တော်လှန်ရေး ဒရုန်း တပ်များ၏ နည်းပညာ အဆင့် မြင့်မားလာ

by Hla Soewai - Oct 10 2023

မြန်မာ တိုင်းရင်းသား တရပ်လုံးသည် ၁၈၈၅ နိုဝင်ဘာ ၂၉ ရက်နေ့ ထီးနန်း ပျောက်ခဲ့ချိန်မှစ၍ နှစ်ပေါင်း တရာကျော် လုံးလုံး ဗြိတိသျှ တို့၏ ကိုလိုနီ ကျွန်ပြုမှု ဒဏ်၊ မိမိ အမျိုးမျိုးသား အချင်းချင်း လက်နက်အားကိုး ဖြင့် ဖိနှိပ်အုပ်ချုပ်မှု ဒဏ်ကို ခံခဲ့ကြရသည်။ လူ့အခွင့်အရေး များ အသာထားဘိဦး၊ မိမိတို့ တိုးတက် ကြီးပွားရာ ကြီးပွားကြောင်း ပင် လုပ်ဆောင်ခွင့် မရ အမျိုးမျိုး ပိတ်ပင်ခံခဲ့ရသည့် ဘဝမျိုး နှင့် နေလာခဲ့ရသည်။

 

တိုင်းပြည်၏ သယံဇာတ များ သည်လည်း နိုင်ငံနှင့် လူမျိုး အကျိုးရှိရာ ရှိကြောင်း ဖြစ်မလာခဲ့ပဲ အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ်ချုပ်များ ချမ်းသာ ကြွယ်ဝရေး နှင့် လက်နက်နှင့် အလဲအလှယ် လုပ်ရေး တို့ အတွက်သာ ဖြစ်လာခဲ့သည်။

 

တနိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရသည့် ၁၈၈၅ မှ စ၍ ရေတွက်လျှင် ၁၃၇ နှစ်လုံးလုံး တွင် လွတ်လပ်ရေးရပြီး ၁၉၄၈ မှ ၁၉၅၈၊ ၁၉၆၀ မှ ၁၉၆၂၊ ၂၀၁၅ မှ ၂၀၂၀ အထိ စုစုပေါင်း ၁၇ နှစ်မျှသာ လူပီပီ အသက်ရှု နေထိုင်ခွင့် ရခဲ့ကြသည်။

 

ထိုမျှ ကံဆိုးမိုးမှောင်ကျခဲ့ရသည့် လူ့အစည်းအရုံးကြီး သည် ထိုသို့ အခြေအနေမျိုး နှင့် မည်သို့မျှ ဆက်၍ ရပ်တည်သွားရန် မဖြစ်နိုင်တော့မှန်း သိလာကြ၍ နည်းမျိုးစုံ သုံးကာ ၎င်းတို့အား ဆက်၍ ကျွန်ဇာတ်ခင်းရန် ကြံလာနေကြသော စစ်အာဏာရှင် စနစ်ဆိုးကြီး ကို အပြီးအပိုင် ရိုက်ချိုး ချေဖျက်နိုင်ရန် အမဲလိုက် တူမီး သေနတ် ကို ကိုင်စွဲကာ ခုခံ တွန်းလှန်ခဲ့ကြသည့် တော်လှန်ရေးသည် နှစ်နှစ်ခွဲကျော် ကာလအတွင်း ပြည်သူ တရပ်လုံး၏ တခဲနက် ပံ့ပိုး ကူညီမှုများ ဖြင့် ဒရုန်းများ သုံး၍ တိုက်ခိုက်လာနိုင်သည့် အဆင့်အထိ တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ ဒရုန်းများကို အသုံးပြု နိုင်ခဲ့ယုံမက နောက်ထပ် တဆင့်တက်ပြီး စစ်တပ်၏ ဒရုန်းဖျက် ဂျမ်မာ jammer နည်းပညာ များကိုပင် ကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်သည်ဟု နိုင်ငံတကာ ဒရုန်း သုတေသန ပြုနေသည့် DroneDJ စာစောင်တွင် ဘရုစ် ကရမ်မလေ က ရေးသား ချီးကြူးလာခဲ့သည်။ ဒရုန်းသည် Unmanned Aerial Vehicle (UAV) ခေါ် လူမပါ ပျံသန်းနိုင်သော ယာဉ် အား အမည်ပေးထားခြင်းလည်း ဖြစ်သည်။

 

အဆိုပါ စာစောင်တွင် မြန်မာ ဖက်ဒရယ် တော်လှန်ရေး အင်အားစုများ သည် ဒရုန်းများကို ယခင်ကထက် ပို၍ ဝယ်ယူ အသုံးပြု တိုက်ခိုက်လာနိုင်သည်ကို တွေ့ရသည်ဟု ဆိုသည်။ ၂၀၂၂ အတွင်း အာဏာသိမ်း အဖွဲ့ သစ္စာခံ တပ်များကို အကြိမ်ပေါင်း ၆၄၂ ကြိမ် တိုက်ခိုက်နိုင်ခဲ့သည်ဟု RFA အား ကိုးကား၍ ဖေါ်ပြခဲ့သည်။

 

နောက်ပိုင်းတွင် ဒရုန်း၏ ဖရီကွင်စီကို ချေဖျက်ရန် စစ်တပ်မှ အသုံးချလာသည့် နည်းပညာကို ကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်၍ တိုက်ခိုက်မှု အကြိမ် အရည်အတွက် တိုးမြင့်လာခဲ့သည်။ မည်သို့မည်ပုံ ဂျမ်မာ များကို ကျော်ဖြတ်နိုင်ခဲ့ကြသည်ကို မသိရသော်လည်း တော်လှန်ရေး ဒရုန်းတပ် ဖွဲ့ Cloud Wings ၏ တပ်မှုး ဖြစ်သူ ကိုငြိမ်းမှ အရည်အတွက်၊ နောက်ဆုံးပေါ် နည်းပညာများ ရရှိလာမှု ကြောင့် ရန်သူ၏ Drone Guard Equipment များကို ချေဖျက်နိုင်ခဲ့ပြီး အောင်မြင်မှု များ ရရှိခဲ့သည်ဟု ဆိုသည်။

 

အလေးချိန် ပို၍ သယ်ဆောင် နိုင်စွမ်း ရှိသည့် တောင်ပံ့တပ် ဒရုန်းများ၊ quadcopter ခေါ် ရဟတ်ယာဉ် ပုံစံ ဒရုန်းများ အသုံးပြုပြီး ရန်သူ စစ်ကြောင်းများကို ချေမှုန်း နိုင်ခဲ့သည်ဟု လည်း ဆိုသည်။

 

“သူတို့ သုံးနေကြတဲ့ ဂျမ်မာ တွေရဲ့ ဖရီကွင်စီ ကြိမ်နှုန်းများကို သိလာခဲ့တာကြောင့်လည်း ကျွန်တော်တို့ အဖို့ ရန်သူ နယ်မြေထဲ ထိုးဖောက် တိုက်ခိုက်နိုင်ဖို့ အခက်အခဲ မရှိတော့” ဟု ကိုငြိမ်းက ပြောပြခဲ့ကြောင်းလည်း ဆောင်းပါးတွင် ပါရှိလာခဲ့သည်။

 

တော်လှန်ရေး တပ်ဖွဲ့များ၏ ဒရုန်းစွမ်းရည် သည် တိုးတက် မြင့်မားလာခဲ့သည်နှင့် အမျှ ယခု အခါ ယူကရိန်းကဲ့သို့ပင် ဒရုန်းများ အင်အား ဖြည့်တင်းနိုင်ရန် ရံပုံငွေ အခက်အခဲများ ရှိလာနေပြီဟုလည်း သိရသည်။

 

ဂျပန် နိုင်ငံ ထုတ် The Diplomat စာစောင်တွင်လည်း ကလေး မြို့နယ်အတွင်းရှိ လက်နက်ထုတ်လုပ်ရေး စက်ရုံ ကို သွားရောက် လေ့လာခဲ့ပုံ ကို အသေးစိတ် ရေးသားထားပြန်သည်၊ ထိုစက်ရုံတွင် အောက်စီဂျင်သုံး ဖြတ်စက်များ၊ ဂဟေဆော် စက်များ၊ ကုန်ကြမ်း အဖြစ် သံပိုက်လုံးများ ဖြင့် မော်တာ၊ ပစ္စတို၊ ကိုးမမ စက်လတ်များ၊ ၁၂ လုံးထိုး သေနတ်များ ထုတ်လုပ်ပေးနေသည်ဟု ပါရှိသည်။

 

တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာသည်နှင့် အမျှ နည်းဗျုဟာ ပိုင်း နှင့် လက်နက်ခဲယမ်း များ တိုး၍ လိုအပ်လာနေသည်ဟုလည်း စီဒီအမ် ဗိုလ်ကြီး လင်းထက်အောင်က RFA သို့ ပြောပြခဲ့ကြောင်းလည်း သိရှိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!