အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(3)

by Hla Soewai - Oct 16 2023

အာဏာမသိမ်းမီ ထောက်လှမ်းရေး (၃)

 

မြန်မာ ထောက်လှမ်းရေး သည် တောင်အာရှ၊ တရုတ် နှင့် အရှေ့တောင်အာရှ ရှိ အိမ်နီးချင်း နိုင်ငံများ နှင့် အဆင့်အသီးသီး တွင် ပုံသဏ္ဍန် အမျိုးမျိုး နှင့် နှီးနွယ် ပတ်သက်လာခဲ့သည်။ ထို့ပြင် မြန်မာ နှင့် ဆက်ဆံရေး ကောင်းမွန်နေသော အစ္စရေး နှင့်လည်း ထောက်လှမ်းရေး ဆိုင်ရာ ဖက်တွင် ပူးပေါင်း ဆောင်ရွက်မှု များ ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အခြားသော ထောက်လှမ်းရေး အဖွဲ့များ နှင့် အလွတ်သဘော ဆက်သွယ်မှုများလည်း ရှိလာခဲ့သည်။

 

မြန်မာ ထောက်လှမ်းရေး အဖွဲ့အစည်း ကြီးထွားလာသည်နှင့် အမျှ ဂုဏ်သတင်းလည်း ကျော်ဇော လာခဲ့သည်။ ၁၉၉၀ ကျော် နှစ်များ အစောပိုင်းကာလတွင် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတဦးက နိုင်ငံတွင်း ရှိ အခြား အဖွဲ့အစည်းများ နှင့် ယှဉ်လျှင် စွမ်းဆောင်ရည် အမြင့်ဆုံး ဟု ပင် သတ်မှတ် ပြောဆိုလာခဲ့သည်။ ၁၉၉၄ တွင် ထိုင်း လေ့လာသူ တဦးက အာရှတွင် စွမ်းဆောင်နိုင်စွမ်း အရှိဆုံး လျို့ဝှက် စစ်ပုလိပ် အဖွဲ့ကြီးဟု ဆိုသည်။ နောက်တဦး ကမူ ထို့ထက်ပင် ပို၍ ကမ္ဘာပေါ်တွင် အစ္စရေး၏ မော့ဆက်၊ ဗြိတိန်၏ MI-6၊ စီအိုင်အေ၊ ကေဂျီဘီ တို့ နောက်တွင် ကပ်လျှက် ရှိနေသော အဖွဲ့အစည်းကြီးဟု ပင် ပြောလာခဲ့သည်။

 

ထိုသို့ အလွန်အကျွံ တင်စားပြောဆိုလာကြခြင်းသည် နိုင်ငံတွင်း MI ဟု လူသိများသော စစ်ထောက်လှမ်းရေး နှင့် ပတ်သက်၍ လူများ စိတ်ဝင်တစား နှင့် ချဲ့ကား ပြောဆိုနေမှုများ နှင့် ဆက်စပ်နေပြီး၊ ထိုသို့ ချီးကြူး မှုများသည် အမြဲလို မှန်ကန်သည်ဟု တော့ ပြော၍ မရပေ။ သို့သော်လည်း စစ်ထောက်လှမ်းရေးသည် စစ်အစိုးရ၏ ရန်သူများ အား ဖေါ်ထုတ် ချေမှုန်းပြီး ၎င်းတို့ အုပ်ချုပ်ရေး သက်ဆိုး ရှည်ရန် အတွက်မူ အစွမ်းထက်ဆုံး လက်နက်ကြီး အဖြစ် ရှိနေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

 

၂၀၀၃ ခုနှစ်တွင်း စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား မနာလိုသည့် ပြိုင်ဖက်များ၏ ဖြုတ်ချမခံရမှီ အချိန် အထိ စစ်ထောက်လှမ်းရေး အကြီးအကဲ ရုံး အား ပြည်တွင်း ပြည်ပ ရှိ လေ့လာသူများက “ကိုယ်ပျောက် အစိုးရ”၊ “အစိုးရ အတွင်း ရှိ နောက်ထပ် အစိုးရ” ဟု ပင် ခေါ်ဝေါ် သုံးစွဲခဲ့ကြသည်။

 

၂၀၁၅ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာသော်လည်း ထောက်လှမ်းရေး လုပ်ငန်းများ၏ အခန်းကဏ္ဍ နှင့် လှုပ်ရှားမှု များကို ကန့်သတ်ခြင်း မျိုး လုပ်ခဲ့ခြင်း မရှိပေ။ သို့သော် ရဲတပ်ဖွဲ့ နှင့် နိုင်ငံရေး နှင့် သက်ဆိုင်သည့် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေသည့် အထူးစုံစမ်းစစ်ဆေးရေး SB တို့ကိုမူ အရပ်ဖက် အောက်တွင် ထားရှိရန် ကြိုးပမ်းမှု များ တော့ ရှိလာခဲ့သည်။

 

၂၀၁၈ တွင် လုပ်ပိုင်ခွင့် အရှိဆုံး အထွေထွေ အုပ်ချုပ်ရေး ဌာနအား စစ်တပ်လက်အောက်ရှိ ပြည်ထဲရေး ဝန်ကြီးဌာနမှ NLD ၏ တိုက်ရိုက် ချုပ်ကိုင်မှု အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ သို့သော် ထူးထူးထွေထွေ ပြောင်းလဲသွားအောင်တော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

 

၂၀၀၄ ခုနှစ် ထောက်လှမ်းရေး တဖွဲ့လုံး သန့်စင်ခံရပြီးနောက် ပြန်လည် ဖွဲ့စည်းလာသည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးရာ အကြီးအကဲ ရုံးသည် တဖြေးဖြေး ရုပ်လုံး ပေါ်လာခဲ့ပြီ ဖြစ်သည်။ လုပ်ပိုင်ခွင့် နှင့် အာဏာများ လည်း တိုး၍ ရရှိလာခဲ့သည်။ ထိုအဖွဲ့သည် လုပ်ငန်းဆောင်တာ အဝဝကို ကာကွယ်ရေး ဦးစီးချုပ် အား အစီရင်ခံ‌နေရဆဲ ဖြစ်၍ အရပ်သား အစိုးရ ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိနေခဲ့သည်။

 

၂၀၁၆-၁၇ တွင် ရခိုင် ပြည်နယ် အတွင်း ရိုဟင်ဂျာ မူဆလင်များအား “နယ်မြေ ရှင်းလင်း သန့်စင်ရေး” အမည် တပ်ကာ တိုက်ခိုက်ခဲ့မှု ကြောင့် လတ်တလော အရေးယူ ဆောင်ရွက်၍ ရမည့် ထောက်လှမ်းရေး သတင်းများ ရရှိဖို့ လိုအပ်နေသည်ကို သတိပြု လာခဲ့ပြီး နောက်ပိုင်းတွင် စစ်တပ် နှင့် ရဲထောက်လှမ်းရေး လုပ်ငန်းများ တိုးတက်မှု ရှိလာအောင် NLD အစိုးရ၏ ထိန်းချုပ်နေမှု များ ရှိနေသည့် ကြားမှပင် မြေတောင်မြှောက်ပေး လာခဲ့ကြသည်။

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် အာဏာသိမ်း အဖွဲ့၏ ထောက်လှမ်းရေး ဖက်ဆိုင်ရာ လုပ်ငန်း ဆောင်တာများ နှင့် ပတ်သက်၍ များများစားစား မသိရသေးသော်လည်း ပေါ်ပေါက်လာသော အရပ်ဖက် ဝန်ထမ်း များ ၏ အာဏာ ဖီဆန်ရေး လှုပ်ရှားမှု နှင့် ပြည်တွင်း စစ်ကြီး တို့၏ စိန်ခေါ်လာမှုများ၊ ပါဝင်တိုက်ခိုက်နေသူများ၏ နည်းဗျုဟာ များ ကို တန်ပြန်နိုင်ရန် သိသိသာသာ ကြိုးပမ်းလာခဲ့သည့် လက္ခဏာများ တွေ့လာခဲ့ရသည်။

 

အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒေသအနှံ့အပြားတွင် ရှိနေသော PDF, LDF, များ နှင့် သီးခြား ထွက်ပေါ်လာသော မြေအောက်တော်လှန်ရေး အဖွဲ့များနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ သတင်း များ အတိအကျ ရနိုင်ရေး ကို အလေးပေး လာခဲ့သည်။

 

မြန်မာ သည် လွတ်လပ်ရေး ရပြီး မှစ၍ တချိန်လုံး မငြိမ်သက် ခဲ့သည့် အတိတ်သမိုင်း က ရှိနေခဲ့ပြီး ဖြစ်၍လည်း စစ်တပ်သည် ထိုသို့ သမာယိုးကျ မဟုတ်သော စစ်ဆင်ရေးများ နှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီး ဖြစ်နေသည်။ ဗြိတိသျှ စစ်ရေး မဟာဗျူဟာ ကျွမ်းကျင်သူ ဂျုလီယံ ပေဂက် ပြောသလို သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ပွဲများ တွင် အနိုင်ရရေး သည် ထောက်လှမ်းရေး သတင်း ကောင်းများသည် အဓိက အချက် အဖြစ် ပါဝင်နေသည် ဆိုသည်အား ဗိုလ်ချုပ်ကြီး များက ကောင်းစွာ သိထားပြီး ဖြစ်သည်။

 

တော်လှန်ရေး အင်အားစု များ၏ ပင်ကိုယ် အားနည်းချက် များကြောင့် သူတို့ အဖို့ ရန်သူ ၏ တည်နေရာ၊ စစ်အင်အား နှင့် စီမံချက်များကို မဖြစ်မနေ သိထားဖို့ လိုအပ်လာသည်။ နှစ်ဖက်စလုံးမှ တဖက်နှင့် တဖက် စိတ်ဓါတ်ရေးရာ ယို့ယွင်းလာအောင် နိုင်ငံရေး အရရော စစ်ဆင်ရေး အရပါ ဆင်နွှဲဖို့ လိုအပ်လာသည့် အတွက် မျက်စိမှိတ် တိုက်နေ၍ မဖြစ် ဆိုသည်ကိုလည်း သိထားကြပြီး ဖြစ်သည်။