ထိုပဋိပက္ခသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် ၁၉၁၇ နိုဝင်ဘာလ တွင် ဗြိတိသျှ အစိုးရ မှ ထုတ်ပြန်ခဲ့သော ဘဲလ်ဖိုး ကျေညာစာတမ်း မှ အစပြုခဲ့သည် ဟု ဆိုရမည် ဖြစ်သည်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘဲလ်ဖိုး ၏ အမည်ကို အစွဲပြု၍ ခေါ်ဝေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုကျေညာချက်တွင် ပါလက်စတိုင်း ဒေသတွင် ဂျုးလူမျိုးတို့ အတွက် နိုင်ငံတခု ထူထောင်သင့်ကြောင်းကို ဗြိတိသျှ အစိုးရ မှ ပြတ်ပြတ်သားသား ထောက်ခံကြောင်း နှင့် ထိုသို့ ထူထောင်ရာတွင်လည်း အဆိုပါ ဒေသတွင်းရှိ အာရပ် တို့၏ အခွင့်အရေးများကို ထိခိုက်စေခြင်း မရှိစေရဟု လည်း ပါရှိခဲ့သည်။
ဤသည်ကလည်း ပထမကမ္ဘာစစ်ကြီး တွင် ဂျုးတို့သည် မဟာမိတ်တပ်များ ဖက်မှ ဝင်ရောက် ကူညီပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ဘဲလ်ဖိုး ကျေညာစာတမ်း အား ပဲရစ် ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ အာရပ်တို့၏ ခေါင်းဆောင် အဖြစ် တက်ရောက်လာသည့် ဟူစိန် ရှာရစ်ဖ်က လည်း ဂျုးတို့ ပါလက်စတိုင်း သို့ ပြန်လာမည့် အရေးကို ကန့်ကွက်စရာ မရှိဆိုကာ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့သည်။
ပထမကမ္ဘာစစ် အတွင်း မဟာမိတ်နိုင်ငံများက အာရပ်နိုင်ငံများ အား လွတ်လပ်စေရမည်ဟု ကတိပေးခဲပြီး ဖြစ်၍ စစ်ကြီးအပြီး အော်တိုမန် အင်ပိုင်ယာကြီး ပြိုကွဲသွားမှု နှင့် အတူ ဆီရီးယား၊ လက်ဘနွန်၊ အီရတ် နိုင်ငံများ ပေါ်ထွက်လာခဲ့သည်။ အာရပ်နိုင်ငံ အများအပြားက ထောက်ခံမှု ပေးခဲ့ခြင်းမှာလည်း ဆီရီးယား နိုင်ငံကြီး အတွင်း ရှိနေသည့် ပါလက်စတိုင်း ဒေသသို့သာ ဂျုးများ ပြန်လာမည်ဟု ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် ၁၉၂၂ တွင် နိုင်ငံပေါင်းချုပ် အသင်းကြီးသည် ပါလက်စတိုင်း ဒေသ အား အုပ်ချုပ်ခွင့် နှင့် ဘဲလ်ဖိုး ကျေညာစာတမ်းပါ အချက်များ အကောင်အထည်ဖေါ်ရန် ဗြိတိသျှတို့ အား တာဝန်ပေးခဲ့သည်။ ထိုအချိန်တွင် ပါလက်စတိုင်း တွင် ဂျူး ၈၅,၀၀၀ ခန့် နေထိုင်လျှက် ရှိနေသည်၊ အတော်များများသည် ရှေးပဝေသဏီထဲက နေထိုင်လာခဲ့ကြ သူများလည်း ဖြစ်သည်။ ဂျေရုစလင် မြို့တော် တွင် ဂျုးတို့သည် လူများစု အဖြစ်ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း တရာခန့်ပင် ရှိနေပြီ ဖြစ်သည်။
ဗြိတိသျှ တို့က ဂျူးများအား အကန့်အသတ်ဖြင့်သာ လာရောက်ခွင့် ပြုခဲ့သော်လည်း တဖြေးဖြေး ဝင်ရောက်လာမှုများကြောင့် ၁၉၄၇ တွင် ဂျုးလူဦးရေသည် ၇ ဆ ခန့် မြင့်တက်လာခဲ့ပြီး ၆ သိန်း ခန့်အထိ ဖြစ်လာခဲ့သည်။
ထိုသို့ တဖြေးဖြေး ရောက်ရှိလာသော ဂျုးတို့ကြောင့် ဒေသအတွင်း လူနေမှု အဆင့်အတန်း မြင့်တက်လာပြီး ဖွံ့ဖြိုးတိုးတက်လာသဖြင့် အခြား ဒေသများမှ အာရပ်များလည်း ရွှေ့ပြောင်း ရောက်ရှိလာခဲ့သည်။ ဗြိတိသျှ တို့သည် ၎င်းတို့ အုပ်ချုပ်ရန် တာဝန်ပေးထားသော နယ်မြေ ၈၀ ရာနှုန်းကို ပါလက်စတိုင်း အာရပ်များ အတွက် သတ်မှတ်ပေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဂျေရုဆလင် မာဖီ ကြီး ၏ အစွန်းရောက် သွေးထိုးလှုံ့ဆော်မှုများကြောင့်ဂျုးဆန့်ကျင်ရေး အဓိကရုဏ်းများ ၁၉၂၂, ၁၉၂၉ နှင့် ၁၉၃၆ တို့တွင် ပေါ်ပေါက်လာခဲ့သည်။
၁၉၃၇ တွင် ဗြိတိသျှ အစိုးရ မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းရေး ကော်မရှင်၏ အကြီးအကဲ ဖြစ်သူ ဆာ ပီးလ်မှ ဂျုးများ နှင့် အာရပ်တို့ မည်သို့မျှ အတူယှဉ်တွဲနေထိုင်၍ မဖြစ်တော့ဟု ဆိုကာ ပါလက်စတိုင်း ဒေသအတွင်း ဂျူးများ အတွက် နေရာ ပိုင်းခြားပေးရန် သူ၏ အစီရင်ခံစာတွင် တင်ပြလာခဲ့သည်။
ပီးလ် ၏ အဆိုပြုချက်ကို ဂျုးတို့က လက်ခံခဲ့ကြသော်လည်း အာရပ်တို့က လက်မခံနိုင် ဖြစ်နေသည်။
ထိုနောက် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာမှု နှင့် အတူ ထိုပြဿနာသည် တိုးလို့တန်းလန်း ဖြစ် ကျန်ခဲ့သည်။ စစ်ကြီးအတွင်း ဂျုး သုံးသောင်းခန့်သည် မဟာမိတ်တပ်များဖက်မှ ကူညီတိုက်ခိုက်ပေးလာခဲ့သည်။ စစ်ကြီး အတွင်း နာဇီတို့ လက်ချက်ဖြင့် ဂျူး ခြောက်သန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အသက်မသေပဲ ကျန်ရစ်သူ အရှေ့ ဥရောပရှိ ဂျူးများသည် ၎င်းတို့ လူမျိုးစုများ ရှိရာ ပါလက်စတိုင်း သို့ ရွှေ့ပြောင်းရန် ကြိုးစားလာကြသည်။
သို့သော် ဗြိတိသျှ အစိုးရသည် ၎င်းတို့အား ပေးထားသော တာဝန်အရ လာချင်တိုင်း လာခွင့် မပြုပဲ ဂျူးတို့ ဝင်ရောက်လာနေမှု ကို အပြင်းအထန် ဟန့်တားလာခဲ့ကြသည်။ ဂျုးများအားလည်း မြေကွက်များ ရောင်းချခွင့် မပြုရန် အာရပ်များကို ပိတ်ပင်ခဲ့ကြသည်။ ဤသို့ဖြင့် စစ်ကြီး အပြီး အာဏာရလာသော ဗြိတိသျှ လေဘာ အစိုးရသည် ပါလက်စတိုင်း ရှိ ဂျုးများ နှင့် ထိတ်တိုက် တွေ့လာခဲ့ရသည်။
၁၉၄၅ တွင် အမေရိကန် သမ္မတ ထရူးမင်းမှ ဥရောပ မှ ဂျုးတသိန်းခန့်အထိ လက်ခံပေးရန် တောင်းဆိုလာမှုကိုပင် ဗြိတိသျှ တို့က ပယ်ချပစ်ခဲ့သည်။ ထို့အတွက် ပါလက်စတိုင်း ရှိ ဂျူးများသည် ဗြိတိသျှ တို့အား လက်နက်ကိုင် ဆန့်ကျင်တွန်းလှန် လာခဲ့ကြသည်။
၁၉၄၆ ဧပြီလတွင် အမေရိကန် နှင့် ဗြိတိသျှ အစိုးရမှ ပူးတွဲ ဖွဲ့စည်းပေးလာခဲ့သည့် စုံစမ်းရေး ကော်မရှင်သည် ထရူးမင်း အဆိုပြုသည့် ဂျုးတသိန်း ခန့်အား ဝင်ရောက်ခွင့် ပြုရေး။ ၁၉၃၉ မှ စ၍ ဂျူးများ အပေါ် ကန့်သတ်ထားမှု များအား ပယ်ဖျက်ပေးရေး တို့ကို ထောက်ခံတင်ပြခဲ့ကြသည်၊ သို့သော် ဗြိတိသျှ အစိုးရ လက်မခံပဲ ပယ်ချခဲ့ပြန်သည်။
ထို့အတွက် ပါလက်စတိုင်း ပြဿနာသည် ကြီးထွားသည်ထက် ကြီးထွားလာခဲ့သည်။ ဂျုး မြေအောက် တော်လှန်ရေး အဖွဲ့များက အာရပ်နိုင်ငံများ နှင့် ဆက်သွယ်ထားသော လမ်းတံတားများကို စတင် ဖေါက်ခွဲ ဖျက်ဆီးလာခဲ့သည်၊ ဗြိတိသျှ တို့က ဂျုး တော်လှန်ရေး ခေါင်းဆောင်များကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ကြပြီး ပါလက်စတိုင်း ဒေသတွင် စစ်အင်အား တိုးမြှင့်ချထားလာခဲ့သည်။
သို့သော် ပါလက်စတိုင်း ဒေသအား အုပ်ချုပ်နိုင်ရန် စစ်အင်အား တသိန်းခန့်အထိ ချထားရဖို့ ဖြစ်လာသည့်အပြင် စစ်ကြီး အပြီး စီးပွားရေးအရ ချွတ်ခြုံကျလာနေသော ဗြိတိသျှ အစိုးရသည် မည်သို့မျှ ဆက်၍ အုပ်ချုပ်နိုင်စွမ်း မရှိတော့ပဲ နိုင်ငံပေါင်းချုပ် အဖွဲ့ကြီး၏ အပ်နှင်းထားသော တာဝန်များကို အသစ် ပေါ်ပေါက်လာသည့် ကုလသမဂ္ဂ အဖွဲ့ကြီးထံ ပြန်လည် အပ်နှံခဲ့သည်။
ထိုအချိန်အတောအတွင်း ဂျေရုဆလင် ရှိ ဗြိတိသျှ စစ်ဌာနချုပ် ဖွင့်ထားသော ဒေးဗစ် ဘုရင် ဟော်တယ်အား ဂျူးတော်လှန်ရေး တပ်ဖွဲ့ အာဂန်မှ ဖေါက်ခွဲဖျက်ဆီးခဲ့၍ ဗြိတိသျှ တို့ အသက်ပေါင်း များစွာ ဆုံးရှုံးသွားခဲ့သည်။ တော်လှန်ရေး သမား များ ကို ဖမ်းဆီးပြီး ကြိုးပေး ကွပ်မျက်ခဲ့သည်။ ၁၉၄၇ ဩဂုတ်လတွင် ဗြိတိသျှ အစိုးရသည် ဂျူးများ အား တရားမဝင် သယ်ဆောင်လာသည့် အိပ်ဇိုးဒပ်စ် သင်္ဘောကို ဖမ်းဆီးမိသွားပြီး လိုက်ပါလာသော ဒုက္ခသည်များကို ဂျာမဏီသို့ ပြန်ပို့ ခဲ့၍ တကမ္ဘာလုံး တုန်လှုပ်သွားခဲ့သည်။
ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှ ၎င်းတို့ လက်ဝယ် ရောက်ရှိလာသော ပါလက်စတိုင်း ပြဿနာကို ကိုင်တွယ်ရန် အထူး ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး ကွင်းဆင်းလေ့လာစေခဲ့သည်။
ထိုကော်မရှင်မှ ပါလက်စတိုင်း ဒေသအား အာရပ်နှင့် ဂျူးများဟူ၍ ပိုင်းခြားပေးရန် အဆိုပြုလာခဲ့သည်။ ဂျေရုဆလင် မြို့တော်အား နိုင်ငံတကာ ဂေါပက အဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ဆက်လက် ထားရှိမည် ဖြစ်သည်။
ထိုအဆိုအား ၁၉၄၇ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မဲခွဲရာ အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံ ရှိသည့် အနက် ထောက်ခံမဲ ၃၃ မဲ၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေ ၁၀ မဲ၊ ပျက်ကွက် ၁ မဲ ဖြင့် အတည်ပြုခဲ့သည်။
ထိုအဆိုကို ဂျုးတို့ က ထောက်ခံပြီး အာရပ်တို့က ခါးခါးသီးသီး ဆန့်ကျင်ခဲ့ကြသည်။ ၁၉၄၈ မေလ တွင် ဗြိတိသျှ တပ်များ ပါလက်စတိုင်း ဒေသမှ အပြီးအပိုင် ရုပ်သိမ်းသွားခဲ့ပြီးနောက် အာရပ်နိုင်ငံများက အစ္စရေး နိုင်ငံသစ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ပထမ အာရပ်-အစ္စရေး စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။
၁၉၅၆ တွင် ဒုတိယ စစ်ပွဲ၊ ၁၉၆၇ တွင် ခြောက်ရက် စစ်ပွဲဟု အမည်တွင်ခဲ့သော တတိယ စစ်ပွဲ၊ ၁၉၇၃ တွင် ယွန်သစ်ပူး စစ်ပွဲ ဟု အမည်တွင်ခဲ့သည့် စတုတ္ထ စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။
ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ ပီအယ်အို အဖွဲ့အား ၁၉၆၄ တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၈ တွင် အစ္စရေး နိုင်ငံပိုင် လေကြောင်းလိုင်းရှိ ရောမ မှ တယ်လဗီးသို့ ပျံသန်းလာသော လေယာဉ်အား ပြန်ပေးဆွဲခဲ့ခြင်းဖြင့် နိုင်ငံတကာတွင် စစ်မျက်နှာ စတင် ဖွင့်လှစ်တိုက်ခိုက်လာခဲ့သည်။ ၎င်းတို့ ၏ ရည်ရွယ်ချက်သည် အစ္စရေး နိုင်ငံအား လုံးဝဥသုံ ချေမှုန်းရေးပင် ဖြစ်သည်။
ဤသို့ဖြင့် အစ္စရေး-ပါလက်စတိုင်း ပြဿနာသည် အစပျိုးလာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် နော်ဝေး နိုင်ငံ တွင် အစ္စရေး အစိုးရ နှင့် ဆွေးနွေးခဲ့ရာမှ အော်စလို သဘောတူညီချက် ချုပ်ဆိုနိုင်ခဲ့သည်။ ထိုသဘောတူညီချက်ဖြင့် ပီအယ်အိုသည် အစ္စရေး၏ နိုင်ငံအဖြစ် ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြုခဲ့ပြီး အစ္စရေးကလည်း ပီအယ်အိုအား ပါလက်စတိုင်း ပြည်သူများအား တရားဝင် ကိုယ်စားပြုသော အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုခဲ့သည်။
ထိုသဘောတူညီချက် ဖြင့် အစ္စရေး တို့ မှ ၎င်းတို့ ခြောက်ရက် စစ်ပွဲ အတွင်း သိမ်းယူခဲ့သော ဂျော်ဒန်မြစ် အနောက်ဖက် ကမ်းပါး နှင့် ဂါဇာ ကမ်းမြှောင် ဒေသတို့ အား ပါလက်စတိုင်း နယ်မြေ အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်။
ထိုဒေသ နှစ်ခုစလုံးအား ပီအယ်အို မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၈၇ တွင် စတင် ဖွဲ့စည်းခဲ့သော ဟာမားစ်သည် အော်စလို သဘောတူညီချက်အား ဆန့်ကျင်ပြီး အစ္စရေး အား လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် နှင့် အစ္စရေး၊ အနောက်ဖက် ကမ်း နှင့် ဂါဇာ ဒေသများ ပေါင်းစည်း၍ အစ္စလမ်မစ် နိုင်ငံတော် ထူထောင်ရမည် ဟူသော မူ ကို စွဲကိုင်လာခဲ့သည်။ ၂၀၀၆ ပါလက်စတိုင်း ဥပဒေပြု ညီလာခံ ရွေးကောက်ပွဲတွင် ဟာမားစ် အဖွဲ့သည် ပီအယ်အို ခေါ် ဖာတာ အဖွဲ့အား ဂါဇာ ကမ်းမြှောင်ဒေသတွင် လုံးဝဥသုံ အနိုင်ရရှိသွားခဲ့ရာမှ ယခုထိ ဆက်လက် ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။
၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့တွင်တော့ ဟာမားစ်တို့သည် ၎င်းတို့၏ စစ်ဆင်ရေး များ ထဲတွင် အကြီးကျယ်ဆုံး “Operation al-Aqsa Flood” ထိုးစစ်ကို ဆင်နွှဲလာခဲ့ပြီ ဖြစ်သည်။