လက်ညိုးထိုး ရောင်းစားကြတော့မည်

by Hla Soewai - Oct 05 2023

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ စိတ်ကူးဉာဏ် ကွန့်မြူး၍ ရသလောက် ဟိုဟာ လုပ်ချင်သည်၊ ဒီဟာ လုပ်ချင်၍ ဖြစ်မလား ဆိုကာ ရုရှား နှင့် တရုတ်တို့အား တကျီကျီ နှင့် နားပူ နားဆာ လုပ်လေ့ရှိသည်။

 

အာဏာသိမ်းပြီ ဆိုကတည်းက သူများ နှာခေါင်းပေါက် နှင့် အသက်ရှု ရတော့ မည် ဆိုသည်ကို သိနားလည် ထားကြပြီးလည်း ဖြစ်သည်။ ပါးစပ်ကသာ မိုးတလုံး လေတလုံး ပြောနေသော်လည်း ၎င်းတို့ အုပ်ချုပ်ခဲ့သည့် သက်တမ်း အတွင်း အခြေခံ အဆောက်အအုံ ပိုင်း ဘာတခုမျှ တိုးတက်မလာခဲ့။

 

သို့သော် ဒီတကြိမ်တွင်တော့ မင်းအောင်လှိုင် အဖွဲ့၏ ဒုဝန်ကြီးချုပ် နှင့် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး မြထွန်းဦး သည် ချောင်ထိုးခံထားရာမှ ဖုတ်ဖက်ခါ ပြန်ထလာပြီး တရုတ်ပြည်အား မျက်နှာချို သွေး နိုင်ရန် အဆိုပြုချက်ကို သွားရောက် တင်ပြခဲ့‌ ချေပြီ။

 

စစ်ကောင်စီသည် ၎င်းတို့ ဆရာသမား ပူတင်သည် ရှီကျင့်ပင် အလိုမကျ ဖြစ်မည့် ကိစ္စမှန်သမျှ ကို လုပ်ရဲမည် မဟုတ်ဟု သိလာကြသည်နှင့် အမျှ တရုတ်အား ခွေခေါက်ထား၍ မဖြစ်ဟုလည်း သဘောပေါက်လာကြသည်။

 

မြထွန်းဦး သည် ဘီဂျင်းတွင် ကျင်းပနေသည့် သယ်ယူ ပို့ဆောင်ရေး ဖိုရမ် သို့ တက်ရောက်ပြီး အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်တို့ ထွက်ပေါက်ရစေရန် တရုတ်ပြည် တောင်ပိုင်း နှင့် မန္တလေး၊ ရခိုင်ပြည်နယ်များသို့ မီးရထားလမ်း ဖေါက်လုပ်ရန် ကိုယ်တိုင်ကိုယ်ကျ စကားစ ပြောလာပြီ ဖြစ်သည်။

 

မြထွန်းဦးသည် လေသက်သက် မဟုတ်၊ ဒီတခါ အတည် ဆိုသည်ကို သိသာစေရန် တရုတ် ဒုဝန်ကြီးချုပ်၊ ပို့ဆောင်ရေး ဝန်ကြီး၊ တရုတ် မီးရထား လုပ်ငန်း ဌာနချုပ်မှ အရာရှိကြီးများ နှင့် ခေါင်းချင်းရိုက် ဆွေးနွေးခဲ့ပြန်သည်။

 

နောက်တကြောင်းက ယခုလအတွင်း တရုတ် တွင် ကျင်းပရန် ရှိနေသည့် BRI ဟု ခေါ်နေကြသည့် ရပ်ဝန်း နှင့် လမ်း စီမံချက် ဆိုင်ရာ ထိပ်သီးအစည်း အဝေး တတိယ အကြိမ် မြောက် ဖိုရမ် သို့ မင်းအောင်လှိုင် တက်ရောက်ခွင့် ရရေး အတွက် မက်လုံးများ ပေးလာခြင်းလည်း ဖြစ်ဖွယ် ရှိနေသည်။ နိုင်ငံပေါင်း ၁၁၀ မှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ပြီး ဖြစ်သော်လည်း မင်းအောင်လှိုင်ထံသို့ ဖိတ်စာ ရောက်မလာသေးဟု ဧရာဝတီ သတင်းက ဆိုသည်။

မင်းအောင်လှိုင် ဖိတ်ကြားခံရရေး အသည်းအသန် လော်ဘီ လုပ်နေရသည်ဟု သိရပြီး မြထွန်းဦးက နောက်ဆုံး ကျည်ဆံကို ထုတ်သုံးလာခြင်း ဖြစ်ပုံရသည်။

 

တရုတ်တို့၏ ရထားလမ်း ဖေါက်လုပ်ရေးသည် နိုင်ငံ အတွက် အကျိုးများစရာ အကြောင်း တစက်လေးမျှ မရှိသည့် အပြင် နိုင်ငံခြားငွေကို ပင် ပြည်ပရောက် မြန်မာ အလုပ်သများ အိပ်ကပ်ထဲထိ လိုက်နှိုက်နေရရှာပြီ ဖြစ်သော ၎င်းတို့အပေါ် တရုတ်က အထက်စီး မှ နေ ၍ သ‌ဘောတူညီချက်များ ချုပ်ဆိုတော့မည် ဖြစ်သည်။

 

ပြည်သူ့ ဒီမိုကရေစီ အစိုးရ လက်ထက်တွင် တန်းတူရည်တူ တလေးတစား ဆက်ဆံခံခဲ့ရကြသည်။ နိုင့်ထက်စီးနင်း တဖက်သတ် ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ပြန်၍ အဖတ်ဆယ်နိုင်ခဲ့သည့် သာဓကများလည်း တွေ့ခဲ့ရပြီး ဖြစ်သည်။

 

ထိုရထားလမ်း ဖေါက်လုပ်ပြီးပါက ဓါတ်ငွေ့ ပိုက်လိုင်း နှင့် အတူ တရုတ်၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ရပ်တည်သွားတော့မည်ဟု စိတ်ဒုံးဒုံးချ လိုက်ပုံရသည့် လက္ခဏာများ ပင် ဖြစ်သည်။

 

တရုတ် နယ်စပ် ရွှေလီ မှ စတင် ဖေါက်လုပ်မည့် အရှည် အားဖြင့် ၄၃၁ ကီလိုမီတာ ရှည်ပြီး ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည့် ရထားလမ်း ကြီးလည်း ဖြစ်သည်။ 

 

တရုတ်သည်လည်း မြန်မာအား ၎င်းတို့ ပိုင် ပြည်နယ် တခု အဖြစ် သဘောထား ဆက်ဆံသွားတော့မည် ဖြစ်သည်။ ဤသည်က သေနတ်တချက်မ‌ဖေါက်ရပဲ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ပေါက်ဖေါ်ကြီးထံ သွားရောက် ပေါင်နှံလိုက်ခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင် ခေါင်းထဲတွင် တရုတ် သည် နိုင်ငံတွင်း ရင်းနှီးမြုပ်နှံ မှု ပမာဏာ များလာလေလေ ၎င်းတို့ ဖြုတ်ချ မခံရရေး အတွက် မဖြစ် မ နေ ကူညီပေးတော့မည် ဆိုသော အတွေး မျိုး ရှိလာခဲ့သည်။

 

သူ့ကိုသာ လုံးလုံးလျားလျား အားကိုးပြီး ရပ်တည်ရမည် ဆိုက အနားတွင် တယောက်မျှပင် ရှိတော့မည်မဟုတ်၊ ဘက်ပြောင်းလာကြတော့မည် သာ ဖြစ်သည်၊ သို့သော် အားလုံးက တရုတ်-ရုရှား ဖက်ကို မျှော်လို့ ရသည့် ထွက်ပေါက် ရှိနေမှန်း သိနေ၍ သူ့နားတွင် ဘာပဲဖြစ်ဖြစ် ဆိုကာ ပေကပ်နေကြခြင်းသာ ဖြစ်သည်။

 

တရုတ်မှ ထိုသို့ ကိုယ်ထိလက်ရောက် ကူညီပါက အမေရိကန် ဖက်ကလည်း ပါလာတော့မည် ဖြစ်၍ တိုင်းပြည်အား တရုတ်-ရုရှား- အမေရိကန်တို့၏ စစ်တလင်း ဖြစ်သွားတော့မည့် အရေးကိုလည်း ၎င်းတို့ နည်းနည်းမျှပင် အမှု မထားပေ။

 

အိမ်နီးချင်း နိုင်ငံများ အချင်းချင်း ဆက်ဆံရေးတွင်လည်း ၎င်းတို့ ဘေးဖယ်ထုတ် ခံနေရသည်။ မြန်မာ နှင့် အရှေ့ နှင့် အနောက်တွင် ရှိနေသည့် အိန္ဒိယ နှင့် ထိုင်း နိုင်ငံတို့ အကြား ကုန်သွယ်ရေး ပမာဏသည်ပင် ဒေါ်လာ ၁၈ ဘီလီယံ ရှိနေသည်။

 

တိုင်းပြည်နှင့် လူမျိုး အကျိုး ကို နဲနဲလေးမျှ မစဉ်းစား ငါ သမ္မတ ဖြစ်ခွင့်ရရေးသည်သာ အဓိက၊ ငါတို့ လက်နက်ကိုင် အဖွဲ့ အုပ်ချုပ်ခွင့် ရရေးသည်သာ ပဓာန ဆိုသော အတွေးမျိုးဖြင့် အုပ်ချုပ်နေသည့် အဖွဲ့မျိုး နှင့် ပြည်သူတို့ ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ထိုအန္တရာယ်ကြီးကို နောင်ခါနောင်လာဈေး ဟု သဘောမထားသင့်ပဲ မိမိတို့ တိုင်းပြည် ရှေ့ရေးကို အရေးတကြီး စဉ်းစားရပေတော့မည်၊ ထိုအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်နိုင်ရေးသည် အချိန်မလွန်ခင်တော်လှန်ရေးကြီး အမြန် အောင်မြင်နိုင်မှ ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!