အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(6)

by Hla Soewai - Oct 28 2023

မင်းအောင်လှိုင် ခေတ် ထောက်လှမ်းရေး (၂)

 

မင်းအောင်လှိုင် နှင့် ရဲဝင်းဦး တို့နှစ်ဦးသည် နိုင်ငံအရေးအရာ များတွင် ထောက်လှမ်းရေးအား ပြန်လည်နေရာ ပေးပြီး ချဲ့ထွင်လာရသည်နှင့်အမျှ ခင်ညွန့် နှင့် သူ၏ တပည့်တပန်းများ၏ အကြံဉာဏ်ကို ယူရသည် အထိ ဖြစ်လာခဲ့သည်။ ယင်းသည်လည်း ၂၀၀၄ ခုနှစ် နောက်ပိုင်း ထောက်လှမ်းရေး အဖွဲ့ကြီး တခုလုံး သန့်စင်ခံခဲ့ရပြီး ၎င်းတို့၏ လှုပ်ရှားမှု များ အား အတင်းအကျပ် ကန့်သတ်ခံခဲ့ရ၍ လူသစ်များ လေ့ကျင် ပျိုးထောင်နိုင်ခြင်း မရှိတော့၍ လက်ရှိ မတည်ငြိမ်သော အနေအထားကို ကိုင်တွယ်ဖို့ လူဟောင်းများအား ပြန်ခေါ်ပြီး အကြံဉာဏ်များ ယူဖို့ လိုအပ်လာခြင်းလည်း ဖြစ်သည်။

 

အကြီးတန်း ထောက်လှမ်းရေး အရာရှိ ဟောင်းကြီးများ အားလုံးလိုလိုမှ အဓိက အကြံပေးလာသည်က ပြည်ပ ဆက်ဆံရေး နှင့် ပတ်သက်သော အကြောင်းများပင် ဖြစ်သည်။ ထိုအထဲမှ တဦး အား နေပြည်တော်တွင် "အချိန်ပြည့် အကြံပေး" အဖြစ် ခန့်အပ်ထားသည်ဟု ဆိုသည်။

 

၂၀၂၂ ဒီဇင်ဘာလ တွင် မင်းအောင်လှိုင်သည် အယ်ဇိုင်းမား ရောဂါ ခံစားနေရသော ခင်ညွန့်အား အိမ်တိုင်ယာရောက် သွားရောက်တွေ့ဆုံခဲ့သည် သတင်းသည် ၎င်းတို့ပိုင် မီဒီယာများတွင် အကျယ်တဝန့် ဖေါ်ပြလာခဲ့သည်။ သူနှင့်အတူ ရဲဝင်းဦးလည်း အတူ လိုက်ပါခဲ့သည်ဟု ဆိုသည်။

 

စစ်တပ်ရှိ ကဏ္ဍ အသီးသီးသို့ ဘတ်ဂျက်အား မည်ရွေ့မည်မျှ ပမာဏ ခွဲဝေပေးနေသည် ဆိုသည်အား မည်သည့် အခါမျှ ထုတ်ဖေါ်ပြောဆိုခဲ့ဖူးခြင်း မျိုး မရှိပေ။ သို့သော် ၂၀၂၁ ဖေဖေါ်ဝါရီ နောက်ပိုင်း စစ်အသုံးစရိတ်အား ဒလဟော တိုးချဲ့သုံးစွဲလာခဲ့ရာတွင်‌ ထောက်လှမ်းရေး အတွက်လည်း ပို၍ လျာထား ပေးလာမည် ဟု ယူဆ၍ ရနိုင်ပေသည်။

 

၂၀၂၂-၂၃ တွင် မင်းအောင်လှိုင်သည် လက်နက်ကိုင် တပ်များ အတွက် စုစု‌ ပေါင်း ကျပ်ငွေ လေးတြီလီယံ အထိ ချထားပေးခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ တွင် စစ်တပ်သည် နောက်ထပ် ကျပ် ဘီလီယံ ၄၄၀ ရရှိခဲ့ပြန်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာရေး နှစ် အတွက် စစ်အသုံးစရိတ် အား ၅.၆ တြီလီယံ ကျပ် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ) အထိ လျာထား ပေးထားပြီး တနိုင်ငံလုံး အသုံးစရိတ် ၏ ၂၅ ရာနှုန်း ကျော် ရှိနေသည်။ ယင်းသည် တရားဝင် ဖေါ်ပြထားသည့် စာရင်းဇယား သာ ဖြစ်ပြီး ၎င်းတို့၏ အခြား ‌ဝင်‌ ငွေများမှ တရားဝင်ရော၊ တရားမဝင်ပါ ထည့်သွင်း သုံးစွဲခြင်းမျိုး မပါသေးပေ။

 

အများစုကို လက်နက်သစ်များ၊ စစ်ပစ္စည်းများ ဝယ်ယူရေး နှင့် ထုတ်လုပ်ရေး၊ ကုန်ဆုံးလာနေသော လက်နက်ခဲယမ်းများ ပြန်လည် ‌ဖြည့်တင်းရေး တို့ တွင် သုံးစွဲနေသည်ဟု ကုလ လူ့အခွင့်အရေး တာဝန်ခံ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ စစ်သည်များ၏ လစာနှင့် ကျယ်ပြောလှသော ကာကွယ်ရေး လုပ်ငန်းပိုင်း များတွင် ပြုပြင် မွမ်းမံ ထိန်းသိမ်းစရိတ်များ အတွက်လည်း ဖယ်ထားရပြန်သည်။

 

ထိုသို့သော အနေအထားတွင် ၎င်းတို့အဖို့သေရေးရှင်ရေး တမျှ အရေးကြီးလာနေသည့် ထောက်လှမ်းရေး လုပ်ငန်းများ အတွက် ရက်ရက်ရောရော ခွဲဝေ သုံးစွဲခြင်း မရှိဟုဆိုက အံ့ဩစရာ ဖြစ်လာပေလိမ့်မည်။

 

အခြားထောက်လှမ်းရေး အဖွဲ့များဖြစ်သော ရဲတပ်ဖွဲ့ အထူးစုံစမ်းရေး အဖွဲ့ SB နှင့် စီအိုင်ဒီတို့ အတွက် လိုအပ်သလို ဘတ်ဂျက်များ အားလည်း တိုး၍ ချပေးလာမည်လည်း ဖြစ်သည်။

 

မကြာခင်က ထုတ်ပြန်ခဲ့သော အမေရိကန် အစိုးရ အစီရင်ခံစာတွင် ရဲအဖွဲ့သည် ပြည်တွင်းလုံခြုံရေး အတွက် အဓိက တာဝန် ယူထားသည်ဟု ဖေါ်ပြထားသည်။

 

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေများ ကြားတွင် ထိုအတိုင်း ဆက်ရှိနေမည် ဆိုက ၂၀၀၄ နောက်ပိုင်း စစ်ထောက်လှမ်းရေး သည် ဆိုးဆိုးရွားရွား အားနည်းလာနေ၍ ပြည်တွင်း လုံခြုံရေး ပိုင်းအား တာဝန်ပေး၍ မဖြစ်တော့ပဲ စစ်တပ်နှင့် ပတ်သက်သည့် လတ်တလော စိုးရိမ်စရာ ရှိနေသည်များကိုသာ အာရုံစိုက်ခိုင်းရန် ဆုံးဖြတ်လာခြင်း မျိုး ဖြစ်နိုင်စရာ ရှိနေသည်။

 

ယခုအခါ နိုင်ငံသည် ပြည်တွင်းစစ်ကြီး နှင့် ရင်ဆိုင်လာရပြီ ဖြစ်၍ နိုင်ငံတွင်း လုံခြုံရေး ကိစ္စများသည် စစ်တပ်အတွက် စိုးရိမ်မကင်း ဖြစ်စရာ အနေအထားသို့ အခိုင်အမာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်နှင့် အမျှ လိုအပ်နေသည့် အရင်းအမြစ်များ အား ထောက်လှမ်းရေး အား ပုံအော် ပံ့ပိုးပေးတော့မည်သာ ဖြစ်သည်။ သို့သော် တရားဝင် သတ်မှတ်ပေးထားသော တာဝန်ခွဲဝေပေးမှုများ ကတော့ မပြောင်းလဲပဲ ဆက်ရှိနေမည်သာ ဖြစ်သည်။

 

သို့မှသာ စစ်တပ်သည် အရပ်ဖက်နှင့် ပတ်သက်သော ကိစ္စများမှ သည် သောင်းကျန်းမှု တန်ပြန်တိုက်ဖျက်ရေး ဖက်သို့ လုံးလုံးလျားလျား အာရုံစိုက်နိုင်မည် ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ အမေရိကန် အစီရင်ခံစာတွင် ရဲအဖွဲ့နှင့် နယ်ခြားစောင့် တပ်ဖွဲ့များသည် ပြည်ထဲရေး ဝန်ကြီးဌာန အောက်တွင် ရှိနေပြီး စစ်ဖက် အကြီးအကဲတဦး အား ဦးဆောင်စေကာ စစ်ရုံးချုပ် သို့ အစီရင်ခံရသည်ဟု ဆိုသည်။