အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(5)

by Hla Soewai - Oct 28 2023

မင်းအောင်လှိုင် ခေတ် ထောက်လှမ်းရေး

 

မြန်မာ ရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများသည် ၂၀၂၁ မတိုင်မီ ကတည်းက ပြောင်းလဲလာနေပြီ ဖြစ်သည်။ ၂၀၀၄ ခုနှစ် တွင် ဖုတ်ကြည်းမီးသင်္ဂြိုလ် ခံခဲ့ရပြီး ချိန်မှစ၍ ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့ပြီး စွမ်းဆောင်ရည် များ တိုးတက်လာကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် လက်ထက်တွင်ပင် နိုင်ငံသားများ၏ အခွင့်အရေးများကို ခြိမ်းခြောက်လာနိုင်ခဲ့သည်။

 

အာဏာသိမ်းပြီး နောက်တွင်မူ ပို၍ ပင် အစွမ်းထက်လာခဲ့သည်။ နိုင်ငံအနှံ့ ဆန့်ကျင်မှု များ အား နှိမ်နှင်းနိုင်ရန် အာဏာသိမ်း အဖွဲ့ အတွက် ထောက်လှမ်းရေး လုပ်ငန်းများသည် အဓိကကျသည့် နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ စစ်ဖက် လုံခြုံရေးရာဌာန Office of the Chief of Military Security Affairs (OCMSA) အကြီးအကဲ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား စစ်ကောင်စီ အဖွဲ့ဝင် အဖြစ် ခန့်အပ် တာဝန်ပေးလာခြင်းသည် တိုက်ဆိုင်မှု မျိုးတော့ မဟုတ်ပေ။

 

ထိုဌာန၏ ယခင် အကြီးအကဲ ဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးအားလည်း အလားတူ စစ်ကောင်စီ ထဲ ထည့်သွင်းလာခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိ ဒုသမ္မတ ဖြစ်နေပြန်သည့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေသည်လည်း ယခင်က ထိုဌာန၏ အကြီးအကဲ အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်။

 

သို့သော်လည်း ထောက်လှမ်းရေး အကြီးအကဲ ရာထူးအား ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကဲ့သို့ မိမိသဘောနှင့် မိမိလုပ်ပိုင်ခွင့်ရသည် အထိ ကျော‌ ဇောလာသည့် အနေအထားမျိုး အထိ ခွင့်ပြုမည့် ပုံမျိုးတော့ မရှိပေ။ ထောက်လှမ်းရေး လုပ်ငန်းများ၏ အရေးပါပုံကိုတော့ ကောင်းစွာအသိအမှတ်ပြုလာခဲ့ပြီ ၎င်းတို့ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ရန် ပဓာန ကျသော အစိတ်အပိုင်း ဖြစ်သည် ဆိုသည်ကိုလည်း သဘောပေါက်ထားခဲ့သည်။

 

အာဏာသိမ်းပြီး နောက်ပိုင်းတွင် OCMSA အား အထက်မြန်မာ ပြည် နှင့် အောက်မြန်မာပြည် အတွက်ဟူ၍ ဌာန နှစ်ခု ခွဲလာခဲ့သည်။ အထက် မြန်မာပြည် ဌာနခွဲ အတွက် ဗိုလ်ချုပ် အောင်ကျော်ကျော်က တာဝန်ယူခဲ့ပြီး၊ အောက်မြန်မာပြည် အတွက် ဗိုလ်ချုပ် ကျော်ကျော်လွင်အား တာဝန်ပေးခဲ့သည်။ သူတို့ နှစ်ဦး စလုံးသည် ဆရာသမား ဖြစ်သူ ရဲဝင်းဦး အား သူ့ လက်ထောက် ဖြစ်သည့် ဗိုလ်ချုပ် တိုးရီမှ တဆင့် တင်ပြအစီရင်ခံကြရသည်။

 

ထိုသုံးဦးစလုံးသည် ဗိုလ်ချုပ် အဆင့်မျှသာ ရှိသော်လည်း တိုက်ခိုက်ရေး ဖက်တွင် အဓိက တာဝန်ယူထားရသည့် တိုင်းမှုး နှင့် အဆင့်တူ ပေးထားသည်။ ဤသည်ကပင် ထောက်လှမ်းရေးအား နေရာ ပေးလာသည့် နောက်ထပ် လက္ခဏာတရပ်လည်း ဖြစ်ပေသည်။

 

တချိန်တည်းတွင် OCMSA အား တိုးချဲ့လာခဲ့ပြန်သည်။ ဆိုလိုသည်က စစ်အာဏာသိမ်း အဖွဲ့အား အကာအကွယ်ပေးရန် အမှုထမ်းများ၊ အာဏာ နှင့် လုပ်ပိုင်ခွင့် များ တိုး၍ ရရှိလာခြင်းပင် ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျဆုံးခန်း ရောက်သွားပြီး နောက်ပိုင်း ထောက်လှမ်းရေး သည် နယ်ပယ်ပေါင်းစုံတွင် ပထမဆုံးအကြိမ် လှုပ်ရှားခွင့် ရလာခဲ့ခြင်းလည်း ဖြစ်သည်။ OCMSA သည် အခြား ထောက်လှမ်းရေး အဖွဲ့များ ဖြစ်သည့် SB, CID, BSI တို့နှင့် ပူးတွဲလှုပ်ရှားနေသည် ဆိုသော်လည်း ၎င်းတိုသည် အထက်စီး သို့ နောက်တကြိမ် ပြန်ရောက်လာကြပြီ ဖြစ်သည်။

 

ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သော ရဲဝင်းဦး၏ တာဝန်သည် လက်နက်ကိုင် တပ်များ၏ စိတ်ဓါတ် ရေးရာ ပိုင်းကို စောင့်ကြည့်ရပြီး အကယ်၍ တဖွဲ့ဖွဲ့ မှ ပုန်ကန်လာမည့် အရေးမြင်လျှင် ကြိုတင် ဟန့်တားပြီး ခေါင်းဆောင်ကြီး ဖြစ်သူ မင်းအောင်လှိုင်အား ကာကွယ်ပေးသွားရန် ဖြစ်သည်။

 

၎င်းအဖို့က လူထု၏ အခွင့် အာဏာ အပ်နှင်းခြင်း မခံရသူ ဖြစ်နေ၍ အာဏာတွင် ဆက်လက် တည်မြဲခွင့် ရရေး အတွက် လက်အောက်ခံ တပ်များ၏ သစ္စာရှိမှု အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသူ ဖြစ်သည်။ စစ်တပ် အတွင်း အုပ်စုများ အတူတွဲ၍ ဆန့်ကျင်လာခြင်း၊ တိုက်ခိုက်ရေး တပ်မဟာ တခု မှ ပုန်ကန်လာမှု ဖြစ်လာခြင်းမျိုးတို့ ကြုံရပါက ၎င်းအနေဖြင့် နိုင်ငံကို ဆက်လက် အုပ်စီးသွားနိုင်ရေး ကို အပြင်းအထန် ခြိမ်းခြောက်လာပေတော့မည်။

 

အလားတူပင် အရာရှိ အရာခံ အကြပ်တပ်သားများ အား ယုံကြည် စိတ်ချ ရဖို့ နှင့် လမ်းလွဲမသွားရေး ကြပ်မပ် စောင့်ကြည်နိုင်ဖို့ ကို အထူးဦးစားပေး လုပ်ငန်း အဆင့် သတ်မှတ်ထားသည်။ ထိုတာဝန်သည် OCMSA အပေါ် ကျရောက်လာခဲ့သည်။

 

ထို့ပြင် တပ်တွင်းရှိ မိသားစုများ အကြား ဆန့်ကျင်လိုသည့် အရိပ်အ‌ယောင်များ ရှိမရှိ၊ စိတ်ဓါတ်ကျဆင်းလာမှုများ ရှိမရှိ ကို နည်းလမ်း‌ ပေါင်းစုံ သုံး၍ စောင့်ကြည့်နေကြရပြန်သည်။ ထိုအထဲတွင် အောက်လက်ငယ်သားများ ဆက်၍ တိုက်ချင်ခိုက်ချင် စိတ်များ ရှိနေအောင် ၎င်းတို့ စိတ်ဓါတ် ကျဆင်းစရာ ဖြစ်စေနိုင်သည့် လက်ရှိ အခြေအနေ များ အား မသိအောင် ဖုံးဖိထားနိုင်မည့် နည်းလမ်းများလည်း ပါဝင်သည်။

 

ထိုနည်းလမ်းများသည် ယခင် ငြိမ်ပိ စစ်အာဏာသိမ်း အဖွဲ့ လက်ထက်ကတည်းကပင် တပ်သား ဆယ်‌ယောက်လျှင် သတင်းပေး ဒလန် တယောက် နှုန်း ‌ဖြင့် စောင့်ကြည့်စေခဲ့ပြီး ဖြစ်သည်။ ထိုသို့ ထားရှိသည့် နှုန်းသည် လက်ရှိအာဏာသိမ်းပြီးနောက်တွင် လျော့ကျသွားဖို့ မရှိပဲ ပို၍ သာ တိုးလာဖို့ ရှိနေပေသည်။

 

စစ်ထောက်လှမ်းရေး အတွက် နောက်ထပ် အလုပ်သစ်တခု ထပ်တိုးလာရသည်က ၎င်းတို့အား ဆန့်ကျင် တွန်းလှန်နေသည့် တော်လှန်ရေး အင်အားစုများထံ ငွေကြေး စီးဆင်းနေမှု အား ပိတ်ဆို့တားဆီးရန်ပင် ဖြစ်သည်။ ထိုလုပ်ငန်းရပ်အား အကောင်အထည် ဖေါ်ရန် ဆယ်တစ်ဦးပါ ကော်မတီအား ဖွဲ့စည်းလာခဲ့သည်။

 

ထိုအဖွဲ့တွင် အမျိုးသား လုံခြုံရေး အေဂျင်စီ၊ အထူးစုံစမ်းစစ်ဆေးရေး ဗျူရို ဘီအကိစ်အိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မှုခင်း ထောက်လှမ်းရေး စီအိုင်ဒီ၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဘ‌ဏ္ဍာရေး ဖက်ဆိုင်ရာ ထောက်လှမ်းရေး ယူနစ် Financial Investigation Unit (FIU) နှင့် ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။

 

တချိန်တည်းတွင် မိုဘိုင်း ဖြင့် လွှဲသော ငွေများ စီစစ်ရန် "mobile money investigation team" အားလည်း ဖွဲ့စည်းလိုက်ပြီး ဗဟိုဘဏ် ကိုယ်စားလှယ်မှ ဥက္ကဌ၊ OCMSA မှ အတွင်းရေးမှုး၊ စီအိုင်ဒီ နှင့် ဘီအက်စ်အိုင် ကိုယ်စားလှယ်များ ပါဝင်သည်။

 

ထိုအဖွဲ့သည် မြန်မာပြည်တွင် မိုဘိုင်းမှ ငွေလွှဲရာတွင် အများဆုံး သုံးနေကြသည့် KBZpay နှင့် WavePay အကောင့်များကို စစ်ဆေးရမည် ဖြစ်သည်။ OCMSA, CID, နှင့် FIU တို့သည် ခြေရာခံ ထောက်လှမ်းကာ ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းတို့ လုပ်လာခဲ့သည်။ ဖမ်းဆီးရမိသူများအား ‌နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ အချို့ အမှု များတွင် သေဒဏ်အထိပင် စီရင်ခဲ့ကြသည်။

 

ထိုသို့ အဖွဲ့များ ဖွဲ့စည်းထားရန်ကို ယခင်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်မှ မင်းအောင်လှိုင်အား အကြံပေးခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။