အစ္စရေး ဝန်ကြီးချုပ်မှ အိုင်စီစီကို ဆန့်ကျင်ကြရန် ကမ္ဘာတဝှမ်းသို့ ပန်ကြား

by Hla Soewai - Jan 23 2020

အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟူး မှ နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီစီ နှင့် ထို အဖွဲ့အစည်းတွင် လုပ်ကိုင်နေသူများအား စီးပွားရေး အရ  ပိတ်ဆို့ အရေးယူရန် ကမ္ဘာတဝှမ်းကို ပန်ကြားလိုက်ပြီ ဖြစ်ပါတယ်။ အိုင်စီစီ ၏ ဥပဒေ အကျိုးဆောင်ချုပ် မှ အစ္စရေးအား စွပ်စွဲထားသော စစ်ရာဇဝတ်မှု များကို စုံစမ်းစစ်ဆေးရန် ရှိနေသည်ဟု ကြေငြာချက် ထုတ်ပြန်ပြီးနောက် ယခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

“ဒီကိစ္စ ကို လူတိုင်း ဆန့်ကျင်သင့်တယ်လို့ မိမိ ယူဆကြောင်း” ကမ္ဘာအကြီးမားဆုံး ခရစ်ယာန် ရုပ်မြင်သံကြား ကွန်ယက် ဖြစ်သည့် Trinity Broadcasting Network နဲ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

“အမေရိကန် သမ္မတ ထရန့် အစိုးရကလည်း အိုင်စီစီ ၏ ကြောင်သူတော် လုပ်ရပ်များကို အပြင်းအထန် ဆန့်ကျင်ပြောဆိုခဲ့ပြီး ဖြစ်တဲ့ အတွက် ကျွန်တော်အနေနဲ့ ရုပ်မြင်သံကြား ပရိသတ် ကို အလားတူ ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်၊ အိုင်စီစီ တရားရုံး၊ အဲ့ဒီမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများ နဲ့ ဥပဒေ အကျိုးဆောင် အားလုံး ကို ပြတ်ပြတ်သားသား အရေးယူ ပိတ်ဆို့သွားဖို့ လည်း တောင်းဆိုပါတယ်”

 

 အာဖဂန်နစ္စတန် တွင် အမေရိကန် တပ်ဖွဲ့များ၏ လုပ်ရပ်ကို အိုင်စီစီမှ အရေးယူမည့် အလားအလာများအတွက် အမေရိကန်က အလားတူ နည်းမျိုးနဲ့ ဆန့်ကျင် ပိတ်ဆို့ခဲ့ဖူးပါတယ်။ ယမန်နှစ် မတ်လအတွင်းက အမေရိကန်သည် အိုင်စီစီ အရာရှိများကို ပြည်ဝင်ခွင့် ငြင်းဆိုခဲ့ပြီး အိုင်စီစီ ဥပဒေ အကျိုးဆောင်ချုပ် မစ္စက် ဖာတို ဘင်ဆိုဒါ အား ပေးခဲ့တဲ့ ပြည်ဝင်ခွင့် ဗီဇာအားလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

 

ထို့အတွက်ကြောင့် အိုင်စီစီ တရားသူကြီးများက နောက်ပိုင်းမှာ အမေရိကန်ကို အမှုဖွင့်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ သက်ဆိုင်သူများ ဖြစ်သော အာဖဂန် အာဏာပိုင်များ၊ တာလီဘန် နှင့် အမေရိကန်တို့၏ ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့်လို့ အကြောင်းပြခဲ့ကြပါတယ်။

 

နာသန်ယာဟူးသည်လည်း အိုင်စီစီ အရာရှိများကို ပြည်ဝင်ခွင့် ပိတ်ပင်မည်လား ဆိုတာ မသဲကွဲသေးဖူးလို့ ဆိုပါတယ်။ အစ္စရေး မှ စစ်ရာဇဝတ်မှုများ ကျူးလွန်တယ်လို့ စွပ်စွဲထားသော ဒေသများ ဖြစ်တဲ့ အနောက်ဖက်ကမ်းပါး၊ အရှေ့ ဂျေရုဆလင် နဲ့ ဂါဇာ ကမ်းမြှောင် ဒေသတွေဟာ အစ္စရေးရဲ့ ထိမ်းချုပ်မှု အောက်မှာ ရှိနေပါတယ်။

 

မစ္စက် ဘင်ဒိုဒါ သည် ၂၀၁၄ ခုနှစ် ဂါဇာ စစ်ပွဲအတွင်း အစ္စရေး နှင့် ဟာမားစ်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲ အတွင်း ကျူးလွန်မှုများ အပြင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဂါဇာ ဒေသရှိ ပါလက်စတိုင်း ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နှင်းခဲ့ခြင်းကြောင့် ကလေး သူငယ် ၄၀ နှင့် လူ နှစ်ရာ ခန့် သေဆုံးခဲ့ရမှုကိုလည်း စစ်ဆေးရန် ရှိတယ်လို့ မစ္စက် ဘင်ဒိုဒါက ပြောခဲ့ပြန်ပါတယ်။

 

သူမက ဒုတိယ ကမ္ဘာစစ်အပြီး ပြဌာန်းခဲ့တဲ့ ဂျီနီဗာ သဘောတူညီချက်အရ သိမ်းပိုက်နယ်မြေများကို အရပ်သားများ ရွှေ့ပြောင်းပေးမှုအား ပိတ်ပင်ထားခဲ့သဖြင့် ၎င်းကို ကိုးကားပြီး အနောက်ဖက် ကမ်းပါး သို့ အစ္စရေး မှ လူများ ရွှေ့ပြောင်းပေးနေခြင်းသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေတယ် ဆိုတာ ယုံကြည်စရာ အကြောင်းများ ရှိတယ်လို့ ဆိုပါတယ်။

 

 

ပါလက်စတိုင်း မြေ အတော်များများအား အစ္စရေး ပိုင် နယ်မြေများ အဖြစ် ကြေငြာဖို့ ရှိနေတဲ့ နာသန်ယာဟူးကတော့ အိုင်စီစီသည် အစ္စရေး၏ အခွင့်အရေးများ၊ ဂျူးပြည်သူများ၏ ရပိုင်ခွင့်များကို နင်းခြေရန်  ကြိုးပမ်းနေတယ်လို့လည်း တွေ့ဆုံမေးမြန်းခန်း မှာ ပြောကြားခဲ့ပါတယ်။

 

 

အစ္စရေး သည် အိုင်စီစီ အခွင့်အာဏာ ပြဌာန်းပေးထားတဲ့ ရောမ စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဖူး။  သို့သော် ပါလက်စတိုင်းသည် ကုလသမဂ္ဂ မှ ၂၀၁၂ ခုနှစ်တွင် ပေးခဲ့တဲ့ လေ့လာသူ အဆင့်အတန်း ကို အသုံးချပြီး အိုင်စီစီ အဖွဲ့ဝင် အဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးကတော့ ပါလက်စတိုင်းသည် နိုင်ငံမဟုတ်တဲ့ အတွက် တရားရုံးကို ဦးတိုက် လျှောက်ထားခွင့် မရှိဖူးလို့ ဆိုပါတယ်။

 

 

မစ္စက် ဘင်ဒိုဒါ က အိုင်စီစီ တရားသူကြီးများထံမှ သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများ အရေး တရားစီရင် ပိုင်ခွင့် အတည်ပြု ပေးရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။

 

(အိုင်စီစီ ကိုင်တွယ်နေသော အမှုများတွင် ထိခိုက်နစ်နာသူများမှာ မူဆလင် များသာ ဖြစ်နေ၍ အိုင်စီစီသည် ရှာရီယာ တရားရုံး ဖြစ်နေပြီလောဟု မိမိအနေဖြင့် အတွေးပေါက်လာမိခဲ့ပါတယ်)

 

ကိုးကား၊ ၊ The Guardian (UK)