လက်ရှိတွင် မြန်မာ နှင့် ပတ်သက်၍ အမေရိကန်၏ အကြီးကျယ်ဆုံး ထုတ်ပြန်ခဲ့သည့် ဥပဒေ ဟု ပြော၍ရသည့် BURMA ACT သည် မကြာမီ သက်ရောက်မှု ရှိလာကောင်း ရှိလာနိုင်သော်လည်း ရှေ့ရောက် မည်သို့ မည်ပုံ ဖြစ်လာနိုင်သည် ဆိုသည်က ထူးထွေ ဆန်းပြားသည်ဟု ပြော၍ရသော အမေရိကန် နိုင်ငံရေး စနစ် ၏ စရိုက်လက္ခဏာ များကို အရင်ဦးဆုံး နားလည်ထားရန် အရေးကြီးသည်ဟု အမေရိကန် ပေါ်လစီ အင်စတီကျု တွင် မြန်မာ အရေး ညှိနှိုင်းရေး တာဝန်ခံ Mike Hack မှ သူ၏ အမြင် ကို Frontier Myanmar တွင် ရေးသားထားသည် ကို ကောက်နှုတ် တင်ပြလိုပါသည်။
အမေရိကန် သည် မြန်မာ အရေး နှင့် ပတ်သက်၍ လက်ရှောင်တတ်သည်မှာ အစဉ်အလာလို ဖြစ်နေခဲ့သည်၊ ဤသည်ကို ၎င်းတို့အားကိုး နှင့် ၁၉၈၈ စစ်အာဏာသိမ်း အဖွဲ့ကို ခုခံတွန်းလှန်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိလာခဲ့သည့် ကျောင်းသား ရဟန်း ရှင်လူများ သိနားလည် သွားခဲ့ကြသည်။ မြန်မာ စစ်တပ်သည်လည်း ရန်ကုန် နှင့် ရေမိုင် ၉၀ အကွာသို့ ရောက်ရှိလာသော လေယာဉ်တင် သင်္ဘော USA Coral Sea သည် ဝင်ရောက် တိုက်ခိုက်ရန် ဟုတ်မဟုတ် ကို ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်၍ မေးမြန်းခဲ့ရဖူးသည်။
၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးတွင် ဆန့်ကျင် ကန့်ကွက်နေကြသော မြန်မာပြည်သူများက R2P ကို ဝိုင်းဝန်းတောင်းဆို လာကြသည်။ ဖေ့စ်ဘုတ်မှလည်း အမေရိကန် ပစိဖိတ် ရေတပ် လာရောက်ရန်လည်း လော်ဘီ လုပ်လာခဲ့ကြသည်။
နောက်ပိုင်းတွင် ပြည်သူများ အတွက် မိုတီ တခုခု ပေးနိုင်ရန် မြန်မာအရေး ဝိုင်းဝန်း လှုပ်ရှားနေသူများသည် အမေရိကန် ဖက် က သတင်းတခုခု ထွက်လာနိုင်ကောင်းရဲ့ ဆိုကာ စောင့်ကြည့် ရှာဖွေခဲ့ကြသည်။
၂၀၂၂ ဒီဇင်ဘာလ ထဲတွင်တော့ BURMA ACT ထွက်ပေါ်လာခဲ့သည်။ ယင်းနှင့် အတူ မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာခဲ့ပြီး နောက်ပိုင်းတွင် ဇဝေဇဝါ နှင့် စိတ်ပျက်စရာ အဖြစ် ကူးပြောင်းသွားခဲ့ရပြန်သည်။
အမေရိကန် ဖွဲ့စည်းပုံသည် မည်သည့် ဝန်ကြီးဌာန တခုတလေကိုမျှ လုပ်ပိုင်ခွင့်များ ပုံအော် မပေးမိစေရန် အထူး သတိထား ပြဋ္ဌာန်းထားသဖြင့် BURMA ACT အကောင်အထည် ဖေါ်ရေးတွင် ဌာနပေါင်းစုံ ဟန်ချက်ညီညီ လုပ်ဖို့ လိုအပ်လာသည်။
BURMA ACT သည် မြန်မာ၏ ဖက်ဒရယ် ဒီမိုကရေစီ အတွက် လူ့အသက် အန္တရာယ် မထိခိုက်နိုင်သော အကူအညီများ နှင့် လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ နယ်ခြား ဖြတ်ကျော် ပေးပို့ ရန် ဖြစ်သည်။ ဤနေရာတွင် ဥပဒေပါ စကားလုံးများထက် ယင်းအား စုစည်း အကောင်အထည် ဖေါ်နိုင်မည့် နိုင်ငံရေး ဩဇာ သက်ရောက်နိုင်ဖို့ လိုအပ်လာသည်။ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သူများ က အစိုးရ အေဂျင်စီ အသီးသီး ၏ ကြီးကြပ်မှု အောက်တွင် အကောင်အထည် ပေါ်လာသည်ကို မြင်လိုကြသည်။
ထိုသို့ အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ရန် မှာလည်း ရံပုံငွေ ချထားပေးဖို့ လိုအပ်လာသည်။ ဥပဒေပါ လုပ်ငန်း တာဝန်များ အတွက် ဌာန အသီးသီး၏ ဘတ်ဂျက်များမှ ထုတ်သုံးရမည် ဖြစါသော်လည်း လွယ်လင့်တကူ အဖြစ်နိုင်ဆုံးသည် Stata, Foreign Operations, and Related Programs (SFOPs) ပင် ဖြစ်သည်။
အောက်လွှတ်တော် မှ အတည်ပြုပြီး အထက်လွှတ်တော်သို့ တင်သွင်းလိုက်သော ဥပဒေတွင် ဒေါ်လာ သန်း ၅၀ သာ ပါရှိသော်လည်း အထက်လွှတ်တော်မှ အတည်ပြုလိုက်သည့် ဥပဒေတွင် ဒေါ်လာ ၁၆၇ သန်း ပါရှိလာသည်၊ ထိုအထဲတွင် နယ်ခြား ဖြတ်ကျော် အကူအညီပေးရေး အတွက် ၇၅ သန်း၊ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသူများ အတွက် ၁.၅ သန်း၊ တော်လှန်ရေး အတွက် အသက်အန္တရာယ် မထိခိုက်စေမည့် အကူအညီ ၂၅ သန်း တို့ ပါရှိသည်။
ထို့နောက်တွင်တော့ ကွန်ဂရက် နှင့် အောက်ခြေ အကြားတွင် အစိုးရ အေဂျင်စီ ပေါင်းများစွာ ပါဝင်လာသည်။ ထိုအထဲတွင် ထိတ်ဆုံးမှ ရှိနေသည်က အမျိုးသား လုံခြုံရေး ကောင်စီ ပင် ဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာတော်လှန်ရေးထက် ဒေသတွင်းရှိ မဟာမိတ်များ နှင့် ဆက်ဆံရေး၊ အမေရိကန် အကျိုးစီးပွားများ နှင့် လူသားချင်း စာနာစိတ်ဖြင့် ထောက်ပံ့ရမည့် အကူအညီများကို ဦးစားပေး စဉ်းစားလေ့ ရှိသည်၊ မြန်မာအရေး တွင် တရုတ်ကို တန်ပြန်နိုင်မည့် အိန္ဒိယ နှင့် ထိုင်း တို့ ငြိုငြင်လာမည့် အရေးကို ရှောင်ရှားရမည် ဆိုသော ဘူမိ မဟာဗျူဟာ ကို အကြောင်းပြလာကြသည်။
ထို့ပြင် "ပဋိပက္ခ ကာကွယ်ရေး၊ တည်ငြိမ်ရေး ဗျူရို" နှင့် ယင်း၏ လက်အောက်ရှိ ကြားကာလ စီမံချက် ရုဲးတို့မှ အမျိုးသား ညီညွတ်ရေး အစိုးရသည် မည်ရွေ့မည်မျှ အထိ ထိန်းချုပ်ထားနိုင်သည် ဆိုသည်နှင့် တိုင်းရင်းသား များ နှင့် မဟာမိတ် ပြုထား နိုင်သည် ဆိုသော အပြောများ အပေါ် သံသယ ရှိနေခဲ့ကြသည်။ ဖက်ဒရယ် စနစ် ဖြစ်ပေါ်လာရေး အတွက် အောက်ခြေ မှစ၍ ချည်းကပ်သွား နိုင်ရန် ထောက်ခံ ပြောဆိုခဲ့ကြသည်။
ဥပဒေ အကောင်အထည် ဖေါ်နိုင်ရန် အစိုးရနှင့် မသက်ဆိုင်သော အမေရိကန်ရှိ အဖွဲ့အစည်းများ အားလည်း ရံပုံငွေ ပေးဖို့လိုအပ်လာသည်။ ထိုအဖွဲ့အစည်းများ ထဲမှ အချို့သည် တိုင်းရင်းသား များ ဖက် အလေးသာပြီး အချို့က NUG ဖက်တွင် ရှိသည်။
BURMA ACT နှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်လာရသည်က လက်နက်ကိုင် တိုက်ပွဲဝင်နေသူများအား လူ့အသက်အန္တရာယ် မပေးနိုင်သည့် အကူအညီများ ပေးရေး ဆိုသည်ပင် ဖြစ်သည်။ ဤနေရာတွင် အရပ်ဖက်-စစ်ဖက် နှစ်မျိုး သုံးနိုင်သည့် ပစ္စည်းများ ပါဝင်နေသည်။ ဥပမာ ကြိုတင် အချက်ပေး စနစ် အား ထောက်ပံ့မည်ဆိုက ရန်သူ တိုက်ခိုက်လာမည်ကို ကြိုတင် သိနိုင်စွမ်း ရှိနေ၍ အသက်ပေါင်းများစွာ ကို ကယ်တင်နိုင်သည်ဟု ပြော၍ ရသလို တော်လှန်ရေး အဖွဲ့များသည်လည်း ရန်သူ အား အသင့်စောင့်ဆိုင်းပြီး ခြုံခို တိုက်နိုင်စွမ်း ရှိလာပြန်သည်။
ဆီရီယားတွင် ထိုကဲ့သို့ ပြဋ္ဌာန်းပေးထားခဲ့ရာ ကနဦးတွင် ကျည်ကာ အင်္ကျီ များ ပေးခြင်း၊ ထောက်လှမ်းရေး သတင်း အချက်အလက်များ ဝေငှခြင်းများ လုပ်ခဲ့ပြီး နောက်ပိုင်းတွင် လက်နက်များကို လျို့ဝှက်တင်ပို့လာကြသည်။ မြန်မာပြည် အတွက်လည်း ထိုသို့ ဖြစ်လာရန် ရည်ရွယ်ခဲ့ကြသည်ဟုလည်း ထည့်သွင်းရေးဆွဲသူများ နှင့် နီးစပ်သူများက ဆိုသည်။
သို့သော် မြန်မာပြည်တွင် တိုက်ခိုက်နိုင်စွမ်း လျော့နည်းနေခြင်းသည် အဓိက စိုးရိမ်စရာ ဖြစ်နေရသည်ဟု ဆိုသည်။ ထို့အတွက် ဆီရီယားမှာကဲ့သို့ ရုရှား တို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်လာအောင် ဖိတ်ခေါ်သလို ဖြစ်လာမည့် အန္တရာယ် ကိုလည်း ထည့်တွက်နေကြသည်။
အကယ်၍ ပေးမည်ဆိုလျှင် NUG လက်အောက်ခံ PDF. များ နှင့် LPDF များ ရနိုင်ဖို့ မရှိဟု ဆောင်းပါးတွင် ရေးသားထားသည်၊ ဤသည်ကလည်း စီမံကွပ်ကဲရေး တွင် အားနည်းနေ၍ လက်နက်များ စာရင်း ပျောက်သွားမည့် အဖြစ်ကို စိုးရိမ်နေ၍ ဖြစ်သည်၊ ထို့အတွက် မူးယစ်ဆေးဝါး နှင့် ကင်းလွတ်ပြီး တရုတ် နှင့် မပတ်သက်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သာ ရဖို့ ရှိနေရာ KNU သည် ရရှိမည့် အဖွဲ့ထဲတွင် ထိပ်ဆုံးမှ ရှိနေသည်။
သို့သော် ယခု အချိန်အထိ တိတိကျကျ မဆုံးဖြတ်ရသေးသော်လည်း BURMA ACT ကြောင့် အမေရိကန်သည် အာဏာသိမ်း အဖွဲ့ အဓိက အသုံးပြုနေသည့် ဘဏ်ကြီး နှစ်ခု အပါအဝင် အပြင်းထန်ဆုံး ပိတ်ဆို့မှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။ BURMA ACT နှင့် ပတ်သက်ပြီး ၂၀၂၃ ဘဏ္ဍာရေး နှစ် အတွင်း မည်မျှထိ သုံးစွဲခဲ့သည် နှင့် ပတ်သက်၍ မကြာမီ တွင် စာရင်း ထွက်လာဖွယ် ရှိသည်။
တော်လှန်ရေး တွင် ထင်ရှားသော ခေါင်းဆောင် သုံးဦး ဖြစ်သည့် ဗိုလ်ချုပ်ဂွမ်းမော်၊ ဦးရည်မွန် နှင့် ဦးမင်းကိုနိုင်တို့မှ "ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်ရေး အတွက် တော်လှန်ရေး အဖွဲ့များအကြား သမိုင်းတွင်မည့် ညီညွတ်မှုများ ရနေပြီ ဖြစ်၍ ကမ္ဘာ၏ ထောက်ခံ အားပေးမှု ကို ထိုက်ထိုက်တန်တန် ရသင့်သည်" ဟု ဇွန်လ အတွင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ ဝက်ဆိုက်တွင် ဆောင်းပါးရေးသား၍ ပြောဆိုထားခဲ့ပြီး ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!