အစ္စရေး ထိုးစစ် အဘယ်ကြောင့် နှောင့်နှေးနေရသနည်း

by Hla Soewai - Oct 28 2023

လက်ဘနွန် နှင့် ထိစပ်နေသော အစ္စရေး ၏ မြောက်ဖက် နယ်ခြား‌ဒေသတွင် တဖက်ရှိ ဟစ်ဘိုလာ တပ်များနှင့် အစ္စရေး တပ်များ အကြား လက်နက်ကြီးများ တနာရီ တကြိမ်မျှ အပြန်အလှန် ပစ်ခတ်နေမှု ကြောင့် တောမီးများ လောင်ကျွမ်းပြီး မီးခိုးနံ့များ ဖြင့် ဖုံးလွှမ်းနေသည်။ အရပ်သားများလည်း ဘေးလွတ်ရာသို့ ရွှေပြောင်းနေကြပြီး အစ္စရေး စစ်သားများလည်း လမ်းဆုံလမ်းခွ တိုင်း လိုလိုတွင် အသင့် အနေအထားဖြင့် စောင့်ကြပ်နေကြသည်။

 

အစ္စရေးသည် စစ်ပွဲကြီး ဖြစ်ရန် အနေအထားသို့ ချည်းကပ်လာနေပြီ ဖြစ်သည်။ အရှေ့ဖက်ရှိ ဆီရီးယား လေယာဉ်ကွင်းများအားလည်း ပါလက်စတိုင်း တို့ထံ လက်နက်များ မပေးပို့နိုင်အောင် အစ္စရေး လေတပ်မှ ဗုံးကြဲတိုက်ခိုက်လျှက် ရှိသည်။

 

အနောက်ဖက် ခြမ်းရှိ မြေထဲပင်လယ် အတွင်း တွင်တော့ အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စုကြီး ရွေ့လျားလာနေပြီ ဖြစ်သည်။ 

 

တောင်ဖက်ခြမ်းတွင် အစ္စရေး ကြည်းတပ်သည် ဂါဇာသို့ ဝင်ရောက်တိုက်ခိုက်ရန် ပေးလာမည့် အမိန့်ကို စောင့်ဆိုင်းရင်း အသင့်အနေအထား ဖြင့် ရှိနေကြသည်။

 

ဟားမားစ်တို့၏ တိုက်ခိုက်ခံရပြီးသည်မှာ ဆယ်ငါးရက် ရှိလာနေပြီ ဖြစ်သော်လည်း ယခုထိ မြေပြင်ထိုးစစ်ကြီး စတင်နိုင်ခြင်း မရှိသေးပေ။ ထိုသို့ နှောင့်နှေးနေရခြင်းသည် သံတမန်ရေး အရ ပျားပမ်းခပ်မျှ လှုပ်ရှားနေကြခြင်းသည်လည်း အကြောင်းတခု အဖြစ် ပါဝင်နေသည်။

 

အောက်တိုဘာ ၂၀ ရက်နေ့တွင် ကာတာ၏ ဖြန်ဖြေပေးမှု ဖြင့် အမေရိကန်-အစ္စရေး နှစ်ဦး အား 

ဟားမားတို့မှ ပြန်လွှတ်ပေးခဲ့သည်။ နောက်တရက် အကြာတွင် အပစ်အခတ် ရပ်စဲရေး အတွက် ကိုင်ရိုတွင် ငြိမ်းချမ်းရေး ကွန်ဖရင့် ကို ခေါ်ယူ ကျင်းပခဲ့ကြသည်။ အီဂျစ်မှ ကယ်ဆယ်ရေး ပစ္စည်းများ ဂါဇာသို့ အကန့်အသတ် နှင့် စတင် ဝင်ရောက်လာခဲ့သည်။ ဓါးစာခံများ များအား ထပ်၍ လွှတ်ပေးရန် ဆွေးနွေးနေကြပြန်သည်။

 

နောင်တကြောင်းသည်လည်း အစ္စရေး အစိုးရ အဖွဲ့အတွင်း စစ်ပွဲကို အချိန်တို အတွင်း အပြတ်ဖြတ်မည်လော သို့မဟုတ် အသေအပျောက် နည်းအောင် မျှင်း၍ တိုက်သွားမည်လော ဆိုသည် အပေါ် ယတိပြတ် ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်။

 

အောက်တိုဘာ ၁၉ ရက်နေ့တွင် မြေပြင်တပ်မှုးများက စစ်ရေး စီမံချက်ကို အပြီးသတ် ရေးဆွဲတင်ပြလာ၍ အစိုးရ အဖွဲ့သည် တယ်လဗီးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ခုနှစ်နာရီ ကြာအောင် ဆွေးနွေးခဲ့ကြသော်လည်း ဝန်ကြီးချုပ် နာသန်ယာအူးသည် စိတ်ဖိစီးမှု များကြောင့် ပြတ်ပြတ်သားသား မဆုံးဖြတ် နိုင် ဖြစ်နေခဲ့သည်။ စိတ်မြန် လက်မြန် ရှိလှသည့် ကာကွယ်ရေးဝန်ကြီး Yoav Gallant ကမူ ဗိုလ်ချုပ်ကြီး အချို့၏ ထောက်ခံမှု ဖြင့် အချိန်တိုတို နှင့် ခပ်ကြမ်းကြမ်း လုပ်ချင်နေသည်။

 

သို့သော် အစ္စရေး၏ မဟာမိတ်များက မူ ကြာချင်ကြာပစေ ထိန်းထိန်းသိမ်းသိမ်း နှင့် လုပ်စေချင်နေကြသည်။ အမေရိကန်သည် နိုင်ငံတကာမှ ဝိုင်းဝန်း ရှုတ်ချမှုများကြားတွင် ၎င်းတို့ ထောက်ခံမှု ပေးနိုင်သည့် အတိုင်းအတာ အတွင်းမှာပင် ရှိစေချင်နေသည်။

 

အစ္စရေး သည် ဟာမားစ်၏ စစ်အင်အားကို ချေမှူန်းပြီး ဂါဇာမှ အပြီးအပိုင် ဖယ်ရှားပစ်ရန် ရည်မှန်းထားသည်။ ထိုသို့ဖြစ်လာရန် စုစုပေါင်း အရှည် ကီလိုမီတာ ၅၀၀ ခန့်ရှိမည့် ဝင်္ကာဘာလို ဖြစ်နေသည့် ဥမင်လှိုက်ခေါင်းများ ရှင်းလင်းရန် နှင့် တအိမ်တက် တအိမ်ဆင်း တိုက်ခိုက်ဖို့ လိုအပ်လာသည်။

 

ဂျိုးဘိုင်ဒင်သည် အစ္စရေး အား တိုက်ရိုက်အကူအညီပေးရန် ဒေါ်လာ ၁၄ ဘီလီယံ အပါအဝင် ဒေသတွင်း အမေရိကန် စစ်အင်အား တည်ဆောက်သွားရေး အတွက် စုစုပေါင်း ဒေါ်လာ ၁၀၅ ဘီလီယံ ချပေးရန် ကွန်ဂရက်သို့ တောင်းဆိုထားသည်။

 

အောက်တိုဘာ ၁၈ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှု ဖြင့် အကူအညီပေးနိုင်ရေး အတွက် စစ်ရေးလှုပ်ရှားမှု များ ခေတ္တရပ်တန့် ပေးရန် တောင်းဆိုသည့် ကုလလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန်က ဗီတိုအာဏာ ဖြင့် ပယ်ချခဲ့သည်။ အမေရိကန် သည် အစ္စရေး၏ ခုခံကာကွယ်ပိုင်ခွင့်အား ထောက်ခံသော်လည်း စစ်ပွဲ၏ ဥပဒေသများကို လိုက်နာပြီး အရပ်သားများ အသေအပျောက်ကိုလည်း အနည်းဆုံး ဖြစ်စေချင်နေသည်။ ဘိုင်ဒင် သည် ဒေါသမီး လောင်ကျွမ်းခံရသည့် အဖြစ် မရောက်ရန် အစ္စရေး ကို တိုက်တွန်းခဲ့သည်။

 

အစ္စရေး အစိုးရသည် အာရပ်ကမ္ဘာ၏ တုန့်ပြန်လာမည့် အရေး ကို ထည့်သွင်းစဉ်းစားရဦးမည်လည်း ဖြစ်သည်။ ဂါဇာတွင် အရပ်သား အသေအပျောက် အလွန်အကျွံ ဖြစ်လာပါက အီရန် နှင့် ဟစ်ဘိုလာတို့ လက်တုန့်ပြန်လာအောင် ရန်စသလို ဖြစ်သွားနိုင်ပေသည်။ အောက်တိုဘာ ၁၉ ရက်တွင် ယီမင်ရှိ အီရန်၏ ထောက်ခံမှု ရထားသည့် စစ်‌သွေးကြွ အဖွဲ့မှ အစ္စရေး အား ဒုံးကျည်ဖြင့် ပစ်ခတ်လာခဲ့၍ အမေရိကန် ရေတပ်မှ ကြားဖြတ် ပစ်ချပေးခဲ့ရသည်။

 

အစ္စရေး တို့ ယူအေအီး၊ ဆော်ဒီအာရေးဗီယားတို့ နှင့် ဆက်ဆံရေး ကောင်းရန် လက်ရှိ ကြိုးပမ်းနေမှု များလည်း ပျက်ပြားသွားမည့် အန္တရာယ်လည်း ရှိနေသည်။

 

အစ္စရေးဖက်မှ ထိန်းထိန်းသိမ်းသိမ်း နှင့် ရေရှည် တိုက်ခိုက်သွားမည်ဆိုက ရုန်းထွက်ရန် ခက်ခဲသည့် အနေအထားနှင့် ကြုံလာရဖို့ ရှိနေသည်။ အင်အား ၄၀,၀၀၀ ခန့် ရှိ ဟာမားစ် နှင့် အခြားအဖွဲ့များသည် အစ္စရေး အား ပျောက်ကျား စစ်ဖြင့် ပုန်းလျိုးကွယ်လျိုး ခုခံလာနိုင်သည်။

 

ထို့ပြင် အစ္စရေးသည် အရန်တပ်များကို လုပ်ငန်းခွင်ထဲမှ ခေါ်ထုတ် အသုံးပြုရမည် ဖြစ်၍ စစ်ပွဲရေရှည်လာသည်နှင့် အမျှ စီးပွားရေး ထိခိုက်လာတော့မည် ဖြစ်သည်။

 

အစ္စရေးတို့ ဆင်နွံမည့် စစ်ဆင်ရေးသည် တရားဝင်သဘော သက်ရောက်အောင် ဟာမားစ်တို့အား ဖယ်ရှားပြီးပါက အနောက်တိုင်းနှင့် အာရပ်မဟာမိတ်များအား ပါလက်စတိုင်းများအား အကူအညီပေးရန် အချက်ပြထားသင့်သည်။

 

ဘိုင်ဒင်သည် ဂါဇာတွင် ယုံကြည်စိတ်ချရသည့် ပါလက်စတိုင်း အုပ်ချုပ်ရေး အဖွဲ့ ထူထောင်သွားနိုင်ရန် လိုလားလျက် ရှိနေသည်။ နာသန်ယာအူးကလည်း ဂါဇာသို့ အနောက်ဖက်ကမ်းပါးရှိ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကို ခေါ်သွင်းချင်နေသည်။

 

ယခုလို ဖြစ်လာရခြင်းမှာလည်း နာသန်ယာအူးသည်ပါလက်စတိုင်းများအား လျစ်လျုရှုပြီး ဘေးဖယ်ထုတ်ထားခဲ့သည့် ၎င်း၏ နှစ်နှစ်ဆယ်ကြာ ကျင့်သုံးလာခဲ့သည့် အမှားကြောင့်ပင် ဖြစ်သည်။

 

(၂၀၂၃ အောက်တိုဘာ ၂၂ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ Israel’s window of legitimacy in Gaza is shrinking အား ကောက်နှုတ်တင်ပြသည်)