တသက်တကျွန်း မိုးမြင့်ထွန်း နှင့် စစ်ဘေးရှောင် စခန်း တိုက်ခိုက်ခံရမှု နောက်ဆက်တွဲများ

by Hla Soewai - Oct 16 2023

နေပြည်တော်ရှိ စစ်ခုံရုံးမှ ထိတ်တန်း ဗိုလ်ချုပ်ကြီး နှစ်ဦး ဖြစ်သော မိုးမြင့်ထွန်း နှင့် ရန်နောင်စိုး တို့အား နိုင်ငံတော် သစ္စာဖေါက်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ များ တရားမဝင် ပိုင်ဆိုင်နေမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှု များ ဖြင့် ထောင်ဒဏ် အနှစ် နှစ်ဆယ် နှင့် ညီမျှသော တသက်တကျွန်း ပြစ်ဒဏ်ကို ချမှတ်လိုက်ပြီ ဖြစ်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများ တွင် ပါရှိလာခဲ့သည်။

 

မိုးမြင့်ထွန်းသည် စစ်ကောင်စီ အဖွဲ့ဝင် တဦး ဖြစ်ပြီး ယခုအချိန်အထိ အပြင်းထန် ဆုံး ပြစ်ဒဏ်ချမှတ်ခံရသော ဗိုလ်ချုပ်ကြီး တဦးလည်း ဖြစ်သည်။ 

 

မိုးမြင့်ထွန်း အား နိုင်ငံတော် သစ္စာဖေါက်မှု ဖြင့် ပါ စွဲချက်တင်ထားသည်၊ နိုင်ငံတော် ဆိုသည်မှာ မင်းအောင်လှိုင်ကို ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းတို့ အား ဖမ်းဆီးပြီး နောက်တွင် စစ်ကောင်စီ ဝင်များ အား သူ ယုံကြည်၍ ခန့်ထားခြင်း ဖြစ်၍ ရာထူး အလွဲသုံးစား လုပ်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးမည် ဟု ပြောလာခဲ့သည်။

 

ပြစ်မှုများ အတွက် တသက်တကျွန်း ဆိုသည့် စကားရပ် ကို ဆီလျှော်ခြင်း မရှိပဲ သုံးစွဲထား၍ အင်္ဂလိပ် လို ထုတ်ဝေသော Global New Light of Myanmar တွင် အင်္ဂလိပ် လို “To suffer transportation” ဟု ရှေးသုံး အင်္ဂလိပ်စကား ဖြင့် အမှားအယွင်း မခံရဲပဲ ပြန်ဆို ရေးသားခဲ့ကြသည်။

 

တကယ်တမ်း တွင် ၎င်းတို့အား တကျွန်းသို့ ပို့မည် မဟုတ်ပဲ အခြားထောင်သားများ နှင့်လည်း ရောနှောထားမည် မဟုတ်ဟု ယူဆရသည်။

 

မိုးမြင့်ထွန်းသည် စီးပွားရေး ကြီးကြပ် စီမံ အုပ်ချုပ်ရသည့် အဖွဲ့ သုံးဖွဲ့ ကို ဦးစီးဦးဆောင် ပြုရသူဖြစ်ပြီး ရန်နောင်စိုးသည် ထိုအဖွဲ့တဖွဲ့ ၏ အတွင်းရေးမှုး အဖြစ် တာဝန်ယူရသူ ဖြစ်သည်။ မိမိတို့ အိမ်များတွင် ဒေါ်လာ သန်းချီ လာဘ်ယူထားကြသူများသည် အစည်းအဝေးများ တွင် နိုင်ငံတော် အကျိုး သယ်ပိုးကြပါ၊ အနစ်နာခံကြပါ ဆိုသော စကားလုံးများကို အဘယ်သို့သော မျက်နှာပေးမျိုး ဖြင့် ပြောဆို နေကြသနည်း ဆိုသည်က မည်သို့မျှ မစဉ်းစားတတ်အောင် ဖြစ်ရသည်။

 

မင်းအောင်လှိုင်၏ ရာထူး အလွဲသုံးစား လုပ်ကာ မိသားစု အတွက် ကိုယ်ကျိုးရှာနေသော လုပ်ရပ်များသည် ၎င်းတို့ ကျုးလွန်သော ပြစ်မှု များ နှင့် နှိုင်းစာလျှင် အဆမတန် ပိုများနေသည်ကို တတိုင်းပြည်လုံး အသိ ဖြစ်နေသည့် အကြား ယခုလို ပြစ်ဒဏ် စီရင် လိုက်ခြင်းသည် ရယ်စရာ ဖြစ်နေရသည်။

 

ကချင် ပြည်နယ် အတွင်း ရှိ စစ်ဘေးရှောင် စခန်းအား တိုက်ခိုက်ခဲ့မှု ကိုပင် လက်နက်တိုက် ပေါက်ကွဲ၍ ဖြစ်သည်ဟု ဇော်မင်းထွန်းသည် မျက်နှာပြောင် တိုက်ပြီး ကမ္ဘာသို့ လိမ်ညာခဲ့ပြန်သည်။

 

၎င်း၏ ပြောဆိုချက် နှင့် ပတ်သက်ပြီး ကချင် လွတ်လပ်ရေး တပ်တော်၏ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အရပ်သား နေထိုင်ရာ ပတ်ဝန်းကျင် တွင် မည်သည့် အခါမျှ လက်နက်ခဲယမ်းများ သိုလှောင်ထားခြင်း မရှိဟု ယတိပြတ် ငြင်းဆိုသွားခဲ့သည်။

 

ကချင် အမျိုးသား ဖြစ်သော ယာယီ သမ္မတ ကြီး ဒူးဝါး လရှီးလ မှ မိမိ လူမျိုး များ အတွက် ထိခိုက်နာကျင်စွာ ခံစားရကြောင်းနှင့် ထိုသို့ ရက်စက်ကြမ်းကြုပ်မှုများ ကျုးလွန်လာလေလေ စစ်အာဏာရှင် စနစ်ဆိုးအား အမြစ်ပြတ် ချေမှုန်းရမည် ဆိုသော သံန္နိဋ္ဌာန် ခိုင်မာလာလေလေ ပင် ဖြစ်သည်၊ မိမိတို့ အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် တိုက်ခိုင်နိုင်ပါက မကြာမီ အတွင်း ထိုစနစ်ဆိုးကြီး အဆုံးသတ်သွားမည်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်း ညီနောင်များ အဖွဲ့မှ စစ်အာဏာသိမ်း အဖွဲ့သည် လူသားတို့ကို ဆန့်ကျင်သော စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျုးလွန်နေပြီး ကချင်ပြည်သူများ နှင့် အတူ မိမိတို့ ရပ်တည်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကုလ အထွေထွေ အတွင်းရေးမှုး ချုပ် အန်တိုနီ ဂူတာရက်စ်မှ အရပ်သားများအား လူသားချင်း စာနာထောက်ထားချင်း ဆိုင်ရာ နိုင်ငံတကာ ဥပဒေများ ဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဟု ပြောခဲ့သည်။

 

သို့‌သော် မြန်မာပြည်သူများက အချိန်ကြာလေ ကုလသမဂ္ဂ သည် ၎င်းတို့ အရေးအား ကူညီခြင်း မရှိပဲ သစ္စာဖေါက်နေပြီဟု ယူဆထားကြပြီး ဖြစ်သည်ဟု မြန်မာရေးရာ အထူး အကြံပေးကောင်စီ အဖွဲ့ဝင် ယန်ဟီလီးက ဆိုသည်။

 

နိုင်ငံတွင်း ရှိ ကုလအေဂျင်စီ များ၏ အကူအညီပေးနေမှု များသည်လည်း အာဏာသိမ်း အဖွဲ့ သွားခွင့်ပြုသည့် နေရာမျိုးတွင်သာ ဖြစ်နေသည်။ အကူငွေ ထဲ့ဝင်နေသော နိုင်ငံများ အနေဖြင့် ထိုသို့ လုပ်နေမှု များ အား ကန့်သတ်သင့်ပြီး မြန်မာ ပြည်သူများ ဒုက္ခသုက္ခများ ယခုအထိ ခံစားနေရခြင်းများ အတွက် အတွင်းရေးမှုး ချုပ် မဟုတ်တော့ပဲ ကုလ အဖွဲ့ဝင် နိုင်ငံများ အားလုံးတွင် တာဝန် ရှိနေသည်ဟု မြန်မာအရေး လေ့လာသုံးသပ်နေသူ ဒေးဗစ် စကော့ မက်သီဆန် က မှတ်ချက်ချခဲ့သည်။

 

မြန်မာ ပြည်သူများကတော့ ကုလ အနေဖြင့် မကူညီနိုင်လျှင်ပင် အာဏာသိမ်း အဖွဲ့နှင့် ပလူးပလဲ မလုပ်ပဲ ကြားနေသင့်သည်ဟု ယူဆထားကြသည်။

 

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စက် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် မှ ကချင် စစ်ဘေးရှောင် စခန်းအား တိုက်ခိုက်မှုသည် အာဏာသိမ်း အဖွဲ့ အနေဖြင့် လူ့အသက်များကို လုံးဝ အလေးဂရုပြုရကောင်းမှန်း မသိသည့် နောက်ထပ် နမူနာ တရပ် ဖြစ်သည်၊ မိမိတို့ အနေဖြင့် ချမှတ်ထားသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ထက် ကျော်လွန်ပြီး လုပ်ဆောင်ဖို့ လိုအပ်နေသည်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်ဟု ပါရှိခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!