ကမ္ဘာတွင် အမေရိကန်၏ အရှိန်အဝါ ကျဆင်းနေပြီဟု ယုံကြည်နေသူများ အတွက် သမ္မတ ဂျိုးဘိုင်ဒင်သည် တန်ချိန် နှစ်သိန်း ခန့် ရှိ လေယာဉ်တင် သင်္ဘောကြီး နှစ်စင်းအား အစ္စရေး ကို ပံ့ပိုးပေးနိုင်ရန် စေလွှတ်လိုက်ပြီ ဖြစ်သည်။ ဟစ်ဘိုလာ နှင့် ၎င်းတို့၏ ဆရာသမား ဖြစ်သူ အီရန် မှ လက်ဘနွန် တောင်ပိုင်းမှ နေ၍ ဒုတိယ စစ်မျက်နှာ ဖွင့် လာမည့် အရေးကို ဟန့်တားရန် အတွက် ဖြစ်သည်။
ရှေ့လျောက် ကမ္ဘာအရေးအခင်းများ တွင် အမေရိကန်သည် မည်သည့် အခန်းကဏ္ဍမှ ရပ်တည်သွားနိုင်မည်လဲ ဆို သည်မှာ အစ္စရေး နှင့် ဟားမားစ်တို့ အကြား စစ်ပွဲကို ဂျိုး ဘိုင်ဒင် ၏ ကိုင်တွယ် ဖြေရှင်းနိုင်မှု အပေါ် မူတည်လာနေပြီ ဖြစ်သည်။
ဂျိုးဘိုင်ဒင်သည် ဤသည်ကို ကောင်းစွာ နားလည် သဘောပေါက်နေသည့် အမျှ အောက်တိုဘာ ၂၀ ရက်နေ့တွင် အပြောင်းအလဲ ပြုလုပ်ရမည့် အနေအထား inflection point ဟု ပြောဆိုလာခဲ့သည်။
ဟားမားစ်တို့၏ အကြမ်းဖက်မှု၊ ရုရှား၏ ယူကရိန်းအား ကျုးကျော်မှု၊ တရုတ်မှ တိုင်ဝမ်ကို ဝင်ရောက်သိမ်းပိုက်ရန် ခြိမ်းခြောက်လာနေမှု များသည် ထိုစကား၏ နောက်ကွယ်တွင် ရှိနေပြီး ဖြစ်သည်။
သို့သော် ကမ္ဘာအခြေအနေများသည် ထိုမျှလောက် မကပဲ ပို၍ အန္တရာယ်များလာနေပြီ ဖြစ်သည်။ ရှူပ်ထွေးပြီး ရန်လိုသော နိုင်ငံတကာ အခြေအနေများ နှင့် အမေရိကန်သည် ရင်ဆိုင်နေရသည်။
၁၉၇၀ ကျော် နှစ်များ တွင် ဆိုဗီယက် ပြည်ထောင်စု စတင် အနည်ထိုင်သွားခဲ့ချိန် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် တရုတ်၏ အင်နှင့် အားနှင့် ဆန့်ကျင်လာမှု ကြီး နှင့် ထိတ်တိုက် ရင်ဆိုင် နေရသည်။ အမေရိကန် ပြည်တွင်း နိုင်ငံရေး အခြေအနေသည် ကမောက်ကမ ဖြစ်လာနေပြီး ရီပတ်ဘလီကင် ပါတီသည် ဘယ်သူနှင့်မှ မပတ်သက်ပဲ တသီးတသန့် နေမည့် မူဝါဒများကို ကျယ်လောင်စွာ ထုတ်ဖေါ်ပြောဆိုလာနေသည်။
လက်ရှိ အနေအထား သည် အစ္စရေး နှင့် အရှေ့အလယ်ပိုင်းကိုသာ မကပဲ အမေရိကား နှင့် ကမ္ဘာကြီး၏ အနာဂတ်အား သတ်မှတ် ပြဋ္ဌာန်း ပေးလာရန် ဆော်ဩ လာပြီ ဖြစ်သည်။
ပြည်ပမှ ခြိမ်းခြောက်မှု များ အား အပိုင်း သုံးပိုင်း ခွဲ၍ သတ်မှတ် နိုင်သည်။ ပထမ ပိုင်း အဖြစ် အရှေ့အလယ်ပိုင်းတွင် အီရန် မှ ကမောက်ကမ ဖြစ်ရန် မီးမွှေးလာခဲ့မှု၊ ယူကရိန်း အား ရုရှား မှ ကျုးကျော်တိုက်ခိုက်နေမှုပင် ဖြစ်သည်။ ထိုအတွက် ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်လာသည် နှင့် အမျှ အမေရိကန် သည် နိုင်ငံရေး၊ ဘဏ္ဍာရေး နှင့် စစ်ရေး ဖက်တွင် အရင်းအမြစ်များ ထုတ်နှုတ်သုံးစွဲလာခဲ့ရသည်။
ရုရှားသည် ယူကရိန်းတွင် စိတ်ထင်တိုင်း လုပ်ခွင့်ရမည် ဆိုက ဥရောပ ဖက်ခြမ်းသို့ မျှားဦး လှည့်လာတော့မည် ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင်လည်း သွေးထွက်သံယို အဖြစ်များကြောင့် ထိုဒေသများရှိ အစိုးရများသည် လူထု၏ ဒေါသနှင့် ရင်ဆိုင်လာရ ပေ တော့မည် ဖြစ်သည်၊ စစ်ပွဲများကြောင့် အမေရိကန်အား လည်း စစ် မီး မွှေးသူ၊ ကြောင်သူတော် အစရှိသဖြင့် စွပ်စွဲလာကြမည် ဖြစ်သည်။ ဤသို့ဖြင့် လက်ရှိ ကမ္ဘာကြီး လည်ပတ်နေသော စနစ်ကြီးသည် ပျက်စီးခြင်း ငါးပါးသို့ ဦးတည်လာပေတော့မည်။
ဒုတိယ ခြိမ်းခြောက်လာသည်က ရှုပ်ထွေးမှု များ ဖြစ်လာနိုင်ခြင်းပင်။ အိန္ဒိယ၊ ဆော်ဒီအာရေးဗီယား ကဲ့သို့ သော နိုင်ငံများ ပါဝင်သည့် အုပ်စုသည် ၎င်းတို့ အကျိူးစီးပွား အတွက်သာ အပြင်းအထန် အာရုံထားလာကြပြီး အချင်းချင်း တိုး၍ ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာကြသည်။ ထိုနိုင်ငံများသည် ရုရှား နှင့် အီရန်တို့ ကဲ့သို မဟုတ်ပဲ ကိုယ့်စီးပွား ကိုယ် ရှာစားခြင်ကြသူများ ဖြစ်သည်။ ၎င်းတို့အတွက် အမေရိကန်၏ အမိန့် ပေးမှု ကို နာခံစရာ မလိုဟုလည်း ယူဆထားကြ၍ အမေရိကန် အဖို့ ဆူပါပါဝါ နိုင်ငံကြီး အဖြစ် ရပ်တည်သွားရန် ပို၍ ခက်ခဲသွားစေခဲ့သည်။ ဥပမာအားဖြင့် ဆွီဒင်အား နေတိုးသို့ ဝင်ခွင့်ရရေး အပေါ် ကန့်ကွက်နေသော တူရကီအား ၁၇ လ ကြာအောင် နည်းမျိုးစုံ သုံး၍ နားချခဲ့ကြရသည်။
တတိယ ခြိမ်းခြောက်မှု သည်က အားလုံးထဲတွင် အကြီးမားဆုံး ဟု ဆိုရမည် ဖြစ်သည်။ တရုတ်သည် နိုင်ငံတကာ အသင်းအဖွဲ့များတွင် ထည့်သွင်းပြဋ္ဌာန်းထားသော စံတန်ဖိုးများ ကို ဖယ်ထုတ်ပြီး သူ့စိတ်ကြိုက် အစားသွင်းနိုင်ရန် ရည်မှန်းချက်များ ရှိနေသည်။ ဆိုလိုသည်က ဒီမိုကရေစီ၊ လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး များထက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထားရမည်၊ နိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံတကာ စံနှုန်းများ လိုက်နာရေး ထက် ပိုအရေးကြီးသည် ဟူ၍ ဖြစ်သည်။
ရုရှား နှင့် အီရန်သည် မဟာမိတ် အဖြစ် မသိမသာ လက်တွဲလာနေသည်။ အီရန်သည် ရုရှားတို့အား ဒရုန်းများ ထောက်ပံ့ပေးနေပြီး တရုတ်သို့ ရေနံများ တင်ပို့ပေးနေသည်။ အပြန်အလှန် အနေဖြင့် တရုတ် နှင့် ရုရှားတို့သည် အီရန်၏ တပည့် ဖြစ်သူ ဟားမားစ် အတွက် ကုလသမဂ္ဂ တွင် သံတမန်ရေးအရ အကာအကွယ် ပေးနေသည်။
အမေရိကန် ၏ လက်ရှိ ပြည်တွင်း နိုင်ငံရေး အခြေအနေသည် ထိုအန္တရာယ်များအား ပို၍ ကြီးမားအောင် ပြုလုပ်ပေးနေသလို ဖြစ်လာခဲ့သည်။ ရီပတ်ဘလီကင် နိုင်ငံရေး သမားများသည် ဒုတိယ ကမ္ဘာစစ် မတိုင်မီ တသီးတခြား ကျင့်သုံးခဲ့သည့် ကုန်သွယ်ရေး နှင့် နိုင်ငံခြားရေး မူဝါဒများ အပေါ် အားသန် နေကြသည်။ ထိုအရေးသည် ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာမည်ထက်ပင် ပို၍ အရေးကြီးလာနေသည်။ အမေရိကန်သည် ဖြစ်ပေါ်လာနေသည့် ကမ္ဘာရေးရာများကို တာဝန် မဲ့စွာ လျစ်လျု ရှုမည်ဆိုလျှင် ဆူပါပါဝါ အဖြစ် ဆက်၍ ရပ်တည်သွားဖို့ မဖြစ်နိုင်တော့ပေ။ အမေရိကန်သည် ၁၉၄၁ တွင် ပုလဲဆိပ်ကမ်းကို ဗုံးကြဲခံရမှသာ ဒုတိယ ကမ္ဘာစစ်ထဲသို့ ဝင်လာသည်ကို အမှတ်ရဖို့ လိုပေသည်။
ထိုသို့ Make America Great Again ဆိုသော MAGA ရီပတ်ဘလီကင်များ ကြောင့် အမေရိကန်၏ အကျိုးစီးပွားများ မည်သို့ ထိခိုက်လာနိုင်သည် ကို ဆန်းစစ်ကြည့်ဖို့ လိုပေသည်၊ ဥပမာ အားဖြင့် ယူကရိန်းသို့ လက်နက် နှင့် ငွေကြေး များ ထောက်ပံ့ပေး နေမှုအား ရပ်ဆိုင်းလိုက်မည်ဆိုလျှင် ပူတင်အား အစွယ်ချိုးရန် နှင့် တရုတ်တို့ တိုင်ဝမ်အား ကျုးကျော်လာမည့် အရေး ကို တပ်အင်အား အသုံးပြုစရာ မလိုပဲ ဟန့်တား နိုင်ရန် ဆိုသော အမေရိကန် တို့ ရထားသည့် အခွင့် အလန်းများ ဆုံးရှူံးသွားပေ တော့မည်။
ယူကရိန်း အား ပစ်ပယ်လိုက်မည်ဆိုက ရုရှားမှ နေတိုး အဖွဲ့ဝင် နိုင်ငံများအား တိုက်ခိုက်လာအောင် ဖိတ်ခေါ်လိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်၊ ထိုအခါ တွင် အမေရိကန် နိုင်ငံသားများ၏ အသက်ပေါင်း များစွာနှင့် ဘဏ္ဍာငွေ အမြောက်အမြား ရင်း၍ ဝင်ရောက် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ အမေရိကန် သည် ရန်သူ နှင့် မိတ်ဆွေများကိုလည်း မိမိ တို့သည် အရေးကြုံလာလျှင် အားကိုးမရဟု ကျေညာသလို ဖြစ်သွားနိုင်ပေသည်။ အိမ်ဖြူတော်သို့ ထရန့် ပြန်ရောက်လာမှု နှင့်အတူ ရီပတ်ဘလီကင်တို့၏ ယူကရိန်း အပေါ် ပျက်ကွက်ခဲ့မှု များ ပေါင်းစပ်လိုက်မည်ဆိုလျှင် အမေရိကန်သည် ရှေ့လျောက် ဘယ်သောင်ဘယ်ကမ်း ဆိုက်သွားမည်ကို ခန့်မှန်း ၍ ပင် ရတော့မည် မဟုတ်ပေ။
အမေရိကန်သည် ထိုသို့ ကြောက်မက်ဖွယ် အတားအဆီးများ ရှိနေသော်လည်း တဖက်တွင် မည်သူမျှ မယှဉ်နိုင်သည့် စစ်အင်အားကို ပိုင်ဆိုင်ထားသည်။ ယခုအခါ အရှေ့အလယ်ပိုင်းတွင် လေယာဉ်တင် သင်္ဘော အုပ်စုကြီး နှစ်ခု စေလွှတ်ထားနိုင်ယုံမျှမက အစ္စရေးအားလည်း လက်နက်များ၊ ထောက်လှမ်းရေး အချက်အလက်များ၊ ကျွမ်းကျင်မှု များ ထောက်ပံ့ ပေးနိုင်ခဲ့သည်။
တရုတ်သည် ၎င်းတို့၏ စစ်တပ် အတွက် ဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲလာနေသည် ဆိုသော်လည်း အမေရိကန် သည် လက်ရှိ ဒေါ်လာ ပေါက်ဈေး နှင့် ဆိုလျှင် ၎င်းတို့၏ မဟာမိတ် ဆယ်နိုင်ငံ ပေါင်း၏ ကာကွယ်ရေး ဘတ်ဂျက်များ နှင့် ညီမျှသည့် ပမာဏ ကို ပြီးခဲ့သည့် နှစ်အတွင်း သုံးစွဲခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
အမေရိကန်သည် စီးပွားရေး ဖက်တွင်လည်း အင်အား တောင့်တင်းနေဆဲပင် ဖြစ်သည်။ တကမ္ဘာလုံး ထုတ်ကုန် ပမာဏ ၏ လေးပုံတပုံ သည် အမေရိကန် ထံမှ ဖြစ်သည်။ ကမ္ဘာ လူဦးရေ စုစုပေါင်း၏ နှစ်ဆယ်ပုံ တပုံကို ပိုင်ဆိုင်ထားပြန်သည်။ တရုတ် တို့ ခေါင်းထောင်လာနိုင်သည် ဆိုသော်လည်း ထိုအတိုင်းအဆ သည် ပြီးခဲ့သည့် နှစ် လေးဆယ် အတွင်း အပြောင်းအလဲ မရှိ ဆက်ဖြစ်နေခဲ့သည်။ နည်းပညာ ပိုင်း တိုးတက်မှု တွင်လည်း သံသယ ပင် ဖြစ်စရာ မလိုအောင် အစွမ်းပြထားနိုင်ခဲ့သည်။
တရုတ်သည် နိုင်ငံ၏ စီးပွားရေး တိုးတက်မှု အား ကွန်မြူနစ် ပါတီမှ နိုင်ငံအား အစွမ်းကုန် ထိန်းချုပ်ထားရမည် ဆိုသော မူ၏ လက်အောက်ခံ အဖြစ် သာ ထားရှိခဲ့သည်။
အမေရိကန် အား လျော့တွက်ထားကြသည့် သံခင်းတမန် ခင်း ပိုင်းတွင်လည်း ကြွက်သားများ ဆန့်ထုတ် ပြလာနိုင်ခဲ့သည်။ ယူကရိန်း စစ်ပွဲကြောင့် နေတိုးအား တလေးတစား ဆက်ဆံလာနိုင်ခဲ့သည်။ အာရှ တွင်လည်း အမေရိကန်၊ ဗြိတိန် နှင့် ဩစတေးလျှ တို့ ပေါင်း၍ AUKUS ကို ဖွဲ့စည်းနိုင်ခဲ့သည်။ စစ်စခန်းများ ထားရှိရာ နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်တို့နှင့် လည်း ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။
အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က အိန္ဒိယ ကဲ့သို့ ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်သော နိုင်ငံများ နှင့်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်၍ ရသည့် နည်းလမ်းများ ရှိကြောင်း Foreign Affairs မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ အိန္ဒိယသည် အမေရိကန် ၏ မဟာမိတ် အဖြစ် ရပ်တည် မသွားဖို့ ဆုံးဖြတ်ထားသော်လည်း အာရှ လုံခြုံရေး အား ကျားကန် ပေးထားနိုင်ဖို့ အိန္ဒိယ အား အသုံးချရန် အကြံအစည် များ ရှိထားပြီး ဖြစ်သည်။
ယခု အခါ စစ်ပွဲကြီး ပို၍ ကျယ်ပြန့်မလာရန် အစ္စရေး အား အမေရိကန် တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်လာမှု အား အချို့မှ ဆယ်ငါးနှစ်ခန့် ဖာသိဖာသာ နေလာခဲ့သော ဆံဖြူသွားကျိုး ဆူပါပါဝါကြီး အား အရှေ့အလယ်ပိုင်းသို့ ပြန်၍ ဆွဲသွင်းလာမှု ဟု ပြောဆိုနေကြသည်၊ သို့သော် လက်ရှိ အနေအထားသည် အီရတ် နှင့် အာဖဂန်နစ္စတန် မှာ လို အမေရိကန်တို့ ကိုယ်ထိ လက်ရောက် ပါဝင်စရာ မလိုလှပေ။
ဘိုင်ဒင်သည် ရှေ့လျောက် ပို၍ ရှုပ်ထွေးလာမည့် ကမ္ဘာကြီးသည် အမေရိကန် အား ပို၍ ခြိမ်းခြောက်လာနိုင်ဖွယ် ရှိသည်ကို မည်သို့ တုန့်ပြန်ရမည် နှင့် စပ်လျှင်း၍ ပို၍ ကောင်းမွန်သည့် ဖေါ်မြူလာတရပ် ဖေါ်စပ်နိုင်ရန် လက်ရှိ အရှေ့အလယ်ပိုင်း ပြဿနာအား အသုံးချ၍ စဉ်းစား ကြံဆရတော့မည့် အချိန် ဖြစ်သည်ဟု ယူဆထားပြီး ဖြစ်သည်ကို တွေ့လာရသည်။
ထို့အတွက် မဟာမိတ်များနှင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေး လမ်းကြောင်းများ ဆက် ပွင့်နေစေရန် တို့ ဖေါ်ဆောင်ရမည် ဖြစ်သည်။ အမေရိကန် တို့၏ စံတန်ဖိုး များသည် တကယ်တမ်းတွင် အပြစ်အနာ အဆာများ ရှိနေသော်လည်း ကမ္ဘာတဝှမ်းရှိ နိုင်ငံ အတော်များများ အတွက်မူ တရုတ် ကွန်မြူနစ် ဝါဒ ထက်တော့ သာလွန် နေသည်ဟု ယူဆထားကြ၍ ဆွဲဆောင်နိုင်မှု တွင် တရုတ်တို့ မယှဉ် နိုင် ဖြစ်နေသည်။
အကယ်၍ ဘိုင်ဒင်သည် ဂါဇာ အရေးအခင်းကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သွားနိုင်မည် ဆိုလျှင် အမေရိကန် အတွက် သာမက၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာကြီး အတွက် ရှေ့လျောက် လုံခြုံစိတ်ချစွာ နေထိုင်သွားနိုင်မည် ဖြစ်သည်။
(၂၀၂၃ အောက်တိုဘာ ၂၃ ရက်နေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်းပါ "American power: indispensable or ineffective?" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)