အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(7)

by Hla Soewai - Nov 02 2023

Human Intelligence

 

မြန်မာ လုံခြုံရေး တပ်ဖွဲ့များက အတိုကောက်အားဖြင့် HUMINT ဟု ခေါ်သည့် လူအင်အား အသုံးချ ထောက်လှမ်းရေး ကို အလွန်တရာ မှ မှီခို အားပြု လာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဥပမာ ဆိုရက ၁၉၆၂-၁၉၈၈ ဆိုရှယ်လစ် ခေတ် စစ်အစိုးရတွင် ထောင်သောင်း ချီသော အေးဂျင့်များ အပြင် ငွေပေးစရာ မလိုသော သတင်းပေးများစွာ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

 

၁၉၇၄ ဦးသန့် အရေးအခင်း ကာလ ဝန်းကျင် လောက်တွင် တက္ကသိုလ် နှင့် ကောလိပ်များ တွင် ကျောင်းသား အဖွဲ့အစည်းများ၏ နှစ်ဆယ် ရာနှုန်းခန့်သည် စစ်ထောက်လှမ်းရေး အဖွဲ့ဝင် များ ဖြစ်နေသည်ဟု ဆိုသည်။ ဆရာများသည် ကျောင်းဝင်း အတွင်း မလိုလားအပ်သော လှုပ်ရှားမှုများ တွေ့က အာဏာပိုင် များထံ သတင်းပို့ရန် တာဝန် ရှိနေပြန်သည်။ ပျက်ကွက်ပါက အလုပ်ဖြုတ်ပစ်သည် အထိ အရေးယူခံကြရသည်။

 

နိုင်ငံခြားသား အိမ်များတွင် အလုပ်လုပ်နေကြသည့် အိမ်ဝန်ထမ်းများ၊ သံရုံးများ တွင် လုပ်ကိုင်‌ နေသည့် နိုင်ငံသားများ အားလည်း အခကြေးငွေပေး၍သော်၎င်း၊ အခြားနည်းလမ်း ပေါင်းစုံ သုံး၍သော်၎င်း အလုပ်ရှင်များ နှင့် သံဝန်ထမ်းများ၏ လှုပ်ရှားမှုများ အကြောင်း သတင်းပို့ရန် အတင်းအကျပ် ခိုင်းစေခံကြရသည်။

 

ထိုသို့ နိုင်ငံသား အားလုံး ကို လူမ‌ရွေး နေရာမရွေး ‌စောင့်ကြည့် ထောက်လှမ်းနေခြင်းကြောင့် ရရှိလာသော သတင်းများ သည် အဆမတန် ဖြစ်လာနေ၍ ယင်း အပေါ် နက်နက်ရှိုင်းရှိုင်း စီစစ် သုံးသပ် နိုင်ရေး တွင် အားပျော့သွားခဲ့ရသည်။ သို့သော်လည်း ထိုခေတ်က မိုဘိုင်းဖုန်းများ မရှိ၊ ကားစီးနိုင်သူ အရည်အတွက်ကလည်း နည်းပါးနေပြန်၍ ထိရောက်မှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

 

၁၉၈၈ လူထု အုံကြွမှု ကြီး အပြီးတွင် အာဏာရလာသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး စစ်ကောင်စီသည် အရင်ကဲ့သို့ HUMINT ကိုပင် အဓိကထား သုံးခဲ့ကြပြန်သည်။

 

အဓိက ပစ်မှတ် အဖြစ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုအချိန်က ပေါ်ထွက်လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်သည်။ ၂၀၀၅ တွင် တည်ထောင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကဲ့သို့ စစ်အစိုးရ အား ဆန့်ကျင်သည့် နိုင်ငံရေး အဖွဲ့အစည်းများကိုလည်း စောင့်ကြည့် ထောက်လှမ်းခဲ့ကြသည်။ ထိုအဖွံ့အစည်းများသည် ထောက်လှမ်းရေးများ၏ နည်းအမျိုးမျိုး ဖြင့် စိမ့်ဝင် လှုပ်ရှားခြင်းမျိုး ခံခဲ့ကြရမည်သာ ဖြစ်သည်။

 

မြန်မာသို့ ရောက်လာသော နိုင်ငံခြား ဧည့်သည်များအားလည်း နောက်‌ယောင်ခံပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားခဲ့သည်။ အထူးသဖြင့် သတင်းစာဆရာများ၊ တတ်သိပညာရှင်များ ဟု သံသယ ဖြစ်ခံထားရသူများ ကို ပစ်မှတ် ထားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အစိုးရ အား ဝေဖန်နေသူများ နှင့် ဆက်သွယ်ခြင်း ရှိမရှိကို အဓိက ထား စောင့်ကြည့်ခဲ့ကြသည်။

 

ထောက်လှမ်းရေးများသည် လ္ဘက်ရည်ဆိုင်များ၊ နိုင်ငံရေး ပါတီရုံးများ နှင့် အထင်ကရ ပုဂ္ဂိုလ်များ၏ အိမ်နား တဝိုက်တွင် အမြဲလို ရစ်သီ ရစ်သီ လုပ်နေခဲ့ကြသည်။ "လုပ်ငန်း သည် ကြီးမား ကျယ်ပြန့်လွန်းနေ၍ မြင်ရသည် ဆိုသော်လည်း တကြိမ်လျှင် ရိုးတိုးရိပ်တိတ်မျှ သာ ဖြစ်သည်" ဟု ရုယတ် ကစ်ပလင်သည် သူ၏ ဂန္တဝင်မြောက် သူလျို စာအုပ် ဖြစ်သည့် "Kim" တွင် ရေးသားခဲ့သည်။

 

သို့သော်လည်း လေ့လာသူများ အဖို့ က အချိန်ကြာလာသည်နှင့် အမျှ စစ်ထောက်လှမ်းရေးများ၏ အစိုးရအား ဆန့်ကျင်နေသူများ၊ သူပုန်များ၊ သံတမန်များ၊ မြန်မာ အရေး လှုပ်ရှားနေသည့် နိုင်ငံခြားသားများ၊ သတင်းစာ ဆရာများ အပြင် ၎င်းတို့နှင့် ကြားမှ ဆက်သွယ် ပေးနေကြသူများ အားလုံး ကို နည်းလမ်း အသွယ်သွယ် ဖြင့် စောင့်ကြည့် သတင်းယူနိုင်ရန် အပတ်တကုတ် ကြိုးပမ်းခဲ့မှုများကို တစေ့တစောင်း လေ့လာခွင့် ရခဲ့ကြသည်။

 

၂၀၁၅ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား တပိုင်း အစိုးရ လက်ထက်တွင် ထောက်လှမ်းရေး ပိုင်းတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမျိုး ကျဆင်းလာသည်၊ ဒလျိုများ နှင့် သတင်းပေးများ၏ အရည်အတွက်လည်း လျော့နည်းသွားခဲ့သည်။ လူများသည်လည်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ဖမ်းဆီးခံရမည် ကို စိုးရိမ်စရာ မလိုပဲ ပြောနိုင်ဆိုနိုင်ခွင့် ရှိလာခဲ့ပြီဟု နစ် ဒေးဗီစ် က ကောက်ချက် ချခဲ့သည်။

 

သို့သော်ငြားလည်း ထိုကဲ့သို့သော အန္ဆရာယ်သည် လုံးဝ ကွယ်ပျောက်သွားခြင်းမျိုးတော့ မဟုတ်ပေ။ ယခင်ကလို လူအားသုံး ထောက်လှမ်းရေး HUMINT သည် သိသိသာသာ မဟုတ်တော့သော်လည်း ဆက် ရှိနေဆဲပင် ဖြစ်သည်။

 

နိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများမှ ထိုစဉ်က ကုလ လူ့အခွင့်အရေး တာဝန်ခံ မစ္စက် ယန်ဟီလီးအား ၎င်းတို့၏ တယ်လီဖုန်း များ အား ကြားဖြတ် နားထောင်ခြင်း၊ လှုပ်ရှား သွားလာမှုများကို စောင့်ကြည့် ခံရခြင်း မျိုး ရှိနေသည်ဟု တိုင်ကြားခဲ့ကြသည်။

 

ဖြစ်စဉ် တခုတွင် နောက်မှ ဆိုင်ကယ်နှင့် ကပ်လိုက်လာပြီး ထိုသူများကို သွားလေရာ လူကြားထဲ မှတ်မိသည် အထိ ဖြစ်လာသည်ဟု ဆိုသည်။ ဤသည်ကို ကြည့်က ထောက်လှမ်းရေး သည် ပျင်းရိငြည်းငွေ့လာနေ၍ နိုင်ငံရေး အရ မရေရာ မသေချာ မှုများ ကြားတွင်လုပ်စရာ တခုခု ဖန်တီးလာခြင်း မျိုး ဖြစ်သည်ဟု အီမား လာကင်က သူမ၏ အမြင်ကို ပြောပြခဲ့သည်။

 

အမီတပ်ဖ် ဂို့ရှ်သည် ၂၀၀၁ တွင် ထုတ်ဝေသော "The Glass Palace" တွင် "မြန်မာပြည်တွင် စပိုင်များက နေရာတိုင်းတွင် အမြဲလို ရှိနေသည်" ဟု ရေးသားခဲ့သည်။