အစ္စရေး ထိုးစစ် စပြီ

by Hla Soewai - Nov 02 2023

အောက်တိုဘာ ၂၇ ရက်နေ့ည၊ ဂါဇာကမ်းမြှောင် ဒေသအား အမှောင်ထုက လွှမ်းခြုံလာချိန်တွင် ပါလက်စတိုင်းတို့၏ မိုဘိုင်းဖုန်း ဆက်သွယ်ရေးသည် ရုတ်ခြည်း ဆိုသလို ပြတ်တောက်သွားခဲ့သည်။ ယင်းနှင့်အတူ အစ္စရေး တို့၏ မြေပြင်ထိုးစစ်ကြီး စတင်လာပြီဟု ကောလဟသ များ ပျံ့နှံ့လာခဲ့သည်။

 

အစ္စရေး စစ်ဖက်မှ မြေပြင် စစ်ဆင်ရေး အား ဆန့်ထုတ်လိုက်ပြီဟု တိုတိုတုတ်တုတ်ပင် သတင်းထုတ်ပြန်လာသည်။

 

နေထွက်လာသည့် အချိန်တွင်တော့ ညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းစွာ သိခွင့်ရခဲ့သည်။ အစ္စရေး တို့သည် အရှည်အားဖြင့် ၄၅ ကီလိုမီတာ ရှိသည့် ဂါဇာကမ်းမြှောင်သို့ နေရာ နှစ်နေရာ မှ ထိုးဖေါက် တိုက်ခိုက်ခဲ့ကြသည်။ ထိုနှစ်နေရာကား မြောက်ပိုင်းရှိ ဘိသ် ဟာနွန် မြို့နှင့် အလယ်ပိုင်းရှိ ကမ်းမြှောင်ဒေသ၏ အကျဉ်းဆုံး နေရာ ဖြစ်သော ဘူးရေး တို့ ဖြစ်သည်။

 

လေကြောင်းပစ်ကူ နှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက် ပေးနေသည့် အကာအကွယ် အောက်တွင် အစ္စရေး တင့်ကား များ၊ သံချပ်ကာ ကားများသည် ကြည်းတပ်နှင့် အင်ဂျင်နီယာ တပ်များကို သယ်ဆောင်ကာ ဝင်ရောက်လာခဲ့ကြသည်။

 

ပြီးခဲ့သည့် နှစ်ရက် ညပိုင်းတွင် တိုက်ခိုက်မှု စတင်ခဲ့သည် ဆိုသော်လည်း နာရီ အနည်းငယ်မျှ ဝင်ရောက် မွှေနှောက်တိုက်ခိုက်ပြီး အစ္စရေး နယ်မြေ ထဲသို့ ပြန်လည် ဆုတ်ခွာ သွားခြင်းမျိုးသာ ဖြစ်သည်။

 

ယခုအခါတွင်တော့ ဂါဇာ အတွင်း ခြေကုပ်ယူနိုင်ရန် ရည်ရွယ်လာခြင်း ဖြစ်သည်။ ယခု အချိန်အထိ အစ္စရေး တို့ဖက်မှ ၎င်းတို့ပြောထားသလို တပ်မ ကြီးများ ထုတ်သုံးလာခြင်း မရှိသေးသည်ကို တွေ့ရသည်။ အစ္စရေး သည် ဟားမားစ်၏ စစ်ဖက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ အထူးသဖြင့် မြေအောက် ဥမှင် လှိုဏ်ခေါင်းများကို ဖျက်ဆီးပြီး ၎င်းတို့အား ဂါဇာဒေသမှ အပြီးအပိုင် မောင်းထုတ်ရန် ဖြစ်သည်ဟု အစ္စရေးစစ်ဖက် အရာရှိကြီးများက ထုတ်ဖေါ်ပြောဆိုထားခဲ့ပြီးလည်း ဖြစ်သည်။

 

သို့သော် လက်ရှိ ကျင့်သုံးလာသော နည်းဗျုဟာသည် ထိုအနေအထား အထိ ရည်ရွယ်ရာ မရောက်ပဲ တဖြေးဖြေး နှင့် ဝိုင်းပတ် ပိတ်ဆို့နိုင်ရန် အတွက်သာ ဖြစ်နေသည်။ အစ္စရေး အထက်တန်း စစ်ဖက် အရာရှိတဦး ၏ အဆိုအရ လက်ရှိ ထိုးစစ်သည် လပေါင်းများစွာ၊ သို့မဟုတ် တနှစ်ခန့်အထိ ကြာမည်ဟု သိရသည်။

 

အစ္စရေး နိုင်ငံရေး သမား အချို့က မြို့တွင်း တိုက်ပွဲများ ဖြစ်လာမည်ဆိုက ဟားမားစ် တို့ ဆင်ထားသော အကွက်ထဲ ဝင်သွားမည်ကို စိုးရိမ်နေကြသည်။ ဟားမားစ်များက အစ္စရေး တို့အား အလစ်အငိုက် တိုက်ခိုက်ခြင်း၊ အဝေးမှနေ၍ မိုင်းခွဲတိုက်ခိုက်ခြင်းများ ဖြင့် တုန့်ပြန်လာနိုင်သည့် အတွက် ဖြစ်သည်။ အရပ်သားများ ထိခိုက်သေဆုံးမှု များပြားလာမည့် အပြင် ဂါဇာရှိ အခြေခံ အဆောက်အအုံများ ပျက်စီး ကုန်မည့် အရေးကြောင့် နိုင်ငံတကာမှ အပစ်အခတ် ရပ်စဲရန် ဖိအားပေးမှု များ မြင့်တက်လာနိုင်ပေသည်။ ဟားမားစ် တို့၏ ကျန်းမာရေး ဝန်ကြီးဌာန က လက်ရှိတွင် အစ္စရေး လက်ချက်ဖြင့် ပါလက်စတိုင်း ၇,၀၀၀ ခန့် သေဆုံးသွားပြီဟု ဆိုသည်။

 

ဟားမားစ်တို့သည် လှိုဏ်ခေါင်းများထဲတွင် စက်သုံးဆီများ၊ အစားအစာ နှင့် အခြား မရှိမဖြစ်လိုအပ်သော ပစ္စည်းများ စုဆောင်းထားပြီး ဖြစ်သည်။ သို့သော် ကြာရှည် ခံဖို့မရှိပဲ ဂျင်နရေတာများ အတွက် စက်သုံးဆီများ ပြတ်လတ်လာသည့် အခါလှိုဏ်ခေါင်းများထဲတွင် မှောင်အတိကျသွားပြီး လေမှုတ်သွင်း စက်များ ရပ်သွားတော့မည် ဖြစ်သည်။ ထိုအခါတွင်တော့ ဟားမားစ်တို့ မြေပေါ်သို့ ထွက်လာရပေတော့မည်၊ ၎င်းတို့အားလုံးက အစ္စရေး ထိုးစစ်သည် ဤမျှလောက် မြန်မြန်ဆန်ဆန် နှင့် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားပဲ အနည်းဆုံး သုံးပတ်မှ ခြောက်ပတ် အထိ ကြာဦးမည်ဟုလည်း တွက်ဆထားခဲ့ကြသည်။

 

အစ္စရေး တို့အား စိတ်ရှိလက်ရှိ မလုပ်နိုင်အောင် ဟန့်တားနေသည်ကား ဟားမာစ်းတို့ လက်ဝယ်ရှိ ဓါးစာခံ ၂၂၀ ပင် ဖြစ်သည်။ ဖမ်းဆီးခံ မိသားစုများက ၎င်းတို့၏ အသက်အန္တရာယ် မထိခိုက်ရေး ကို ဦးစားပေး ရန် အစ္စရေး အစိုးရ အား အပြင်းအထန် ဖိအားပေးနေကြသည်။ ထိုအထဲတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံသားများလည်း ပါဝင်နေ၍ သက်ဆိုင်ရာ အစိုးရ များ၏ ဖိအားပေးမှု နှင့်လည်း ရင်ဆိုင်နေရပြန်သည်။ ဓါးစာခံများထဲမှ လေးပုံတပုံ ခန့်သည် လယ်ယာ လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား များ ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဟားမားစ်ဖက်က ယခုအချိန်ထိ အမျိုးသမီး လေးဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။ ဒီထက်ပို၍ များများစားစား လွှတ်ပေးရန် ၎င်းတို့အား ငွေကြေး ပံ့ပိုးပေးနေသည့် ကာတာ မှ ကြားဝင် ညှိနှိုင်း နေဆဲဖြစ်သည်။

 

အစ္စရေး သည် တဖက်က စစ်ဆင်ရေး အပြင် တဖက်တွင်လည်း ဓါးစားခံ အရေး သဘောတူညီချက် ရရန် ချင့်ချင့်ချိန်ချိန် လုပ်နေရသည်။

 

အစ္စရေး စစ်တပ်သည် ဂါဇာ မြောက်ပိုင်းရှိ တသန်းခန့်ရှိသော ပါလက်စတိုင်းတို့အား တောင်ပိုင်းသို့ ထွက်ခွာရန် အောက်တိုဘာ ၁၃ ရက်ကတည်းက ပြောထားသော်လည်း သုံးပုံ တပုံ ခန့် ကျန်ရှိနေသေးသည်ဟု ယူဆထားသည်။ မိုဘိုင်း ဖုန်းများ ပြတ်တောက်သွား၍ အရေးပေါ်လူနာတင် ယာဉ်များ ခေါ်ယူနိုင်ခြင်း မရှိတော့၍ သုံးဘီးကားများ နှင့် ဆေးရုံသို့ သယ်လာကြသည်ဟု ဂါဇာရှိ မျက်မြင် သက်သေများက ပြောပြခဲ့ကြသည်။

 

အောက်တိုဘာ ၂၁ တွင် အစ္စရေး တို့၏ ခွင့်ပြုချက်ဖြင့် အီဂျစ်မှ တဆင့် ကယ်ဆယ်ရေး ပစ္စည်းများ အနည်းအကျဉ်း ရောက်ရှိလာသည်။ ပြီးခဲ့သည့် တပတ် အတွင်း အီဂျစ်မှ အစားအစာ၊ သောက်သုံးရေ နှင့် ဆေးဝါးများ သယ်ဆောင်လာသော လော်ရီ ၈၄ စီးသာ ဝင်ရောက်ခဲ့၍ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေသည်။ အစ္စရေးသည် စက်သုံးဆီများကို မူ ဆက်၍ ပိတ်ပင်ထားဆဲ ဖြစ်သည်။

 

ဟားမားစ်တို့၏ ဌာနချုပ်သည် ဂါဇာတွင် အကြီးဆုံး ‌ဆေးရုံ ဖြစ်သော ရှီဖာ၏ မြေအောက်တွင် ရှိနေသည်ဟု အစ္စရေး တို့က အခိုင်အမာ ပြောနေသော်လည်း ဟားမားစ်ဖက်က ငြင်းဆိုထားသည်။ ဆေးရုံသုံး ဂျင်နရေတာ များ အတွက် လောင်စာဆီများ ပြတ်တောက်နေသော်လည်း အစ္စရေးတို့က စစ်ရေး အရ ဆိုကာ ပိတ်ဆို့မြဲ ပိတ်ဆို့ထားဆဲပင် ဖြစ်သည်။ 

 

ဂါဇာ၏ တခုတည်းသော လျပ်စစ်ဓါတ်အားပေး စက်ရုံသည် အောက်တိုဘာ ၁၁ ရက်နေ့မှစ၍ လည်ပတ်နိုင်ခြင်း မရှိတော့၍ ဆေးရုံများသည် ဂျင်‌နရေဝာာ များကို အားပြု၍ လည်ပတ်နေကြရသည်။ မီးဖိုများ အတွက် လောင်စာဆီများ ရှိနေသော မုန့်ဖုတ်ဆိုင်များ ရှေ့တွင် ပေါင်မုန့် မဆိုသလောက် ရဖို့ နာရီပေါင်း များစွာ ကြာအောင် တန်းစီ စောင့်ဆိုင်းနေကြရသည့် လူတန်းရှည်ကြီးများကို တွေ့လာရသည်။

 

အစ္စရေး နိုင်ငံရေးသမားများကတော့ ဓါးစာခံများ အားလုံး ပြန်လွှတ်မပေးမချင်း လက်ပိုက်ကြည့်နေမည်ဟု တင်းခံနေကြသော်လည်း အစ္စရေး စစ်ဖက်ကမူ ထိုသို့ ကြာကြာ ကြည့်နေ၍ မဖြစ်တော့၊ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီဖို့ လိုအပ်လာတော့မည်ဟု ပြောဆိုနေကြသည်။

 

အောက်တိုဘာ ၂၇ တွင် ကုလ အထွေထွေ ညီလာခံမှ လူသားချင်းစာနာ ထောက်ထားသည့် အနေဖြင့် ချက်ခြင်း ဆိုသလို အပစ်အခတ် ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အား မဲခွဲ ချမှတ်ခဲ့ရာ ထောက်ခံမဲ ၁၂၀၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေ ၄၅ မဲဖြင့် အတည်ပြု နိုင်ခဲ့သည်။ အမေရိကန်သည် ကန့်ကွက်မဲ ပေးခဲ့သည်။ သို့သော် ကယ်ဆယ်ရေး ပစ္စည်းများ ဝင်ရောက်နိုင်ရန် နှင့် ဂါဇာရှိ နိုင်ငံခြားသားများ အီဂျစ်သို့ ထွက်နိုင်ရန် ယာယီအားဖြင့် အပစ်အခတ်များ မလုပ်ပဲ ရပ်ပေးရန်ကိုမူ အမေရိကန် နှင့် အီးယူ တို့မှ စကားစ လာကြပြီ ဖြစ်သည်။

 

အစ္စရေး တို့ ရပ်တန်းက မရပ်လျှင် အမေရိကန် ကို စစ်မျက်နှာ အသစ် ဖွင့်ရလိမ့်မည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး အောက်တိုဘာ ၂၇ ရက်တွင် ဘလွန်းဘတ်ခ် သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ခြိမ်းခြောက်လာခဲ့သည်။ အီရန် အားပေးနေသည့် စစ်သွေးကြွများက ဆီးရီးယား နှင့် အီရတ်ရှိ အမေရိကန် စစ်စခန်းများအား ဒရုန်း သို့မဟုတ် ဒုံးကျည်များဖြင့် ၁၉ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

 

အောက်တိုဘာ ၂၆ တွင် ဆီးရီယား ရှိ အီရန် တော်လှန်ရေး အစောင့်တပ်များကို လေကြောင်းမှ လက်တုန့်ပြန် တိုက်ခိုက်ခဲ့သည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ဆိုသည်။ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုများသည် ယခင်ကတည်းက ရှိနေခဲ့ပြီး ဖြစ်၍ စိုးရိမ်စရာ ဟု မယူဆကြတော့ပေ။

 

အစ္စရေး မြောက်ပိုင်းတွင် စစ်မျက်နှာ အသစ် ဖွင့်ရမည့် အရေး အပေါ် စိုးရိမ်နေမှုများ လျော့ပါးသွားပြီ ဖြစ်၍ မူလ က ခေါ်ယူထားသော အရံတပ်အင်အား ၃၆၀,၀၀၀ ထဲမှ အချို့ကို ပြန်လွှတ်ပေးနေပြီ ဖြစ်သည်။ အရံတပ်များအား ကြာရှည် ခေါ်ထားမည် ဆိုက အစ္စရေး စီးပွားရေးကို ထိခိုက်လာမည် စိုးသောကြောင့် ဖြစ်သည်။ ဟစ်ဘိုလာ နှင့် ဆရာသမား ဖြစ်သူ အီရန် တို့သည် ပဋိပက္ခ ကျယ်ပြန့်လာမည်ကို ကြိတ်၍ စိုးရိမ်နေကြသည်ဟု အစ္စရေး တို့က ယုံကြည်ထားကြသည်။ ဟစ်ဘိုလာ ဖက်တွင် အထိအခိုက် အကျအဆုံးက ထင်သည်ထက် ပိုများလာနေသည်ဟု အစ္စရေး နှင့် အာရပ် အရာရှိများက ဆိုသည်။

 

စစ်ပွဲကို မြှင်း၍ တိုက်ပြီး တဖက်တွင်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နိုင်ရန် ဖွင့်ပေးမည် ဆိုက အစ္စရေး အပေါ် ဖိအားများ လျော့နည်းလာပေလိမ့်မည်။ သို့သော် ဟားမားစ်တို့အား မည်သို့မည်ပုံ အမြစ်ပြတ်အောင်လုပ်ရမည် နှင့် ၎င်းတို့နေရာတွင် မည်သူ့ကို အစားထိုးရမည် ဆိုသည် တို့နှင့် ပတ်သက်၍ အစ္စရေး တို့တွင် အဖြေ မရှိသေးပဲ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ ဂါဇာ ရှိ ပါလက်စတိုင်း တို့အတွက် မဆိုသလောက် အသက်ရှု ချောင်ဖို့ ဖြစ်လာရသည်။

 

(၂၀၂၃ အောက်တိုဘာ ၂၈ နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ Israel’s new plan to encircle Hamas ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)