အာဏာသိမ်း ပြီး နောက်ပိုင်း မြန်မာ ထောက်လှန်ရေး အဖွဲ့များ အပေါ် လေ့လာချက် စာတမ်း(2)

by Hla Soewai - Oct 10 2023

အာဏာမသိမ်းမီ ထောက်လှမ်းရေး (၂)

 

၁၉၈၃ ခုနှစ် အောက်တိုဘာလတွင် မြောက်ကိုရီယား အေးဂျင့် သုံးဦး ပါ အဖွဲ့သည် နိုင်ငံတွင်းသို့ လျို့ဝှက် ဝင်ရောက်လာပြီး ရန်ကုန်တွင် ရောက်ရှိနေသော တောင်ကိုရီယား သမ္မတ ချန်ဒူးဝှမ် အား တိုက်ခိုက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်ကြောင့် အာဏာရှင် နေဝင်းသည် အထူး တုန်လှုပ်ခြောက်ခြားသွားပြီး ဒေါသအကြီး အကျယ် ထွက်သွားခဲ့သည်၊ ထောက်လှမ်းရေး အဖွဲ့သည် “လုံးဝ ပြိုလဲသွားပြီ” ဟု ပင် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ထောက်လှမ်းရေး အဖွဲ့ကြီးတခုလုံးအား သန့်စင်ပြစ်ပြီး ပြန်လည် ဖွဲ့စည်းလာခဲ့သည်။ ဤသို့ဖြင့် ၁၉၈၃ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အမှတ် (၄၄) ခြေမြန်တပ်ရင်းမှ မထင်မရှား ဗိုလ်မှုးကြီး တဦး ဖြစ်သူ ခင်ညွန့်အား ခေါ်ယူပြီး ထောက်လှမ်းရေး အကြီးအကဲ ရာထူးကို ပေးအပ်ခဲ့သည်။ ခင်ညွန့်၏ ဦးဆောင်မှု အောက်တွင် ထောက်လှမ်းရေး အဖွဲ့ကြီးသည် တဖြေးဖြေး ပြန်၍ ရုပ်လုံးပေါ်လာခဲ့သည်။

 

နောက်ပိုင်း နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း အရွယ်အစားရော၊ စွမ်းဆောင်ရည်များပါ တိုးမြင့်လာခဲ့ယုံမက သတင်း စီးဝင်မှု ကို စီမံခန့်ခွဲနိုင်ရန် စနစ် သစ် ကို ချမှတ်နိုင်ခဲ့သည်။ အချိန်ကြာမြင့်လာသည်နှင့် အမျှ ထောက်လှမ်းရေးသည် ၎င်းတို့ ၏ တာဝန်များ အပြင် အရေးပါသည့် မူဝါဒ ပိုင်းဆိုင်ရာ အကောင်အထည်ဖေါ်ရေး လုပ်ငန်းအသီးသီး အထိပါ ပါဝင် ပတ်သက်လာခဲ့သည်။

 

၁၉၉၇ တွင် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် မြန်မာသည် ထောက်လှမ်းရေး လုပ်ငန်းများ အတွက် စစ်တပ် ခေတ်မီ တိုးတက်‌ရေး ဘတ်ဂျက် လျာထားမှု စုစုပေါင်း၏ ၂၀ မှ ၃၀ ရာနှုန်း အထိ တိုးမြှင့် သုံးစွဲလာနေပြီဟု တင်ပြခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုအချိန်တွင် မြန်မာနိုင်ငံ အတွင်းတွင်တော့ DDSI/OSS/OCMI ထောက်လှမ်းရေး အဖွဲ့များသည် လက်နက်ကိုင် တပ်ဖွဲ့များ အတွက် မဟာဗျူဟာ၊ နည်းဗျူဟာ နှင့် စစ်ဆင်ရေး ပိုင်းဆိုင်ရာ ထောက်လှမ်းရေး သတင်းများ ရယူခြင်း၊ လေ့လာဆန်းစစ်ခြင်း များ ပြုလုပ်လျှက် ရှိနေသည်။ ထိုလုပ်ငန်းများအား အရပ်ဖက် အဖွဲ့အစည်းများ ဖြစ်သော ရဲတပ်ဖွဲ့ အထူး စုံစမ်းစစ်ဆေးရေး Special Branch (SB) နှင့် ပြည်ထဲရေး ဝန်ကြီးဌာနရှိ အထူး စုံစမ်းစစ်ဆေးရေး ဗျူရို Bureau of Special Investigation (BSI) တို့မှ လည်း ကူညီ ပံ့ပိုးပေးခဲ့ကြသည်။

 

၎င်းတို့ အားလုံးသည် အာဏာရှင် အစိုးရ အား ဆန့်ကျင် လှုပ်ရှားနေသူများအား ကျုပင်ခုတ် ကျုငုတ်မကျန် ရှင်းလင်းရေး၊ အစိုးရ ဌာနများရှိ အကျင့်ပျက် ခြစားသူမှု များ ဖေါ်ထုတ်‌ရေး၊ ၎င်းတို့ အချင်းချင်း အကြား သစ္စာဖေါက်မည့် အလားအလာ များ စောင့်ကြည့်ရေး၊ သံသယ ရှိသည့် ပြည်ပသူလျို ဟု ယူဆသူများအား တန်ပြန် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်လာကြသည်။ သံရုံးများ နှင့် သံဝန်ထမ်းများအားလည်း အနီးကပ် စောင့်ကြည့်ခဲ့ပြန်သည်။

 

ကြေးနန်းနှင့် ဆက်သွယ်ရေး ဌာန ကဲ့သို့ အခြားသော ဝန်ကြီးဌာန များ အကူအညီဖြင့် ထောက်လှမ်းရေး အဖွဲ့များသည့် ပြည်တွင်း ပြည်ပ တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှုများ ကို ကြားဖြတ်နားထောင်ခြင်း၊ စာများကို ဖွင့်ဖောက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

 

၁၉၉၀ ကျော် နှစ်များ အလယ်ပိုင်း ‌လောက်မှစ၍ ကွန်ပြူတာ အသုံးပြုမှုများကို စတင် စောင့်ကြည့်လာကြသည်။ အီးမေး နှင့် ဆိုရှယ်မီဒီယာ များကို စောင့်ကြည့်ခြင်းဖြင့် သတင်း အချက်အလက် စစ်ပွဲ ကို ကဏ္ဍတရပ် အဖြစ် စတင်ခဲ့သည်။ ၎င်းတို့ တွင် ရှိသမျှသော အရင်းအမြစ်များကို အသုံးချ၍ ဝေဟင်မှ ဓါတ်ပုံ ရိုက်ခြင်း ပုံစံအမျိုးမျိုးကို အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင် လုပ်ငန်းသုံး ဂြိုလ်တုများမှ ပုံရိပ်များကိုပါ အသုံးချလာကြသည်။

 

တချိန်တည်းမှာပင် အရပ်သား ပြည်သူများအားလည်း ဒေါင့်ပေါင်းစုံမှ စောင့်ကြည့် ထောက်လှမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာခဲ့ကြသည်။ ထိုသို့ ပြုလုပ်နိုင်ရန် အတွက် လေ့ကျင့်ထားပြီးသော အေးဂျင့်များ အပြင် ငွေပေးပြီး သတင်းထောက်လှမ်းခိုင်း၍ ရသူများပါ ထည့်သွင်း အသုံးပြုခဲ့သည်။

 

၁၉၇၃ ခုနှစ်တွင် အမေရိကန် အစိုးရမှ မြန်မာရှိ မြို့တိုင်း ရွာတိုင်းတွင် အရပ်ဝပ် ထောက်လှမ်းရေး များ ရှိနေသည်ဟု ယုံကြည်ခဲ့ကြသည်။

 

၁၉၉၇ တွင် ခရစ္စတီနား ဖင့် မှ “Living Silence in Burma” စာအုပ်တွင် မြန်မာ ရှိ မြို့ကြီးများ တွင် ရှိနေသော အခြေအနေများကို ယခုလို ဖေါ်ပြခဲ့သည်။

 

“ရန်ကန် နှင့် မန္တလေး တွင် အလယ်အလတ် ရာထူး အဆင့်ရှိ ထောက်လှမ်းရေး အရာရှိတဦး၏ ကြီးကြပ်မှု ဖြင့် ရပ်ကွက်တိုင်း အတွက် ထောက်လှမ်းရေး အဆင့်နိမ့် ဝန်ထမ်း များ အား တာဝန်ပေးထားခဲ့သည်။ ထိုလူများမှ ရပ်ကွက်တခုစီမှ သတင်းပေး ငါးဦး အား စည်းရုံးရပြီး ထိုအထဲတွင် ပဥ္စမမြောက်လူသည် အခြား သတင်းပေး လေးဦးအား စောင့်ကြပ် ကြည့်ရှုရသည်။ ရပ်ကွက် ငြိမ်းချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသည်လည်း လမ်းတလမ်းလျှင် သတင်းပေး တယောက်နှုန်း ထား၍ စောင့်ကြည့်ကြရသည်။ စစ်ထောက်လှမ်းရေး ဝန်ထမ်းများက ၎င်းတို့ စည်းရုံးထားသူ များ နှင့် ရပ်ကွက်ကောင်စီမှ သတင်းပေး များ ထံမှ ရရှိသော အချက်အလက်များ ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင် စစ်ဆေးကြရသည်” 

 

ထို့ပြင် မသမာသော နည်းလမ်းမျိုးစုံ သုံး၍ ထောက်လှမ်းရေးသည် ဗလီများ၊ ကုမ္ပဏီရုံးများ နှင့် ပုဂ္ဂလိက အိမ်များ တွင်ပင် အသံဖမ်း ကိရိယာ များ လျို့ဝှက်တပ်ဆင်ခဲ့သည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် စစ်ဖက်ဝန်ထမ်းများ အပါအဝင် လူများ အကြား သံသယ များ ပွားလာပြီး မိမိတို့၏ အပြောအဆို အပြုအမူများကို သတိထား နေထိုင်လာခဲ့ကြရသည်။ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး အကြီးအကဲ ရုံး ပြိုလဲသွားပြီးနောက်တွင် ထိုသို့ စောင့်ကြည့်ရမည့် တာဝန်သည် ရဲအဖွဲ့ အပေါ် ကျရောက်လာခဲ့သည်။

 

မြန်မာပြည်ပြင်ပတွင်မူ အိမ်နီးချင်း နိုင်ငံများ အတွက် သူလျို နှင့် သတင်းပေးများကို တသီကြီး အသုံးချခဲ့ကြပြန်သည်။ ပြည်ပသို့ ထောက်လှမ်းရေး မည်မျှ စေလွှတ်ခဲ့သည်ကို မသိရသော်လည်း အရည်အတွက်က ပုံမှန် မရှိပဲ အမြဲလို ပြောင်းလဲနေသည်။ ၁၉၉၀ ကျော် နှစ်များ အကုန်ပိုင်း တွင် ထိုင်း အစိုးရမှ မိမိတို့ နိုင်ငံ တဝှမ်းတွင် အသွင် အမျိုးမျိုး ယူထားသော စစ်ထောက်လှမ်းရေးများ ထောင်နှင့် ချီ၍ ပျံ့ကြဲနေပြီ ဆိုသည်ကို သဘောပေါက် လာခဲ့သည်။

 

မြန်မာ သံရုံးများ တွင် တာဝန်ပေးထားသော သံတမန်များ၊ စစ်ဖက်ဆိုင်ရာ သံဝန်ထမ်းများ အတူ လက်တွဲပြီး ထောက်လှမ်းရေး နှင့် စစ်အစိုးရ အား သစ္စာခံသူများက တိုင်းရင်းသား သူပုန်များ၊ မှောင်ခိုသမားများ၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ နှင့် အဝေးရောက် အဖွဲ့အစည်းများ ၏ သတင်းများကို အစီရင်ခံခဲ့ကြသည်။

 

ထို့ပြင် မြန်မာ လုံခြုံရေး ကို အန္တရာယ် ပေးလာနိုင်သည့် နယ်ခြား ဒေသများရှိ စစ်ရေး ဖြစ်ပေါ် ပြောင်းလဲလာမှုများ ကိုလည်း စောင့်ကြည့်ခဲ့ကြရသည်။ ကုလသမဂ္ဂ နှင့် မြန်မာ အရေး အပေါ် စိတ်ဝင်တစား လုပ်ကိုင်နေသော NGO အဖွဲ့များ အကြောင်းကိုလည်း ထောက်လှမ်းခဲ့ကြသည်။ ထိုအထဲတွင် ပြည်ပ မှ ပညာရှင်များ သတင်းစာဆရာများ ပါမကျန် စောင့်ကြည့်နေခဲ့သည်။

 

“နိုင်ငံတော်၏ ရန်သူများ” ဟု ဆိုကာ ပြုစုထားသည့် ထောင်ပေါင်းများစွာ သော လူများ၏ အမည်များကို လည်း ပြုစုထားသည်။ ထိုအထဲတွင် နိုင်ငံခြားသားများ၊ မြန်မာ နိုင်ငံသားများ ပါဝင်ပြီး အစစ်အမှန် တက်ကြွ လှုပ်ရှားနေသူများ သာမက စစ်အစိုးရ အပေါ် ဝေဖန် ယုံသက်သက် မျှသာ ရှိသူများလည်း ပါဝင်နေသည်။