ငွေတောင်ပြည်က ဒရုန်းလက်သယ်

by Hla Soewai - Oct 05 2023

အာဏာသိမ်း အဖွဲ့ မျက်ကလဲ ဆန်ပြာနှင့် ကယ်ပါယူပါ အော်ဟစ်လာရသည် အထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ဒရုန်း စွမ်းရည်က မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုအထဲတွင် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDF အတွက် ဒရုန်းများကို ဂူထဲရှိ ခပ်မှိန်မှိန် အလင်းရောင်ကို အားပြုကာ ကိုယ်တိုင်ကိုယ်ကျ တီထွင် ထုတ်လုပ်ပေးနေသည့် လူငယ် နက်ဝပ် အင်ဂျင်နီယာ ‌လေး တဦး၏ အကြောင်းကို ဆန်ဖရန်စစ္စကို အခြေစိုက် သတင်း မဂ္ဂဇင်းတခု ဖြစ်သည့် The Wired တွင် ဆောင်းပါးရှည်ကြီး ဖြင့် ရေးသား ဖေါ်ပြလာခဲ့သည်။

 

ထိုလူငယ် အင်ဂျင်နီယာ လေးသည် သူ၏ အမည်ဝှက် ဖြစ်သည့် 3D အမည်နှင့် တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့သည်။

 

လွိုင်ကော် တွင် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြခဲ့ရာတွင် ပါဝင်ခဲ့ပြီး စစ်တပ်၏ ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်မှု များကို တွေ့ရှိလာပြီးနောက် တော်လှန်ရေး ဘက်တော်သားတဦး ဖြစ်လာခဲ့ခြင်းပင်။

 

လက်နက်အင်အား ဆို၍ မယ်မယ်ရရ မရှိရှာသည့် KNDF အဖွဲ့အတွက် သူ တတ်နိုင်သည့် ဖက်မှလက်နက်များ မဖြစ်ဖြစ် အောင် ထုတ်လုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်၊ ထိုသို့ ထုတ်လုပ်နိုင်အောင်လည်း သူ့တွင် သရီးဒီ ပရင်တာ တလုံး ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

 

သရီးဒီ ပရင်တာသည် လွန်စွာ အရည်အသွေး ကောင်းမွန်သည့် လက်နက်များကို ထုတ်လုပ်နိုင်စွမ်း ရှိနေသည်၊ 3D သည် ထိုနည်းပညာများကို ယူကရိန်း ဝက်ဆိုဒ်များ မှ လေ့လာခဲ့သည်။

 

ပထမဆုံး သူထုတ်လုပ်ပေးခဲ့သည်က FGC-9s ဆီမီး အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ်များပင် ဖြစ်သည်။ ပုံစံ ဒီဇိုင်းကို အွန့်လိုင်းမှ ရရှိခဲ့ခြင်း ဖြစ်ပြီး 3D ၏ လည်ပင်းရှိ ဆွဲပြားတွင် တီထွင်သူ Stark ၏ ဆောင်ပုဒ် ဖြစ်သည့် Live free or Die စာတမ်းကို ရေးထိုးထားသည်။

 

သူထုတ်လုပ်ပေးခဲ့သည့် သေနတ်များကို ရှေ့တန်းတွင် အသုံးပြုနေကြပြီ ဖြစ်သည်။ နင်လားငါလား ရင်ဆိုင်ရမည့် တိုက်ပွဲများ တွင်တော့ အသုံးမတည့်သေး၊ ခြုံခို ပစ်ခတ် မှု မျိုးလောက်တွင်သာ သုံး၍ ရသည်။

 

3D သည် ၂၀၂၂ ဒီဇင်ဘာမှစ၍ ဒရုန်းများ ထုတ်လုပ်နိုင်ရန် ကြံဆလာခဲ့သည်။ ဒီတကြိမ်တွင်လည်း ယူကရိန်း တို့ ထုတ်လုပ်သည့် "The Punisher" နှင့် "Liberator MK1" တို့ ကို အတုယူခဲ့သည်။ ၁.၅ ကီလို အလေးချိန်ရှိ ဗုံး ကို သယ် ဆောင်နိုင်ပြီး တောင်ပံတပ် ထပ်တလဲလဲ ပြန်သုံးနိုင်သည့် ဒရုန်း များကို ရှေ့တန်းတွင် အသုံးပြုရန် ထုတ်ပေးနိုင်ခဲ့သည်။

 

ဒရုန်း ကိုယ်ထည်အား သရီးဒီ ပရင်တာ ဖြင့် ထုတ်ပြီး ဖိုင်ဘာမှန် ဖြင့် ဖုံးအုပ်ထားသည်၊ အခြား အစိတ်အပိုင်းများ ဖြစ်သော မော်တာ၊ ဘက်ထရီ၊ ကွန်ထရိုး ဘုတ်ပြားများကို တဖက်နိုင်ငံ မှောင်ခိုဈေးကွက်မှ ဝယ်ယူခဲ့သည်။

 

Liberator ဒရုန်းအား စကူတာ ဖြင့် သယ်ယူ၍ ရသည့် အရွယ်အစား မျိုး ဖြစ်အောင် တည်ဆောက်ရ၍ တောင်ပံပိုင်း တွင် အားနည်းမှုများ ရှိနေသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်း MK2 ပုံစံ ဒရုန်းကို ထုတ်လုပ်လာနိုင်ခဲ့သည်၊ လိုအပ်သည့် အစိတ်အပိုင်းများ ပြည့်စုံပါက နှစ်ရက်အတွင်း အပြီး တပ်ဆင်နိုင်ပြီး ဒရုန်းတစင်း၏ ကုန်ကျ စရိတ်သည် ဒေါ်လာ ၅,၀၀၀ ပတ်ဝန်းကျင် တွင် ရှိသည်။

 

ဒရုန်းတိုင်းလည်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြသည် မဟုတ်၊ လေထဲတွင်ပင် ပျက်ကြသွားသည်များလည်း ရှိ‌ နေသည်။ ပျက်စီးသွားသည့် အစိတ်အပိုင်း များ ပြန်ကောက်ပြီး ထပ်သုံး၍ ရသည်များကို ရွေးထုတ်ကြရပြန်သည်။ 

 

သရီးဒီ ဒရုန်းများသည် ရန်သူ၏ ကွပ်ကဲရေး စင်တာများနှင့် စစ်စခန်းများကို ကောင်းစွာ ဒုက္ခပေးနိုင်နေပြီ ဖြစ်၍ ၎င်းတို့ အကြား အကြောက်တရားများ ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်သည်။

 

ထို့ပြင် ဒရုန်းသည် အင်အား အရာတွင် တဖက်စောင်းနင်း ဖြစ်နေသည့် ရန်သူ ကို အတတ်နိုင်ဆုံး ပြန်၍ ခုခံတိုက်ခိုက်နိုင်မည့် အခွင့်အရေးများ ရလာနေပြီ ဖြစ်သည်။

 

ယခုအခါ ယူကရိန်း ပြီးလျှင် တန်ဘိုးနည်း ဒရုန်းများကို စစ်မြေပြင် တွင် ကောင်းစွာ အသုံးချနိုင်သည်မှာ မြန်မာ ပင် ရှိသေးသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

ဟိုကမပေး၊ ဒီကမရ ဟု ဆိုကာ အွန်လိုင်းပေါ်တွင် ခိုငြည်းသလို ကျီးအာသလို တစာစာ ပြောနေသူများထက် စာလျှင် ယခုလို ထိထိရောက်ရောက် အသုံးချ နိုင်သူများကို ပြည်သူများ အနေဖြင့် ပို၍ပင် လှုဒန်းသင့်လှသည်။

 

အားလုံးသည် နိုင်ငံချစ်စိတ်ဖြင့် ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ကြခြင်းဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် စာချုပ်ချုပ်ပြီး လက်နက်ရမှ ဆိုကာ တော်လှန်ခဲ့ကြသည် မဟုတ် ဆိုသည်ကို သတိချပ်သင့်သည်။

 

အမျိုးသား သစ္စာဖေါက်များက စစ်ကောင်စီ အတွက် အကူအညီ ရလိုရငြား ဂျပန်တွင် လော်ဘီ လုပ်နေကြချိန်တွင် တိုကျိုရှိ မြန်မာ တိုင်းရင်းသားများကမူ အကြမ်းဖက် စစ်တပ်ကြောင့် အိုးအိမ်မဲ့ ဖြစ်နေကြရသည့် ညီနောင်ဖွား လူ နှစ်သန်း အတွက် ရံပုံငွေ ရှာဖွေပွဲ အဖြစ် ရိုးရာအကများ ဖြင့် ဖျော်ဖြေပြီး တိုင်းရင်းသား အစားအစာများ၊ လက်မှု အနုပညာ ပစ္စည်းများ ရောင်းချပွဲကို သီတင်းပတ် အကုန်ရက်များက စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ကို ဂျပန် သတင်းစာများတွင် တခမ်းတနား ရေးသားလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!