အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(4)

by Hla Soewai - Oct 16 2023

ထောက်လှမ်းရေး အကြီးအကဲများ

 

မြန်မာ ထောက်လှမ်းရေး အကြီးအကဲများ၏ အမည်စာရင်း ပြုစုရခြင်းသည် ရှုပ်ထွေးလှသည်၊ အမည်များ နှင့် တည်ဆောက်ဖွဲ့စည်းပုံ ပြောင်းလဲခြင်း၊ အုပ်ချုပ်သူ နှင့် ဆက်ဆံရေး၊ ၎င်း အပေါ် သစ္စာခံမှု အစရှိသည်တို့ အမြဲလို ရွေ့လျား ပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။

 

သို့သော်ငြားလည်း ပြီးခဲ့သည့် ၆၅ နှစ် တာ ကာလအတွင်း ထောက်လှမ်းရေး အကြီးအကဲများ၏ အမည် နှင့် ရာထူးများကို အတတ်နိုင်ဆုံး ပြုစု နိုင်ခဲ့သည်။

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး - ဗိုလ်မှုးကြီး လွင် - ၁၉၅၉-၁၉၆၉

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး - ဗိုလ်မှုးကြီး ချစ်ခင် - ၁၉၆၉-၁၉၇၂

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး -ဗိုလ်မှုးချုပ် တင်ဦး - ၁၉၇၂-၁၉၇၈ 

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး - ဗိုလ်မှုးကြီး အောင်ဌေး - ၁၉၇၈-၁၉၈၀

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး - ဗိုလ်မှုးကြီး ကံညွန့် - ၁၉၈၂-၁၉၈၃ မေလ

 

စစ်ထောက်လှမ်းရေး ညွှန်ကြားမှု ရုံး - ဗိုလ်မှုးကြီး အောင်ကိုး - ၁၉၈၃ မေလ - ၁၉၈၃ စက်တင်ဘာ

 

ကာကွယ်‌ရေး ဝန်ကြီးဌာန ထောက်လှမ်း - ဗိုလ်မှုးကြီး/ဗိုလ်ချုပ် ခင်ညွန့် - ၁၉၈၃ ဒီဇင်ဘာ - ၂၀၀၁

 

ထောက်လှန်းရေး နှင့် မဟာဗျုဟာ လေ့လာရေး ဌာန 

စစ်ထောက်လှမ်းရေး အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် - ၂၀၀၁ - ၂၀၀၄ အောက်တိုဘာ

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ - ၂၀၀၄-၂၀၀၅

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် - ၂၀၀၅-၂၀၁၀

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ - ၂၀၁၀-၂၀၁၄

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး - ၂၀၁၄-၂၀၁၆

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် - ၂၀၁၆ - ၂၀၂၀

 

စစ်ဖက် လုံခြုံရေးရာ ဌာန အကြီးအကဲ ရုံး - ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး- ၂၀၂၀ - လက်ရှိ

 

ထောက်လှမ်းရေး နှင့် အာဏာသိမ်း အဖွဲ့

 

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက် နေ့ အာဏာမသိမ်းမီ အချိန်အထိ နိုင်ငံတွင်း ရှိ ထောက်လှမ်းရေး လုပ်ငန်းများ နှင့် ပတ်သက်ပြီး ဆောင်းပါးများ အမြောက်အမြား ရေးသားပုံနှိပ် ဖေါ်ပြလာခဲ့ကြသော်လည်း ပြန်လှန်စီစစ် အတည်ပြု၍ ရနိုင်သည့် သတင်း မျိုး ဟူ၍ အနည်းအကျဉ်းသာ ပါဝင်ခဲ့သည်။ အများစုသည် ကောလဟသများ၊ အတင်းအဖျင်းများ နှင့် ခန့်မှန်းပြောဆိုမှုများ ကို အဓိက အားပြု ရေးသား ထားခြင်း မျိုး ဖြစ်သည်။ အချက်အလက် အမှန်များ ပါဝင်လာသည့် အခါတွင်လည်း အချက်အလက်များကို သရုပ်ခွဲ ဖေါ်ပြသည်ထက် ဝတ္ထု ဆန်ဆန် ရေးသား သည့်ဖက် ရောက်သွားခဲ့ပြန်သည်။

 

ဒေးဗစ် စကော့ မက်သီဆန်က မြန်မာသည် နိုင်ငံတကာ၏ အမြင်ကို ပြောင်းလဲသွားစေနိုင်သည့် မိမိကိုယ် မိမိ အမွှန်းတင်သည့် သတင်းထုတ်ပြန်ချက် အတိုအစများ ပစ်လွှတ်တတ်ကြသည်ဟု တိုတိုနှင့် ထိထိမိမိ မှတ်ချက် ချ ခဲ့ဖူးသည်။ မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိလာသော နိုင်ငံခြားသား အချို့နှင့် ယခင် စစ်အစိုးရ မှ နာမည်ပျက် စာရင်း သွင်းခံထားရသူများသည် ၎င်းတို့ နောက်သို့ “MI” မှ နောက်ယောင်ခံ လိုက်လေ့ ရှိသည်ဟု ကြွားဝါခွင့် ရခဲ့ကြသည်။

 

ထောက်လှမ်းရေးများသည် ၎င်းတို့၏ ဂုဏ်သတင်းကို မြှင့်တင်နိုင်ရန် အတွက်လည်း အပို ဆာဒါးများ ထည့် ၍ သတင်းလွှင်တတ်ကြပြန်သည်။ ထိုသို့ ဝါဒဖြန့်ချီမှုများ နှင့် သတင်းမှားများ ထုတ်လွှင့်ခြင်းဖြင့်လည်း ၎င်းတို့၏ ပုံရိပ်အမှန်ကို ဖုံးကွယ် တတ်သည်။

 

ထိုသို့သော အကြောင်းခြင်းရာများကြောင့် ပရိုဖက်ရှင်ဆန်ဆန် လေ့လာသုံးသပ်လိုသူများ နှင့် မြန်မာ ထောက်လှမ်းရေး ၏ ဦးစားပေး ဆောင်ရွက်နေမှုများ၊ စွမ်းဆောင်ရည်နှင့် လှုပ်ရှားမှု များ အား တိတိကျကျ သတင်းရယူပြီး မျှမျှတတ ဖေါ်ပြလိုသူများ အတွက် ပြဿနာ ဖြစ်လာခဲ့ရသည်။

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် နိုင်ငံရေးအရရော၊ စိတ်ခံစားမှုများ နှင့် ရောယှက်ပြီး သတင်းများ အဆက်မပြတ် ထွက်ပေါ်လာပြန်၍ ယခင်ကထက် ပင် ပို၍ ရှုပ်ထွေးလာခဲ့ရသည်။

 

ထို့အတွက် အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာသော သတင်းများကို ဇကာနှင့် စစ်သလို အသေအချာ စီစစ် ယူရခြင်း၊ ပါဝင် ပတ်သက်သူ အသီးသီးနှင့် ပြောဆိုမေးမြန်းရခြင်း အစရှိသည်တို့ဖြင့် ပြီးခဲ့သည့် နှစ်နှစ်ခွဲ အတွင်း ထောက်လှမ်းရေး နှင့် ပတ်သက်၍ ဖြစ်ပေါ် ပြောင်းလဲလာမှု များ အား အကြမ်းဖျင်း ရုပ်လုံးပေါ်အောင် ဖေါ်ပြနိုင်ခြေ ရှိလာခဲ့သည်။

 

လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ် နှင့် ပတ်သက်၍ ယခင် အလားတူ ပဋိပက္ခများ မှ ရရှိခဲ့သော ထောက်လှမ်းရေး သင်ခန်းစာများ၊ ကမ္ဘာပေါ်ရှိ အခြားနေရာများမှ ရရှိခဲ့သော အတွေ့အကြုံများ ပေါ် မူတည်၍ ဆီလျှော်သလို အသုံးချကာ အမျှော်အမြှင် ရှိရှိ ဖေါ်ပြနိုင်ခဲ့သည်။

 

ဥပမာ အားဖြင့် ဆိုရလျှင် လက်ရှိ ပြည်တွင်းစစ်၏ သဘောသဘာဝ ကို ကြည့်မည် ဆိုလျှင် တော်လှန်ရေး လှုပ်ရှားမှု တွင် ပါဝင် နေသူများအား အာဏာသိမ်း အဖွဲ့မှ ထောက်လှမ်းရေး သတင်းများကို အားကိုး၍ နှိမ်နှင်းရန် ကြိုးပမ်းလာမှုများ ကို ကြည့်မည်ဆိုလျှင် ထောက်လှမ်းရေး လုပ်ငန်းများ အတွက် လူအင်အား၊ နည်းပညာ အသစ်များ ရရန် နှင့် ငွေကြေး ပိုင်းတွင် ပို၍ အသုံးပြုလာသည် ဆိုသည် ကို သေချာပေါက် ပြောနိုင်ခြင်းမျိုးပင် ဖြစ်သည်။ 

 

ထိုသို့သော အရင်းအမြစ်များကို မည်သို့ ခွဲဝေ အသုံးချ နေသနည်း ဆိုသည်နှင့် ပတ်သက်၍ သုံးသပ်ရမည် ဆိုက ယခင် သောင်းကျန်းမှု တိုက်ဖျက်ရေး မဟာဗျုဟာများ အား ပြန်လည် ထုတ်ဖေါ်အသုံးချလာခြင်း၊ အလုပ်ဖြစ်နိုင်မည့် နည်းပညာ အသစ် အဆန်းများကို ထုတ်နှုတ် အသုံးချလာခြင်းများ ကို တွေ့နိုင်ပေသည်။ ဤသည်ကပင် စစ်ကောင်စီသည် လက်ဝယ်ရှိ အာဏာ နှင့် ထောက်လှမ်းရေး အဖွဲ့များ၏ ခြေတံလက်တံများ ကို ဆန့်ထုတ် အသုံးပြုကာ နိုင်ငံအား ၎င်းတို့ ဆက်လက် အုပ်ချုပ်သွားနိုင်ခွင့် ရေး အတွက် ဆန့်ကျင်တွန်းလှန်နေသူများအား အနိုင်ရရန် အသုံးပြုနေသည်မှာ ထင်ရှားနေပေသည်။