ဒဏ်ခတ်မှု ပေါင်းစုံ၊ မိတ်‌ဆွေ လက်တဆုပ်စာ နှင့် အာဏာသိမ်း အဖွဲ့ အသက်ဆက်နေဆဲ

by Hla Soewai - Oct 16 2023

မြန်မာ စစ်ခေါင်းဆောင်များသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်ကစ၍ အာဏာရှင် နိုင်ငံများ ဖြစ်သော တရုတ် နှင့် ရုရှား တို့အား နိုင်ငံရေး၊ စစ်ရေး နှင့် သံတမန်ရေးအရ ဒူးထောက် ခစားနေရဆဲပင် ဖြစ်သည်။

 

သို့သော်လည်း ထိုနိုင်ငံများမှ စစ်ဗိုလ်ချုပ်များ အပေါ် သဘောထားသည် အမြဲလို တသမတ်တည်း ရှိနေမည် မဟုတ်ပဲ စစ်မြေပြင် အနေအထား ရွှေ့လျားလာမှု နှင့် ပြည်ပ ဘဏ်များမှ ၎င်းတို့ပိုင် ငွေများ ထုတ်ယူ ခွင့်အား ကန့်သတ်လာမှု များ နှင့် အတူ ပြောင်းလဲ လာမည်သာ ဖြစ်သည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ကုန်ပိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် စစ်ကောင်စီ ၏ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး ဆိုသူ မောင်မောင်ဝင်း က လက်ရှိ ကြုံတွေ့လာနေရမှု များသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များကြောင့် ဖြစ်သည်ဟု ဝန်ခံလာရသည်၊ ထိုလုပ်ရပ်များကြောင့် ကျန်းမာရေး၊ ပညာရေး နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ပိုင်းတွင် ထိခိုက်နေရသည်ဟု အပြစ်ပုံချလာသည်။ ထို့ပြင် နိုင်ငံခြားငွေများ ကိုင်တွယ် သုံးစွဲနေရသော အဖွဲ့အစည်းများ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များလည်း အခက်အခဲများ ရှိလာနေပြီဟု ဆိုသည်။ (သို့ဆိုက မိုးမြင့်ထွန်း ဆရာတပည့် နှစ်‌ယောက် အိမ်တွင် သိမ်းဆည်းရမိသော ဒေါ်လာငွေများက အဘယ်နေရာက ထွက်လာပေသနည်း။)

 

အမေရိကန် ၏ ပိတ်ဆို့ဒဏ်ခတ်မှုများသည် အာဏာသိမ်း အဖွဲ့၏ ငွေရရာ ရကြောင်းနှင့် သုံးစွဲ နိုင်မည့် အခွင့်အလန်းများ စတင် ထိခိုက်လာနေသည့် အရိပ်အယောင်များ တွေ့လာနေရပြီ ဖြစ်သည်။ ဤသည်ကို တန်ပြန်နိုင်ရန် စစ်တပ်နှင့် ဆက်နွယ်နေသော ကရိုနီများသည် နာမည်များ ပြောင်း၍ လှုပ်ရှားလာကြသည်။ အချို့ကလည်း ကုမ္ပဏီ များကို ဖျက်သိမ်းခဲ့ကြသည်။

 

စင်္ကာပူ နှင့် ဘင်္ဂလားဒေ့ရှ် ရှိ ဘဏ်များကလည်း အာဏာသိမ်း အဖွဲ့၏ ငွေစာရင်းများကို ထိန်းချုပ်လာခဲ့ကြသည်။ အဆိုပါ သတင်းများကြောင့် ကျပ်ငွေတန်ဖိုး ထိုးကျသွားပြီး စစ်ခေါင်းဆောင်များ လက်နက်များ ဝယ်ယူ နိုင်စွမ်းကို ထိခိုက်သွားခဲ့ရ၍ တော်လှန်ရေး အင်အားစု များ အပေါ်စီး ရလာနိုင်သည့် အခွင့်အလန်းများ ထွက်ပေါ်လာနိုင်ပေသည်။

 

စစ်ကောင်စီ သည် တနိုင်ငံ လုံး ရှိ တော်လှန်ရေး အဖွဲ့များကို နှိမ်နှင်းနေမှုသည် အောင်မြင်နိုင်ဖွယ် မရှိ ဖြစ်လာနေမှု များကြောင့် ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများ အကြား ယုံကြည်မှု ကျဆင်းလာနေပြီ ဖြစ်သည်။ ယခုအခါ စစ်မြေပြင်တွင် နယ်မြေများ လက်လွှတ်လာနေရမှု ကို ဖုံးဖိ ထားနိုင်ရန် ရုရှားထံမှ ဝယ်ယူထားပြီး အိုမင်းမစွမ်း ဖြစ်လာနေသည့် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များကိုသာ နေ့တဒူဝ အားကိုး လာနေရပြီ ဖြစ်သည်။

 

စင်္ကာပူ နှင့် ဘင်္ဂလားဒေ့ရှ် ဘဏ်များ၏ လုပ်ရပ်ကြောင့် နိုင်ငံအတွင်း အကျပ်အတည်းများ ဖြစ်ပေါ်လာခြင်းဖြင့် လူထု တရပ်လုံးမှ နောက်တကြိမ် တညီတညွတ်တည်း ဆန့်ကျင် ဆန္ဒပြလာမှုများဖြင့် အာဏာသိမ်း အဖွဲ့ကို အပြီးအပိုင် ဖယ်ရှားပစ်နိုင်စွမ်း ရှိမရှိကို စမ်းသပ်လိုက်ခြင်းပင် ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် ဆက်လက် ရပ်တည်နိုင်ရေး အတွက် ခံစစ်ပိုင်းသို့ ရောက်လာပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ နှင့် အာဆီယံ အဖွဲ့မှ အာဏာရှင် နိုင်ငံများ ဖြစ်သော ကမ္ဘောဒီယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ကို ပို၍ အားကိုးအားထား ပြုလာနေရသည်။ အဓိက အားဖြင့် ထိုနိုင်ငံများ၏ အကူအညီ ဖြင့် နိုင်ငံတကာ မှ တညီတညွတ်တည်း ဆန့်ကျင်လာမည့် အရေးကို ဟန့်တားသွားနိုင်ရန်ပင် ဖြစ်သည်။

 

ထိုသို့ ဖြစ်လာနိုင်သည်ကိုလည်း အာဏာသိမ်း အဖွဲ့က ကြိုတင် တွက်ဆထားပြီး ဖြစ်သည်ကို ဒု ခေါင်းဆောင် စိုးဝင်း မှ အာဏာသိမ်းကာစတွင်ပင် ထိုစဉ်က ကုလ အထူးသံတမန် ဖြစ်သူ မစ္စက် ခရစ်စတင်း ဘာဂင်ဂါ အား "မိတ်ဆွေ အနည်းငယ် နှင့် လက်တွဲ သွားရမည့်အရေး ကို မမှု" ဟူသော သဘောမျိုး ပြောခဲ့ပြီး ဖြစ်သည်။

 

စစ်တပ်သည် ခေါင်းအေးအေး ထားပြီး နိုင်ငံတကာ၏ ဝိုင်းပယ်ခံရမည့် အရေးကို ကြိုတင် ပြင်ဆင်ထားခဲ့ပုံရသည်။ (ဤသည်ကလည်း နှစ်ပေါင်း သုံးဆယ်နီးပါး လူရာ အသွင်း မခံခဲ့ရ၍ ကျင့်သား ရ‌ နေခဲ့ခြင်းကြောင့် လည်း ဖြစ်သည်)

ထိုသို့ တင်းခံထားနိုင်လေ၊ နောက်ဆုံးတွင် ၎င်းတို့နှင့် မဖြစ်မနေ ပြန်လည် ဆက်ဆံလာကြရလိမ့်မည်ဟူသော မဟာဗျူဟာ မျိုး ချမှတ်ထားပြီး ဖြစ်သည်။ ထိုသို့ ဆက်ဆံလာမည် ဆိုက တော်လှန်ရေး အဖွဲ့များ စိတ်ဓါတ်ကျဆင်းလာမည်ဟု တွက်ဆခဲ့ကြသည်။ (ထို့အတွက်ကြောင့်လည်း ပြည်ပ မှ အဆင့်နိမ့် သံအရာရှိ တဦး မင်းအောင်လှိုင် နှင့် လာတွေ့သည်ကိုပင် ၎င်းတို့ပိုင် မီဒီယာများက အကြီးအကျယ် ဖေါ်ပြခဲ့ကြခြင်းလည်း ဖြစ်သည်။)

 

ထိုမဟာဗျုဟာ သည် လက်ရှိ အမှန်တရားဖြစ်သော ၎င်းတို့ အခြေအနေ မဟန် ဖြစ်လာမှုအား မျက်ကွယ်ပြုပြီး ဖြီးလုံး ဖြန်းလုံးများနှင့် တန်ပြန်နေရခြင်းမျိူးသာ ဖြစ်သည်။

 

လောလောဆယ်တွင် နိုင်ငံတကာ မှ ဘဏ္ဍာရေး ဖက်တွင် တညီတညွတ်တည်း ပိတ်ဆို့လာမှုကြောင့် အလန့်တကြား ဖြစ်လာကာ အာဏာရှင် နိုင်ငံများကို ပို၍ အားကိုးလာရသည်။

 

ဘီဂျင်း၏ အခန်းကဏ္ဍ

 

တရုတ်သည် လက်ရှိ ပြည်တွင်းစစ်တွင် စစ်တပ်အား အပြည့်အဝ ထောက်ခံလာနေသည်၊ ဤသည်ကလည်း စစ်တပ် မရှိတော့လျှင် ၎င်းတို့ အကျိုးစီးပွား အတွက် ရှေ့လျောက် မည်သို့ လုပ်ဆောင်ရမည်ကို မတွေးတတ်အောင် ဖြစ်နေသောကြောင့်ပင်။ 

 

ဘီဂျင်းသည် ကုလ အထွေထွေ ညီလာခံမှ အာဏာသိမ်း အဖွဲ့ထံ လက်နက်များ စီးဝင်နေမှု ရပ်ဆိုင်းရန် ဆုံးဖြတ်ချက် အား မျက်ကွယ်ပြုကာ ၂၀၂၂-၂၃ အတွင်း ဒေါ်လာ ၂၆၇ သန်းဖိုး လက်နက် ရောင်းချခဲ့သည်ဟု ကုလ အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။

 

နှစ်နိုင်ငံ ကုန်သွယ်ရေးသည်လည်း ထိုကာလ အတွင်း ဒေါ်လာ နှစ် ဘီလီယံ ခန့် ရှိခဲ့သည်။ ရင်းနှီးမြုပ်နှံမှု ပမာဏ တွင်လည်း စင်္ကာပူ ပြီးလျှင် ဒုတိယ အမြင့်ဆုံး ဖြစ်ပြီး တဝက်ခန့်သည် စွမ်းအင် နှင့်

သတ္ထု တူးဖေါ်‌ ရေး ကဏ္ဍများတွင် ဖြစ်သည်။

 

တရုတ်၏ အာဏာသိမ်း အဖွဲ့အား နိုင်ငံရေး အရ ထောက်ခံမှု ပေးနေခြင်းကြောင့် ကုလသမဂ္ဂ၏ ဖိအားများကို ရှောင်လွှဲနိုင်ခဲ့သည်။ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်လာပြီး နောက်ပိုင်းမှ စ၍ တရုတ်သည် အာဏာသိမ်း အဖွဲ့နှင့် လူသိရှင်ကြား တိုး၍ ဆက်ဆံလာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလည်း NUG အား မထောက်ခံရန် ဖိအားများ ပေးလာခဲ့သည်။

 

ရုရှား ၏ အခန်း ကဏ္ဍ

 

မင်းအောင်လှိုင်သည် နိုင်ငံတကာ၏ ဝိုင်းပယ်ထားမှု အား လက်တွေ့ကျကျ တုန့်ပြန် နိုင်ရန် ရုရှားအား ယုံကြည် ရသော အရေးပါသည့် မိတ်ဆွေတဦး အဖြစ် အားထားခဲ့သည်၊ ဤသည်ကလည်း တရုတ်၏ တဖက်သတ် ဖိအားပေးလာပြီး နိုင်ထက် စီးနင်း လုပ်လာမည့် အရေးကို ထိန်းညှိနိုင်ရန် ဖြစ်သည်။ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်အား ယခင် အတွေ့အကြုံများအရ သံသယ ဖြင့် ဆက်ဆံခဲ့သည်ခြည်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ရုရှားနှင့် ဆက်ဆံရေး ကောင်းမွန်ရန် တကူးတက ကြိုးစားခဲ့ပြီး ၂၀၁၁ မှ ယခုအချိန်အထိ ရုရှားသို့ ကိုးကြိမ်ခန့် သွားရောက်ခဲ့ပြီးလည်း ဖြစ်သည်။ ၂၀၂၂ စက်တင်ဘာလ တွင် ဗလာဒီဗော့စတော့၌ ပူတင်နှင့် ခေတ္တခဏ တွေ့ဆုံခွင့် ရသွားခဲ့သည်။

 

ရုရှားသည် ၂၀၂၂-၂၃ ကာလ အတွင်း မြန်မာ စစ်တပ်သို့ ဒေါ်လာ ၄၀၆ သန်း ဖိုး လက်နက်များ ရောင်းချခဲ့သည်။

 

ထိုင်း နှင့် အိန္ဒိယ

 

ထိုင်း နှင့် အိန္ဒိယသည် ရုရှား နှင့် တရုတ်ကဲ့သို့ စစ်ကောင်စီအား တိုက်ရိုက် ပံ့ပိုးပေးနေခြင်းမျိုး မရှိသော်လည်း သွယ်ဝိုက်၍ အကူအညီ ပေးနေကြသည်။ ထိုနှစ်နိုင်ငံသည် အာဆီယံ ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား၏ ကန့်လန့်ကာနောက်ကွယ် သံခင်းတမန်ခင်းကို ပျက်စီးသွားစေနိုင်သည့် Track- 1.5 ဆိုသည့် ဆွေး‌နွေးပွဲအား စစ်ကောင်စီ ကိုယ်စားလှယ်အပါအဝင် ဒေသတွင်း အာဏာရှင် နိုင်ငံများအား ဖိတ်ကြား၍ ကမကထပြု ကျင်းပပေးခဲ့သည်။

 

ဤသည်က အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာမှ သံတမန်ရေးအရ ပုံမှန် ပြန်ဆက်ဆံလာအောင် တဖက်လှည့် နှင့် ကြိုးပမ်းပေးခဲ့ခြင်းပင် ဖြစ်သည်။

 

ထို့ပြင် အိန္ဒိယသည် အဆင့်မြင့် အရာရှိများ စေလွှတ် ဆက်ဆံလာခဲ့ပြန်သည်။ တရုတ်၏ ရင်ခွင်ပိုက် ဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားမည့် အရေးကို စိုးရိမ်နေ၍လည်း ဖြစ်သည်။

 

ထိုင်း နှင့် ကမ္ဘောဒီယားတွင် အစိုးရ အပြောင်းအလဲ ဖြစ်လာခြင်းကြောင့် ၎င်းတို့ အပေါ် သဘောထား ပြောင်းသွားနိုင်သည့် အရေးကို စိုးရိမ်ကြောင့်ကြလာကြသည်။ ထိုင်းသည် အမေရိကန်၏ မဟာမိတ်လည်း ဖြစ်နေ၍ တဖက်သို့ စောင်းသွားမည့် အရေးကို အမြဲလို စိုးရိမ်တကြီး စောင့်ကြည့် ဆက်ဆံနေရသည်။ ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ ရောင်းရသည့် ဝင်ငွေကိုလည်း အားထားနေရပြန်သည်။

 

ကမ္ဘောဒီယား ၏ ဝန်ကြီးချုပ် ဖြစ်လာသည့် ဟွန်ဆန်၏ သားသည် အသက် ၄၅ နှစ်သာ ရှိသေး၍ ၎င်း၏ နိုင်ငံခြားရေး မူဝါဒ အပေါ် စိတ်မချနိုင် ဖြစ်လာနေရပြန်သည်။

 

ထိုသို့ အိမ်နီးချင်း နိုင်ငံများ၊ တရုတ် ရုရှား တို့ အား စစ်တုရင် ခုံပေါ်တွင်‌ အကွက်ရွေ့ ကစားနေသော်လည်း အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေးဝါဒသည် နိုင်ငံတကာ၏ ရှုတ်ချမှုများကို မသိကျိုးကျွံပြုကာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေးပင် ဖြစ်သည်။

 

၎င်းတို့၏ အတွက်အချက်များ လမ်းလွဲသွားစေနိုင်သည့် တခုတည်းသော အချက်သည် စစ်မြေပြင်၏ အဆုံးအဖြတ်ပင် ဖြစ်သည်။

 

ထိုအပြောင်းအလဲများသည် တရုတ်၊ ရုရှား နှင့် အိန္ဒိယ တို့မှ ‌အာဏာသိမ်း အဖွဲ့ကို အတိုင်းအဆမရှိ ထောက်ခံမှု ပေးခဲ့ခြင်းများ အတွက် နောင်တရစရာ များ ဖြစ်လာနိုင်ပေသည်။

 

အမေရိကန် အခြေစိုက် Stimson Centre ၏ ဆောင်းပါးကို ကောက်နှုတ် တင်ပြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!