် အဖွဲ့များ နေပြည်တော်သို့ ရောက်လာမည့် အချိန်ထိပင် ခံတော့မည် မဟုတ်ပေ။

 

ထိုအစည်းအဝေးတွင် ၎င်း၏ ရုပ်သေး ယာယီ သမ္မတ ဖြစ်သူ မြင့်ဆွေမှ တိုင်းပြည် ပြိုကွဲတော့မည် ဖြစ်၍ တပ်မတော်ကို ပြည်သူတရပ်လုံးက ထောက်ခံကြပါရန် ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

 

သို့သော် တိုင်းပြည် သည် မင်းအောင်လှိုင်၊ တပ်မတော်သည် မင်းအောင်လှိုင်၏ သေဆိုသေ၊ ရှင်ဆိုရှင် ဖြစ်နေသည်ကို အားလုံး သိထားကြပြီး ဖြစ်၍ ထောက်ခံလာဖို့ ဆိုသည်က ရေထဲ အရုပ်ဆွဲ သည် ကမှ ဖြစ်နိုင်ပေဦးမည်။

 

ပြည်သူများသည် ၎င်းတို့၏ ကြီးပွားရာ ကြီးပွားကြောင်း၊ သားသမီးများ၏ ပညာရေး အပါအဝင် တိုးတက်ရာ တိုးတက်ကြောင်း ဖေါ်ဆောင်ရမည့် အခွင့်အလန်းများသည် လူတဦးတယောက်၏ မိုက်ရူးရဲ ဆန်စွာ လက်နက် အားကိုး ဖြင့် အာဏာသိမ်းခဲ့မှု ကြောင့် အားလုံး ဆုံးရှုံးသွားခဲ့ရပြီး ဒုက္ခပင်လယ် ဝေခဲ့ကြရပြီ ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ကို အဘယ်သို့များ ထောက်ခံကြပေဦးမည်နည်း။

 

ထိုသို့ ဆုံးရှုံးနစ်နာ သွားခဲ့ရသည့် ပြည်သူများ ဆိုသည် တွင် ၎င်းတို့အား ထောက်ခံနေကြသူများလည်း ပါဝင်နေပေသည်။ သို့သော် ယခုအခါ တွင် မျှော်လင့်ချက် ရောင်နီများ သန်းလာနေပြီ ဖြစ်သည်။

 

မဟာမိတ် ပြည်သူ့တော်လှန်ရေး အဖွဲ့များသည် ယခုအခါ စစ်စခန်းပေါင်း တရာကျော် နှင့် မြို့ ခုနှစ်မြို့ အား အနည်းဆုံး သိမ်းယူ ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းသည် ဒိုမီနို အချပ်များလို အချိန်မရွေး တဆင့်ပြီး တဆင့် အလျှင်အမြန် ပြိုလဲသွားနိုင်သည့် အနေအထား သို့ ဦးတည်လာနေပြီ ဖြစ်သည်။

 

အသိမ်းခံထားရသော မြို့များ အသာထားဘိဦး စစ်စခန်း တခုတလေမျှ ကိုပင် ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိသေးပေ။

 

ယခုလာမည့် တစ်လေးလုံး နေ့ဖြစ်သော နိုဝင်ဘာ ၁၁ ရက်နေ့တွင် တော်လှန်ရေးကြီး အောင်မြင်ရေး အတွက် အောင်သပြေ ပန်းများ ဘုရားကပ်လှုခြင်း၊ ပန်ဆင်ခြင်များ ပြုလုပ်ရန်လည်း ပြင်ဆင်ထားကြပြီ ဖြစ်သည်။

 

မြန်မာ စစ်တပ်သည် နှစ်ပေါင်းများစွာ အက်ကြောင်း တစုံတရာ မရှိ ပဲ အခိုင်အမာ ရပ်တည် လာသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်၍ အချိန်တန်လျှင် လက်နက်အင်အား မပြည့်စုံ အစရှိသည့် အကြောင်း အမျိုးမျိုး ဖြင့် ပြိုကွဲကာ ၎င်းတို့သာ အောင်ပွဲခံလာလိမ့်မည်၊ တော်လှန်‌ရေး အဖွဲ့များနှင့် ဆက်ဆံမိက နောက်ပိုင်းတွင် အာဏာသိမ်း အဖွဲ့နှင့် အခင်မင်ပျက်ကာ အကျိုးစီးပွား ထိခိုက်လာမည် ဟူသော ပြည်ပ မှ အစိုးရ များ နှင့် လေ့လာသူ များ အခိုင်အမာ ယူဆထားခဲ့မှုသည် ပြိုလဲ လိုက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ ယူဆထားကြသူများ သည် ပြည်သူများ၏ ထောက်ခံမှု ရရှိနေ၍ ဆိုသည်ကို ထည့်သွင်း စဉ်းစားခဲ့ကြခြင်း မရှိ၊ အင်အားသည်သာ အဓိက အရာရာ ကို ဖြေရှင်း နိုင်လိမ့်မည် ဟု လှေနံဓါးထစ် ယူဆထားကြသူများသာ ဖြစ်သည်။ ယခင် တပ်မတော် ဆိုသည်က ပြည်သူတို့၏ တခဲနက် ထောက်ခံမှု ကို ရခဲ့၍သာ တရုတ်ဖြူများ၊ ဗကပ များကို တွန်းလှန် တိုက်ထုတ် နိုင်ခဲ့ကြသည်။ ယခု အခါ လူထု၏ ထောက်ခံမှု သည် သုံည အောက်ပင် ရောက်ရှိနေပြီ ဖြစ်သည်၊ ၎င်းတို့ အား ထောက်ခံနေသူများသည် မိမိတို့ အခွင့် အရေး များ၊ လက်ရှိ အနေအထားကို မပျက်လိုသူများသာ ဖြစ်သည်။

 

အခြေအနေ ကို သဘောပေါက်လာသော မင်းအောင်လှိုင်သည် ယခုအခါ သွေးရူးသွေးတန်း ဖြစ်လာနေပြီး လူတိုင်းအား ရှေ့တန်း သို့မဟုတ် မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံ နိုင်ရန် အရံတပ်များ ဖွဲ့စည်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ် နှစ် ခွဲကျော် ကာလ အတွင်း ပြည်သူတို့၏ ခုခံ တွန်းလှန်စစ်ကြောင့် စစ်အင်အား သည် တတိတိ နှင့် ပြုန်းတီး လိုက်လာနေပြီး ကျန်ရှိနေသေးသော အင်အားသည်လည်း စိတ်ဓါတ် များ ကျဆင်းလာကြပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် နာမည်ကောင်း ရလိုရငြား ထိပ်ပိုင်း ခေါင်းဆောင်များ အကြား အကျင့်ပျက် ခြစားမှုများကို ဖေါ်ထုတ်ခြင်း၊ ကုန်‌ဈေးနှုန်း ကျဆင်းရေး ဆိုကာ ကုန်သည်ကြီးများကို ဖမ်းဆီးခြင်း လုပ်ပြလာသော်လည်း ခုတ်ရာတခြား ရှရာတခြား ဖြစ်ကာ ပို၍ပင် စိတ်ဓါတ်များ ကျဆင်းလာကြသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် လက်ရှိ ထိုးစစ်ကြီးကို တရုတ်ကြီးမှ ဟန့်တား နိုင်ပါလျက် မသိကျိုးကျွံ ပြုနေမှုကို ဒေါကန်လာပြီး လိုင်ဇာ ဌာနချုပ် ကို မတိုက်စဖူး တိုက်ကာ အမြှောက်ကျည်များ တမင် တရုတ်နယ်ထဲ ကျအောင် လုပ်ကာ စိတ်ပြောင်းလေမလားဟု သွေးတိုးစမ်းလာခဲ့သည်။

 

အမေရိကန် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ဝက်ဆိုက်တွင် မစ္စက် ပရစ်စီလာ ကလက် နှင့် ဂျေဆန် တာဝါ တို့ က ရေးသားထားသည့် ဆောင်းပါးတွင် ဘီဂျင်းမှ မေလ ကတည်းက ၎င်းတို့ အနေဖြင့် အွန်လိုင်း လိမ်လည်မှုများ၊ တရားမဝင် လောင်းကစား သမားများ မြန်မာနိုင်ငံတွင်း ခိုလှုံနေသည်ကို မည်သို့မျှ လက်မခံနိုင်ကြောင်း ရှင်းလင်းစွာ အသိပေး ပြောဆိုထားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ စစ်အာဏာသိမ်း အဖွဲ့မှ ပေယာလကံ ပြုထားသည့် အပြင် ထိုအကြောင်း ရုပ်ရှင် ရိုက်ကူး ထုတ်လွှင့် ခဲ့သည်ကိုပင် ဒေါသတကြီး ကန့်ကွက် ပြောဆိုခဲ့ကြပြန်သည်။

 

ထိုသို့ နယ်စပ်တွင် ဥပဒေမဲ့ သောင်းကျန်းနေမှု ကို မိမိတို့ ထိတ်လန့် တုန်လှုပ်မိပြီး ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ မှ ထုတ်ပြန်လာသည့် ကျေညာချက်ကို တရုတ်ဖက်မှ သတိမပြုမိပဲ နေမည် မဟုတ်ပေ။

 

တရုတ်သည် စက်တင်ဘာလ တွင် တဖက်သတ် လှုပ်ရှားလာခဲ့ပြီး ဝ နှင့် မိုင်းလား ဒေသ များရှိ ထိတ်ပိုင်း ပုဂ္ဂိုလ်များကို ဖမ်းဝရမ်း ထုတ်လာခဲ့သည်၊ ဝ များလည်း မနေနိုင်တော့ပဲ နေရာ ၄၀ ခန့်အား တပြိုင်တည်း ဝင်ရောက် ဖမ်းဆီးပြီး လူ ၄,၀၀၀ ခန့်အား တရုတ်သို့ လွှဲပြောင်းပေးခဲ့ရသည်။ ထို့နောက် တရုတ်သည် နယ်ခြား ဖြတ်ကျော် မာရသွန် ပြေးပွဲ နှင့် ပွဲတော်ကို အကြောင်းပြု၍ ကိုးကန့် သူဌေး များကို ဖျားယောင်း ဖိတ်ခေါ်၍ လူ ၁၁ ဦး အား ဖမ်းဆီးခဲ့သည်၊ ထိုအထဲတွင် မင်းအောင်လှိုင် မိသားစု နှင့် ပတ်သက်‌နေသော Fullylight ကုမ္ပဏီမှ စီအီးအို Liu Zhengqui လည်း ပါဝင်နေသည်။

 

မင်းအောင်လှိုင်သည် ထိုသို့ အနေအထားကို ရိပ်စားမိခြင်း မရှိသော်လည်း မြောက်ပိုင်း မဟာမိတ် ညီနောင်များ အဖွဲ့ မှ အချိန်ကျပြီ ဆိုကာ စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

 

ယခုအခါ နိုင်ငံတကာ မှ သိမ်းပိုက် ရရှိသော မြို့များ တွင် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်ရေး အတွက် တော်လှန်ရေး အင်အားစုများ အထူးသဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရမှ မည်သို့မည်ပုံ စီမံ ခန့်ခွဲ သွားနိုင်မည်ဆိုသည်ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်၊ မြို့ကို သိမ်းခြင်း သည် လွယ်ကူနိုင်သော်လည်း တည်ငြိမ်အောင် ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲ နေမည်ဟု ထင်မြင် ယူဆလျှက် ရှိသည်။

 

ပရစ်စီလာ ကလက် နှင့် ဂျေဆန်တာဝါ တို့က အမေရိကန် အစိုးရ အနေဖြင့် လက်ရှိ ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး၊ အရပ်သား အစိုးရ ဖွဲ့စည်း နိုင်ရေး တို့ အတွက် တိုး၍ အကူအညီ ပေးသင့်သည်ဟု လည်း တိုက်တွန်းထားပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ ကာတွန်း - ဧရာဝတီ