နိုင်ငံတော် အတိုင်ပင်ခံ ရေးပြီ

by Hla Soewai - Jan 24 2020

ဗြိတိန် နိုင်ငံထုတ် Financial Times သတင်းစာကြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ‘Give Myanmar time to deliver justice on war crimes’ ဆောင်းပါးကို ပြန်ဆို တင်ပြထားခြင်း ဖြစ်ပါတယ်။

 

 

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ နဲ့ လူအများအပြား အိုးအိမ်စွန့်ခွာရမှု များ အပေါ်  ပြီးပြည့်စုံစွာ စုံစမ်းစစ်ဆေးနိုင်ခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ယခု အပတ်အတွင်း တင်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

 

လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် Independent Commission of Enquiry (ICoE) မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ နဲ့ ထိခိုက်နစ်နာမှု ရှိခဲ့သူ စုစုပေါင်း သက်သေ ၁,၅၀၀ နီးပါး အား တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါတယ်၊ ဒီအတွက် ကမ္ဘာပေါ်ရှိ အခြားသော စုံစမ်းစစ်ဆေးသူများထက် ပိုပြီး ကိုယ်တွေ့ ကြုံခဲ့သူများ ရဲ့ ပြောဆိုတဲ့ အချက်အလက်များကို စုံစမ်း မေးမြန်းနိုင်ခဲ့ပါတယ်။

 

 

ပြည်တွင်းမှာ ထပ်မံ စစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားနိုင်ရန် အဆိုပါ အဖွဲ့မှ တွေ့ရှိချက်များ နှင့် ထောက်ခံတင်ပြချက်များကို ပြတ်ပြတ်သားသား တင်ပြလာနိုင်ခဲ့တဲ့အတွက် မထိရောက်ဖူးလို့ ကြိုတင် ထင်ကြေးပေးနေသူတွေကို အထင် နဲ့ အမြင် ကွာခြားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်၊ ပါဝင်လာခဲ့တဲ့ အချက်များသည် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် တာဝန်ခံနိုင်မှု ရှိရေး ဆွေးနွေးရန်၊ ဒေသအတွင်း အပြောင်းအလဲများ ဖြစ်ရေး လမ်းပြမြေပုံ တခု ထွက်ပေါ်လာနိုင်ရန် အသိပေးနိုင်ခဲ့တယ်ဆိုတဲ့ အခွင့်အရေး တခု ရရှိခဲ့တယ်ဆိုတာ မျိုး ဖြစ်သင့်ပါတယ်။

 

 

နိုင်ငံတကာ မှ တရားမျှတရေး  စနစ် ကို ရရှိရန် အချိန် နဲ့ စူးစိုက်လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်၊ အဆိုပါ လုပ်ငန်းစဉ်များသည် မိမိတို့ ထိခိုက်နစ်နာရပါတယ်လို့ ပြောလာသူများရဲ့ ထွက်ဆိုချက်များကို အထူး အလေးပေးပြီး နောက်ပိုင်းမှာ ၎င်းတို့ ပြောလာသမျှ နဲ့ ခွဲခြားမရ ဖြစ်လာတတ်ပါတယ်၊ ICoE ရဲ့ အစီရင်ခံစာကို မျှတသော စိတ်ဖြင့် လေ့လာဖတ်ရှု့ခဲ့ရာမှာ ရခိုင်ပြည်နယ် နှင့် ပတ်သက်ပြီး လက်ရှိ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေမှာ အဆိုပါ အန္တရာယ် ကြီး အမှန်တကယ် ရှိနေတာ ကို တွေ့မြင်ခဲ့ရပါတယ်။

 

 

 

နိုင်ငံတကာ တရားရုံး ၏ မြန်မာအပေါ် စွဲချက်တင်ခဲ့မှု မှာ တဖက် အကျိုးဆောင် ရှေ့နေရဲ့ တင်ပြချက်များ ၊ အာဂျင်တီနားတွင် လူပုဂ္ဂိုလ်အပေါ် မူတည်၍ တရားစွဲဆိုခဲ့မှုများသည် ကုလ လူ့အခွင့်အရေး ကောင်စီရဲ့ အချက်အလက် ရှာဖွေရေး အပေါ် ကျယ်ကျယ်ပြန့်ပြန့် အမှီပြုထားကြတာ ဖြစ်ပါတယ်၊ ဒါတွေ အားလုံးသည် ဘင်္ဂလားဒေ့ရှ် မှာ ရှိနေတဲ့ ဒုက္ခသည်များရဲ့  ပြောဆိုမှုများအပေါ် မရေမရာ အခြေခံထားတာတွေပဲ ဖြစ်ပါတယ်။

 

 

အချို့သော ဒုက္ခသည်များသည် တိကျခြင်း မရှိ သို့မဟုတ် ချဲ့ကား ပြောဆိုမှုများ ရှိနေတယ်လို့ ICoE အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်၊ ဒါတွေကို နားလည် ပေးနိုင်ပေမယ့် ဒီဖြစ်ရပ်တခုလုံးမှာ ကျမတို့ အပေါ် အုံနဲ့ ကျင်းနဲ့ ပုံစံတမျိုးတည်း ချပြီး စမ်းသပ်လာတာတွေ ရှိနေတယ်လို့ သဘောပေါက်လာရပါတယ်၊ နိုင်ငံတကာ တရားစီရင်ရေး စနစ်သည် နိုင်ငံများနှင့် အစိုးရများအပေါ် သက်သေခံ ထွက်ဆိုချက်များထဲမှ အထင်အမြင် လွဲမှားစေသော သတင်း အချက်အလက်များကို ဇကာတင်စီစစ်နိုင်စွမ်း ရှိအောင် လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိသေးတာ တွေ့ရပါတယ်၊ လူ့အခွင့်အရေး အဖွဲ့များ အနေနဲ့ ရာဇဝတ်မှုကြောင်း အရ စုံစမ်းစစ်ဆေးခြင်းဖြင့် သက်သေပြနိုင်ခြင်း မရှိသေးတဲ့ ကြေငြာချက်များ အပေါ် အခြေခံပြီး မြန်မာ ကို ရှုတ်ချခဲ့ကြပါတယ်။

 

 

ထိုကဲ့သို့ ပြစ်တင် ရှုတ်ချမှုများသည် ရခိုင်ပြည်နယ် တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးမှုများ ရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် အပျက်သဘော ဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ စစ်ဖက် နဲ့ အရပ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် ပြည်တွင်းမှာ အပတ်တကုတ် ကြိုးပမ်းနေတာတွေကိုလည်း ထိခိုက် ပျက်ပြားစေခဲ့ပါတယ်၊ ထို့အပြင် လွန်စွာ ကွဲပြားနေသော နိုင်ငံတနိုင်ငံ မှာ ရေရှည် တည်တံ့မယ့် ဖွံ့ဖြိုးမှုတွေ ရရှိအောင် အုတ်မြစ်ချပေးနိုင်တဲ့ ကျမတို့ ရဲ့ စွမ်းဆောင်မှုတွေကိုလည်း ဟန့်တား သလို ဖြစ်ခဲ့ပါတယ်၊ မြန်မာရဲ့ ပုံရိပ်ကို ယုံရွဲ့ စေယုံသာမက ကျမတို့ရဲ့ နိုင်ငံချင်း အပြန်အလှန် ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ပါတယ်၊ မြန်မာထက် အရင်းအမြစ်ပိုင်းမှာ အားနည်းနေတဲ့ နိုင်ငံတနိုင်ငံကို အခုလို ရှုတ်ချတာမျိုးတွေ လုပ်ခဲ့မယ်ဆိုရင် သူတို့အတွက် အကျိုးဆက်က အလွန့်အလွန်ကို ဆိုးဝါးသွားနိုင်ပါတယ်။

 

 

လူ့အခွင့်အရေး ကို အခိုင်အမာ ကာကွယ်မှု ပေးနိုင်ဖို့က ကုလသမဂ္ဂ နဲ့ အခြား အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ က အထောက်အထား မခိုင်လုံတဲ့ ပြောဆိုတင်ပြနေတာတွေ ကို အမှီပြုနေသော နည်းလမ်းများကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်၊ ထိခိုက်နစ်နာသူတွေရဲ့ အသံကို နားထောင်ပေးရမှာ ဖြစ်ပြီး ကျမတို့ အဖို့ ဂရုဏာ သက်ခဲ့ရပါတယ်။ ဒါပေမယ့် အချက်အလက် ရှာဖွေသူများ အနေနဲ့ အမှန်ကို ရရှိရန် နိုးနိုးကြားကြား နဲ့ သတိဝိရိယ ထားရှိဖို့ကလည်း အလားတူ အရေးပါလှပါတယ်။

 

 

ကျမ အိုင်စီဂျေမှာ ပြောခဲ့ပါတယ်။ အကယ်၍ ICoE အစီရင်ခံစာမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ နဲ့ စပ်လျင်းပြီး သက်သေအထောက်အထား တွေ ထပ်မံ ပါရှိလာခဲ့လို့ ရှိရင် ပြည်တွင်းမှာ စစ်ဆေး အရေးယူသွားမှာ ဖြစ်ပါတယ်ဆိုတာကိုပါ၊ အခု ICoE က နေ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အရပ်သားများ နဲ့ ARSA အဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခ အတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတွေ ရှိတယ်လို့ ကောက်ချက်ချလာပြီ ဖြစ်ပါတယ်၊ အရပ်သားများကို သတ်ဖြတ်ခြင်း၊ အင်အားကို မတန်တဆ အသုံးပြုခဲ့ခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ခြင်း၊ စွန့်ခွာ ထွက်ပြေးသွားတဲ့ မူဆလင်များရဲ့ အိမ်ကို ဖျက်ဆီးခြင်း အစရှိတဲ့ အသေးစိတ် အချက်အလက်တွေ ပါရှိလာပါတယ်။ ဒါပေမယ့် လူမျိုးတုံး သတ်ဖြတ်မှု တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ပါရှိမလာခဲ့ပါဘူး။

 

 

မြန်မာရဲ့ ပြည်ထောင်စု ရှေ့နေချုပ်မှလည်း ကျေးရွာများကို မီးရှို့ လုယက် တာတွေ ကျူးလွန်ခဲ့တဲ့ အရပ်သားများကိုလည်း စုံစမ်း စစ်ဆေးသွားမယ်လို့ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ကျူးလွန်ကောင်း ကျူးလွန်ခဲ့ကြမယ့်  စစ်ရာဇဝတ်မှုများကို ကျမတို့ရဲ့ စစ်ဖက်တရားစီရင်ရေး စနစ်နဲ့ အရေးယူ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။

 

 

ကျမတို့ အနေနဲ့ အဆိုပါ ဥပဒေ လုပ်ငန်းစဉ်များရဲ့ သမာသမတ်ရှိမှုကို လေးစားဖို့ လိုပါတယ်။ ဒီနေရာမှာ မြန်မာ၏ ရာဇဝတ်ကြောင်းဆိုင်ရာ တရားစီရင်ရေး စနစ်သည် နိုင်ငံတကာ ဥပဒေ လုပ်ငန်းစဉ်တွေလို ပုံမှန် အားဖြင့် ပေးထားသော အချိန်တွေရဲ့ သုံးပုံတပုံ နဲ့ ပြီးဆုံးရမယ်ဆိုပြီး အကျိုးအကြောင်း မဆီလျော်တဲ့ တောင်းဆိုမှုတွေ မပြုလုပ်ဖို့လည်း ရှောင်ကျဉ် ရမှာ ဖြစ်ပါတယ်။

 

 

လက်နက်ကိုင် တပ်ဖွဲ့ အနေနဲ့ ၎င်းတို့ရဲ့ အဖွဲ့ဝင်များအကြား တာဝန်ခံမှု ရှိရမယ် ဆိုခြင်းသည် ကိုယ့်အတွက် အကျိုးရှိတယ် ဆိုတာ သဘောပေါက်ဖို့နဲ့ အမှန်တကယ် စစ်ဆေး အရေးယူရေး ဆက်လုပ်သွားဖို့ ဆိုတာ ဘယ်တုန်းကမှ အလွယ်တကူ မဖြစ်ခဲ့ပါဖူး၊ ဒါတွေ အားလုံး ကလည်း ကမ္ဘာတဝှမ်း မှာ ဖြစ်နေကြတာပါ ၊ ဒီလို အကြောင်းတွေ ရှိနေလို့ နိုင်ငံတကာ တရားစီရင်ရေး စနစ် ချက်ခြင်း လက်ငင်း ဆိုသလို ပါဝင်လာသင့်တယ်လို့ မဆိုလိုပါဖူး။

 

 

ပြည်တွင်း တရားစီရင်ရေး စနစ် ကို သူရဲ့ လမ်းကြောင်း အတိုင်း သွားနိုင်အောင် လုံလောက်တဲ့ အချိန်ပေး မှသာ လျှင် မြန်မာနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်မှုများအား ဖြေရှင်းနိုင်စွမ်း ကို အမြင်ကျယ်ကျယ် နဲ့ ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

 

 

တရားမျှတမှု ကသာလျှင် ကျမတို့ အချင်းချင်း အကြား မယုံကြည်မှုများ၊ စိုးရိမ် ထိတ်လန့်နေမှုများနဲ့ မတူညီသော လူ့အဖွဲ့အစည်းများအကြား ကာလကြာမြင့်စွာ ဖြစ်နေခဲ့တဲ့ အကြမ်းဖက်မှု သံသရာ ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်၊ ဒါတွေ အားလုံးဟာ ကျမရဲ့ ရည်မှန်းချက်တွေ ဖြစ်ပြီး ဒီရည်မှန်းချက်တွေ အောင်မြင်အောင် ကျမတို့ ကြိုးပမ်းနေတာ လည်း ဖြစ်ပါတယ်၊ နိုင်ငံတကာ က လိုလားတဲ့ တရားမျှတမှုသည် ရခိုင်ပြည်နယ်အတွင်း အခြေအနေများအပေါ် ဆွေးနွေးမှုများမှာ ထင်ဟပ်နေတဲ့ ဆန့်ကျင်ဖက် အစွန်းနှစ်ရပ် ရောက်ရှိနေမှုတွေ ရဲ့ ကြားမှာ စတေး မခံသင့်ပါဘူး။