ဦးကျော်မိုးထွန်း နှင့် NUCC အား ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် အဖြစ် အမည်တင်သွင်း

by Hla Soewai - Oct 10 2023

အမျိုးသား သစ္စာဖေါက်များက မိမိတို့ အား ရာစုနှစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ထားသည့် စစ်ဖိနပ် အောက်မှ ရုန်းထွက်နိုင်ရေး အတွက် ပြည်သူများ၏ အသေအလဲ ရုန်းကန် တိုးထွက်နေမှု ကြီးအား အကြမ်းဖက် လုပ်ရပ်များဟု အာဏာရှင်များ အတွက် တိုကျိုတွင် လော်ဘီ လုပ်ရင်း တဖက်ကလည်း ၎င်းတို့ ပွဲ့လန့်တုံး ဖျာခင်း နိုင်မည့် ရွေးကောက်ပွဲ အား လည်း ဂျပန်၏ ထောက်ခံမှု ရရေး အတွက် ခြေရှုပ် နေကြစဉ်တွင် နော်ဝေး ရှိ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု မှ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် အမျိုးသား အတိုင်ပင်ခံ ကောင်စီ NUCC အား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ရန် ထောက်ခံ တင်ပြလိုက်ပြီ ဖြစ်သည်။

 

ထိုအင်စတီကျု သည် နော်ဝေး တွင် အခြေစိုက်ထားပြီး ကမ္ဘာငြိမ်းချမ်းရေး အတွက် သုတေသန ပြုနေသော အဖွဲ့အစည်းကြီးလည်း ဖြစ်၍ နိုဘဲလ် ဆု ရွေးချယ်ရေး အဖွဲ့သည် ၎င်းတို့၏ အမြင်များကို အခြားလူများထက် ပို၍ တလေးတစား နားထောင်ကြမည်ဟု ယူဆရပေသည်။

 

ဦးကျော်မိုးထွန်း နှင့် အမျိုးသား အတိုင်ပင်ခံ ကောင်စီသည် ကမ္ဘာငြိမ်းချမ်းရေး အား အမြဲလို အန္တရာယ်ပေးနေသည့် အာဏာရှင် စနစ် ဆန့်ကျင်‌ တိုက်ဖျက်ရေး လှုပ်ရှားမှု အား ဦးဆောင်ကာ ငြိမ်းချမ်းစွာ နေထိုင်သွားနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး ဆိုသည့် နိုင်ငံရေး ရည်မှန်းချက်ကို ချမှတ်ဆောင်ရွက်နေကြခြင်းပင် ဖြစ်၍လည်း ယခုလို ထိုက်ထိုက်တန်တန် အမည်စာရင်း တင်သွင်းပေးခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခုအခါ The Armed Conflict Location and Event Data (ACLED) ဆိုသည့် ကမ္ဘာနိုင်ငံများ ၏ လက်နက်ကိုင် ပဋိပက္ခ နှင့် အဖြစ်အပျက် များ၏ အချက်အလက်များကို အချိန်နှင့် တပြေးညီ တင်ပြနေသည့် အဖွဲ့အစည်းကြီး ၏ အညွှန်းကိန်းတွင် မြန်မာသည် အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသော နိုင်ငံ ၅၀ စာရင်းတွင်ယူကရိန်း ပြီးလျှင် ဒုတိယ နေရာတွင် ရှိနေကြောင်း ဖေါ်ပြထားပြီးလည်း ဖြစ်သည်။ တတိယ အဖြစ် မက္ကဆီကို နှင့် စတုတ္ထ အဖြစ် ပါလက်စတိုင်း တို့ အား ဖေါ်ပြထားသည်။ နိုင်ငံတွင် လူ ခြောက်ဦး လျှင် တယောက်နှုန်း အကြမ်းဖက်မှု ဒဏ်ကို ရိုက်ခတ်ခံခဲ့ရမှု အပေါ် အဓိက ထား တွက်ချက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ထိုသို့ ကမ္ဘာတွင် ဒုတိယနေရာတွင် ရှိနေသည့် ပဋိပက္ခကြီးအား အဆုံးသတ်ရေး အတွက် ကိုယ်ကျိုးစွန့် လှုပ်ရှားနေသူများအား ကမ္ဘာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်သင့် လှပေသည်။

 

ဂျပန်တွင် စစ်ကောင်စီ လော်ဘီများ တွေ့ခွင့်ရခဲ့သော အတိုက်အခံပါတီမှ အမတ် နှစ်ဦးသည် ၎င်းတို့ ပြောစကား များကို လက်ခံကြခြင်း မရှိဟုလည်း သိရသည်၊ မြန်မာပြည်ရှိ လမ်းပေါ်တွင် သွားလာနေကြသူများ ထံမှ တွေ့ရာလူကို လက်ညိုးထိုး မေးမည် ဆိုပါကလည်း ၎င်းတို့၏ ပြောဆိုနေမှုများသည် လိမ်ညာနေကြခြင်းသာ ဖြစ်သည် ကို တညီတညွတ်တည်း ဖြေဆိုကြမည်သာ ဖြစ်သည်၊ လက်ရှိ ဖြစ်ပျက်နေမှုများကို မဟုတ်ပါ၊ မမှန်ပါ ဟု ဘူးကွယ်နေကြသူများသည် တကယ်တမ်း စဉ်းစားကြည့်မည် ဆိုက စိတ္တဇ ဝေဒနာရှင် အပျော့စားများသာ ဖြစ်သည် မဟုတ်ပါလော။

 

ထိုသို့ အမျိုးသား သစ္စာဖေါက်များက လော်ဘီ လုပ်နေကြစဉ်တွင် အရှေ့ တီမော နိုင်ငံငယ်လေးမှ မြန်မာ အရေး အား ကမ္ဘာစင်မြင်တွင် ဦးဆောင်ဦးရွက် တိုက်ပွဲ ဝင်နေပြီ ဖြစ်သည်ဟု ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် ဆောင်းပါးရှည်ကြီး ရေးသား ဖေါ်ပြလာခဲ့သည်။၊

 

ဝန်ကြီးချုပ် ဖြစ်သူ ဆာနနာ ဂပ်စ်မိုမှ “မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများကို လက်မခံနိုင်” ဟု ပြောဆိုခဲ့သည်။ တီမောရှိ ၎င်းအား အတိုက်အခံ ပြုနေကြသည့် နိုင်ငံ‌ရေးသမားများ၊ အရပ်ဖက် အဖွဲ့အစည်းများ အားလုံးသည်လည်း အခြား ကိစ္စများတွင် သဘောကွဲလွဲမှု ရှိနေသော်ငြားလည်း ထိုအရေးတွင်မူ ၎င်းနှင့် တသဘောတည်း ရှိနေသည်ဟု သတင်းစာက ရေးသားထားသည်။

 

လာမည့် လ များ အတွင် မြို့တော် ဒီလီ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် ရုံး ဖွင့်လှစ်သွားမည် ဖြစ်ပြီး တော်လှန်ရေး အတွက် လိုအပ်သလို လှုပ်ရှားသွားခွင့် ပြုသွားမည်ဟု သိရသည်။

 

တီမော၏ လုပ်ရပ်သည် လွန်စွာမှ အရေးပါလှကြောင်း မလေးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူ ဒက်ဘီ စတိုဟပ် က ဆိုသည်၊ သူမသည် ယခင် ဗိုလ်သန်းရွှေ စစ်အစိုးရ အား အဓိက နေရာမှ ဆန့်ကျင် လှုပ်ရှားခဲ့ဖူးသူလည်း ဖြစ်သည်။

 

သို့သော် တီမောသည် အာဆီယံ မူ များ နှင့် ဆန့်ကျင်ပြီး မြန်မာအရေးအား ဦးဆောင်ဦးရွက် ပြုလာသဖြင့် ထိုအဖွဲ့ကြီး အတွင်းသို့ လက်ရှိ လေ့လာသူ အဖြစ် မှ တင်းပြည့်ကျပ်ပြေ့ အဖွဲ့ဝင် တဦး အဖြစ် ဝင်ရောက်ခွင့် ရရေး သည် အဖွဲ့ဝင် နိုင်ငံအချို့မှ ကန့်ကွက်လာမည့် အရေးကြောင့် အနည်းနှင့် အများဆိုသလို ထိခိုက်လာနိုင်ဖွယ် ရှိနေသည်။

 

အရှေ့ တီမောသည် အရှေ့တောင်အာရှ နိုင်ငံများ တွင် ဒီမိုကရေစီ အရှိဆုံး နိုင်ငံအဖြစ် ကျွမ်းကျင်သူ များက အသိအမှတ် ပြုထားပြီး နယ်ခြားမဲ့ သတင်းထောက်များ အသင်းက လည်း သတင်း မီဒီယာ လွတ်လပ်ခွင့် တွင် ကမ္ဘာပေါ်တွင် အဆင့် ၁၀ ရှိသည်ဟု သတ်မှတ်ပေးခဲ့သည်။

 

ယူကရိန်း သတင်းများကိုသာ မြင်တွေ့နေရသော ဂပ်စ်မိုမှ အင်အားကြီး နိုင်ငံများသည် ၎င်းတို့အား တိုက်ရိုက် မထိခိုက်ဟု ယူဆလျှင် အမြဲလို လျစ်လျု ရှုနေကြစမြဲ ဖြစ်သည်ဟု ဝေဖန်သွားခဲ့သည်။ ထို့အတွက် မိမိတို့ အချင်းချင်း သွေးစည်းညီညွတ်ကြဖို့သာ ရှိသည်ဟု ဆိုသည်။ ၎င်းတို့လည်း အင်ဒိုနီးရှား စစ်တပ် အား ဆန့်ကျင် တိုက်ခိုက်နေသည့် ကာလအတွင်း ထိုသို့ လျစ်လျု ရှုသည့် ဒဏ်ကို ခံခဲ့ရ၍ ကိုယ်ချင်းစာသည်ဟု ဆိုသည်။

 

အရှေ့တီမော သံတမန်အား ရန်ကုန်မှ နှင်ထုတ်ခဲ့မှု အား လည်း မိမိတို့ အတွက် ဂုဏ်ယူစရာ ဖြစ်သည်ဟု သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ မှ ပြောသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!