စစ်စရိတ် ထောင်းလာနေပြီ ဖြစ်သော ရုရှား ၏ နိုင်ငံတွင်း စီးပွားရေး ထိခိုက်လာခြင်း

by Hla Soewai - Oct 05 2023

မင်းအောင်လှိုင်သည် ရုရှား၏ ထောက်ခံမှု ရထားသည် ဆိုကာ နိုင်ငံတွင်း ဟန်ရေး ပြနေသော်လည်း ဆရာသမား ဖြစ်သူ ရုရှား သည်လည်း တောင်မင်းကို မြောက်မင်း မကယ်နိုင် ဖြစ်နေသည်ကို ၂၀၂၃ စက်တင်ဘာ ၂၈ ရက်နေ့ထုတ် အီကော်နေုာ်မစ် မဂ္ဂဇင်းကြီးတွင် "The costs of Russia’s war are about to hit home" ခေါင်းစဉ် ဖြင့် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြလိုပါသည်။

 

ပြီးခဲ့သည့် နှစ်အတွင်း မည်သည့် နိုင်ငံ၏ ငွေကြေးမျှ ရုရှား ၏ ရူဘဲလ်ငွေလောက် အခြေအနေ ဆိုးဝါးခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အမေရိကန် တဒေါ်လာလျှင် ရူဘဲလ် ၆၀ ခန့် ရှိသော်လည်း ယခုအခါ ၁၀၀ နီးပါး ဖြစ်လာခဲ့သည်။ ဤသည်ကပင် ငွေကြေးခိုင်မာမှု နှင့် အင်အား တောင့်တင်းမှု ကို တန်းတူထားလေ့ ရှိသော ရုရှားနိုင်ငံသားများ အတွက် ထိုးနှက်ခံလိုက်ရခြင်းပင် ဖြစ်ပြီး တင်းမာမှု များ ဖြစ်ပေါ်လာခဲ့ရသည်။

 

ယမန်နှစ်က ဟန်ချက်ညီညီ အတူ လက်တွဲ လုပ်ခဲ့ကြသော ဗဟိုဘဏ် နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့သည် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း နှင့် စီးပွားရေး တိုးတက်မှု နှေးကွေးလာခြင်းကြောင့် ရန်စောင်လာသည့် အနေအထား ဖြစ်လာခဲ့သည်။

 

စစ်ပွဲကြီး အစပိုင်း တွင် ထင်သလို ဖြစ်မလာမှန်း သိလာခဲ့ချိန်မှစ၍ ရုရှားမှ တာဝန်ရှိသူများ၏ တခုတည်းသော တာဝန်သည် စီးပွားရေး ပြိုလဲ မသွားအောင် ကျားကန်ပေးနိုင်ရေး ပင် ဖြစ်သည်။ စစ်ပွဲကြီးကြောင့် ဘဏ်များမှ ငွေများ မထုတ်ယူရေး အတွက် ထိန်းချုပ်ရန် နှင့် အတိုးနှုန်း နှစ်ဆ မြှင့်တင် ပေးခြင်းဖြင့် ကာကွယ်ရန် ဖြစ်သည်။ 

 

ရူဘဲလ်သည် စစ်ပွဲအစပိုင်းတွင် တဒေါ်လာလျှင် ၁၃၅ အထိ ရောက်သွားခဲ့ဖူးသည်။ စီးပွားရေးသည် ‌ဇောက်ထိုးမိုးမျှော် ထိုးဆင်းသွားပြီးမှ ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့သည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အခြေအနေများ တည်ငြိမ်နေကြောင်း ပြသနိုင်ရန် ကာကွယ်ရေး နှင့် လူမှုရေး အသုံးစရိတ်များ တိုး၍ ထုတ်သုံးလာခဲ့သည်။

 

ရေနံ နှင့် ဓါတ်ငွေ့များ အလုံးအရင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ခဲ့မှု ကြောင့် ရူဘဲလ်ငွေ တန်ဖိုးတက်လာပြီး ပြည်ပသွင်းကုန်များကို ဈေးချိုချို နှင့် ဝယ်နိုင်ခဲ့ပြန်သဖြင့် ငွေဖေါင်းပွမှုလည်း ကျဆင်းသွားခဲ့သည်။ ဗဟိုဘဏ်သည်လည်း အတိုးနှုန်းကို စစ်မဖြစ်မီက အနေအထားသို့ ပြန်ချပေးလာခဲ့သည်။

 

လာမည့် မတ်လတွင် ရုရှား သမ္မတ ရွေးကောက်ပွဲနှင့် အတူ စီးပွားရေး စစ်ပွဲကြီးသည် လည်း အဆင့်သစ် သို့ ဝင်ရောက်လာပြီ ဖြစ်၍ ရုရှား တာဝန်ရှိသူ များ အဖို့ ရွေးချယ်စရာ များများစားစား မကျန်တော့သည့် အဖြစ်နှင့် ရင်ဆိုင်လာခဲ့ရသည်။

 

ရုရှား ဘဏ္ဍာရေး ဝန်ကြီးဌာနသည် စီးပွားရေးကို ကျားကန် ပေးခြင်ပြီး လူမှု ဖူလုံး‌ ရေး အသုံးစရိတ်ကို မြှင့်တင်လို သော်လည်း ပူတင်သည် ကာကွယ်ရေး အသုံးစရိတ်အား GDP ၏ သုံးရာနှုန်းမှ ခြောက်ရာ နှုန်းအထိ တိုးမြှင့်ချင်နေသည်။ ပူတင်သည် သူ့နိုင်ငံတွင် အလုပ်လက်မဲ့ နှုန်း အနည်းဆုံးဟု မကြာသေးမီက ကြွားဝါခဲ့သော်လည်း လူငယ်များ စစ်ထဲ ဆွဲသွင်းခံခဲ့ရမှု နှင့် ပြည်ပသို့ ထွက်ခွာနေကြသောကြောင့် ဖြစ်သည် ဆိုသည်ကိုတော့ မေ့လျော့နေဟန် ရှိသည်။

 

ဗဟိုဘဏ်ကလည်း ပတ်သက်လိုဟန် မရှိပေ၊ ပြဿနာသည် ရူဘဲလ်ငွေ တန်ဖိုး ပြန်လည် ကျဆင်းလာခဲ့ရာမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကျဆင်းလာခြင်းမှာလည်း စီးပွားရေး သမားများက ငွေများကို နိုင်ငံ ပြင်ပသို့ သယ်ထုတ်နေကြခြင်းသည်လည်း တစိတ်တပိုင်းအားဖြင့် ပါဝင်နေသည်။ နောက်တကြောင်းက ယခုနှစ် ရေနံဈေး များ ကျဆင်းလာခဲ့သောကြောင့် ပို့ကုန် မှ ဝင်ငွေများ ထိခိုက်သွားခဲ့ခြင်းပင် ဖြစ်သည်။ ရုရှားတို့သည် မိုက်ကရိုချစ် မှသည် ဖျော်ရည် အသစ်အဆန်းများ ကြိုက်နှစ်သက်လာကြပြီး ဈေးကွက် အသစ်များ တွေ့လာခဲ့၍ သွင်းကုန်များ အတွက် နိုင်ငံခြား အရံငွေများ ယခင်ကထက် ပိုပြီး ထုတ်သုံးလာခဲ့ရပြန်၍လည်း ရူဘဲလ် တန်ဖိုး ကျဆင်းခဲ့ပြန်သည်။

 

သွင်းကုန် အတွက် ကုန်ကျစရိတ်များ မြင့်တက်လာပြီး ငွေတန်ဖိုး ကျဆင်းလာမှု ကြောင့် ‌‌ငွေဖေါင်းပွမှု နှုန်း မြင့်လာခဲ့ရသည်။ ကုန်ဈေးနှုန်း များလည်း ဇူလိုင်တွင် ၄.၃ မှ စက်တင်ဘာတွင့် ၅.၅ ရာနှုန်း အထိ တက်လာခဲ့သည်။ 

 

အလုပ်သမားများ၏ အခြေခံ လစာကိုလည်း ကိုဗစ် မတိုင်မီကထက် ၅၀ ရာနှုန်း တိုးပေးထားသဖြင့် ကုမ္ပဏီ များ အတွက် ကုန်ကျစရိတ် ပိုလာသည်နှင့် အမျှ ဈေးနှုန်းများ ပိုတက်လာဖို့သာ ရှိသည်၊‌ ကုန်ဈေးနှုန်း တက်လာခြင်းကြောင့် ငွေဖေါင်းပွမှု နှုန်း ထပ်မံ မြင့်တက်လာဖို့ သာ ရှိပေသည်။

 

အခြေအနေ ကို ရိပ်စားမိလာသော ဗဟိုဘဏ်သည် အတိုးနှုန်းကို ၃.၅ ရာနှုန်း မြှင့်တင်ပေးခဲ့ပြီး တလ အကြာတွင် နောက်ထပ် တစ်ရာနှုန်း ထပ်တိုးခဲ့ပြန်သည်။ အတိုးနှုန်း မြင့်ပါက ပြည်ပ မှ ရင်းနှီး မြုပ်နှံချင်သူများက ရူဘဲလ် ငွေများ ဝယ်လာကြလိမ့်မည် ဟု မျှော်လင့်၍လည်း ဖြစ်သည်။

 

ထိုသို့ ဗဟိုဘဏ်မှ အတိုးနှုန်း မြှင့် တင်ပေးလာခြင်းကြောင့် ပြည်တွင်းတွင် လုပ်ငန်း တိုးချဲ့လိုသူများ အဖို့ ဘဏ်က ချေးငှားဖို့ အခက်အခဲ ဖြစ်လာရပြီး၊ ဘဏ် က ငွေချေးထားသော အိမ်ပိုင်ရှင်များ အတွက် အတိုးနှုန်းများ တက်လာသည်။ စီးပွားရေး တိုးတက်မှု နှေးကွေးကာ အလုပ်လက်မဲ့ ပေါများလာရသည်။

 

ပူတင်သည် စက်ဝိုင်းကို စတုရန်း ပုံ လုပ်ချင်သူဖြစ်၍ အတိုးနှုန်း မတက်ပဲ ငွေတန်ဖိုးလည်း မကျအောင် ကြံဖန် နည်းလမ်းရှာကြဖို့ မူဝါဒ ရေးဆွဲသူများကို ခိုင်းလာသည်။ ထို့အတွက် ငွေကြေးကို ထိန်းချုပ်ဖို့နှင့် ပို့ကုန်ကို တိုးမြှင့်ဖို့ စဉ်းစားလာကြသော်လည်း တခုမှ အလုပ်ဖြစ်နိုင်စရာ မရှိပေ။

 

ငွေကြေး ကို ထိန်းချုပ်နိုင်ရန် ပို့ကုန် သမားများအား ၎င်းတို့ရသော နိုင်ငံခြားငွေ အတော်များများကို လွှဲပြောင်းပေးစေလိုပြီး ပြည်ပသို့ ရွှေ့ပြောင်းခွင့် ကိုလည်း ခက်ခဲအောင်လုပ်ရန် ကြံလာသည်။ ဩဂုတ်လ ထဲတွင် ကုမ္ပဏီများ အနေဖြင့် ရောင်းရငွေများသာ မက ပဲ ပြည်ပ ကုမ္ပဏီများ ၏ ရှယ်ယာများမှ ရလာသော အကျိူးအမြတ်များ၊ ပြည်ပသို့ ချေးထား‌ သော ငွေများ ပြန်ဆပ်၍ ရလာသည်ကို ပါ ‌ရူဘဲလ် နှင့် လဲရန် လိုအပ်သည် ဆိုသော စည်းကမ်းချက်များကို ထုတ်ပြန်ရန် ပြင်ဆင်လာခဲ့ကြသည်။ မိတ်‌ ဆွေ ဟု သတ်မှတ်ထားသော နိုင်ငံများသာမက မည်သည့် နိုင်ငံ မဆို နိုင်ငံခြားငွေများ ရွှေ့ပြောင်းခွင့် ပြုတော့မည် မဟုတ်ဟု ရုရှား ဘဏ္ဍာရေး ဒုဝန်ကြီးက အရိပ်အမြွက် ပြောလာခဲ့သည်။

 

သို့သော် ရုရှား၏ စွမ်းအင်၊ စိုက်ပျိုးရေး နှင့် သတ္တု ပို့ကုန်သမားများသည် လောဘီများ ဖြစ်ကြသည့်အပြင် ဂယ်ပေါက်ကို ကောင်းစွာ ရှာနိုင်သူများ ဖြစ်၍ မည်သို့ပင် ကန့်သတ်ချက်များ ရှိခဲ့စေကာမူ ပန်းပန်လျက် ရှိနေဆဲပင် ဖြစ်သည်။ ထို့အတွက် ကင်းလွတ်ခွင့် အများအပြား ထွက်ပေါ်လာခဲ့သည်။

 

ကရင်မလင်သည် ရုရှား ပို့ကုန်များ ဝယ်ယူသူများအား ရူဘဲလ် ဖြင့် ပေးချေရန် အတင်းအကျပ် လုပ်လာပြန်သည်။ ဤသည်ကလည်း အလုပ် ဖြစ်ပုံ မရ ပြန်။

 

နောက်တခု ကြံလာသည်က ရုရှားအစိုးရသည် ၎င်းတို့ရှိ ပြည်ပအရံ‌ ငွေများ သုံး၍ ငွေကြေးဈေးကွက်ကို ဝင်ရောက် စွက်ဖက်ရန် ဖြစ်သည်။ သို့သော် ရရှားပိုင် နိုင်ငံခြား အရံငွေ စုစုပေါင်း၏ တဝက်ကျော် ဖြစ်သော ဒေါ်လာ ၅၇၆ ဘီလီယံသည် ပြည်ပဘဏ်များတွင် ပိတ်မိနေပြီး ထုတ်မရ ဖြစ်နေသည်။ ကျန်ငွေများကလည်း နိုင်ငံတွင်းရှိ ပိတ်ဆို့ဒဏ်ခတ် ခံထားရသော အဖွဲ့အစည်းများ ဖြစ်နေပြန်၍ အရောင်းအဝယ် လုပ်ရန် ခက်ခဲနေပြန်သည်။

 

မည်သို့ပင် ဖြစ်စေ နိုင်ငံခြား အရံ‌ငွေ ပမာဏ သည် စစ်မဖြစ်ခင်ကထက် ၂၀ ရာနှုန်းခန့် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ရူဘဲလ်ငွေကို အကာအကွယ် ပေးရန် အတွက်မူ အနည်းငယ် လောက်သာ သုံးစွဲနိုင်တော့မည် ဖြစ်သည်။

 

အလုပ်အဖြစ်နိုင်‌ဆုံးသည်ကား စွမ်းအင် ကဏ္ဍမှ ပို့ကုန်များ တိုး၍ တင်ပို့ခြငိးပင် ဖြစ်တော့သည်။ သီအိုရီ အရ ဆိုလျှင် ရုရှားအား မျက်နှာသာ ပေးနိုင်သည့် အချက် နှစ်ချက် ရှိနေသည်။ ပထမ အချက်သည် ရေနံ ဈေးနှုန်း မြင့်တက်လာနေခြင်းပင် ဖြစ်သည်။ ဇူလိုင်လ အတွင်း ဆော်ဒီ အာရေးဗီယားသည် ရေနံထုတ်လုပ်မှုကို လျော့ချလာမှု နှင့် ကမ္ဘာစီးပွားရေး တုန့်ဆိုင်းလာနိုင်သည် ဆိုသော စိုးရိမ်စိတ် များ လျော့နည်းလာခဲ့မှု များကြောင့် ဘရန့်ဈေးကွက်တွင် ရေနံစိမ်း ဈေးသည် သုံးပုံတပုံ ခန့် ပြန်တက်လာခဲ့ပြီး တစည်လျှင် ၉၇ ‌ဒေါ်လာ ဖြစ်လာခဲ့သည်။

 

နောက်တချက်သည်က ရုရှား၏ ထိတ်တန်း ရေနံစိမ်း အမျိုးအစား ဖြစ်သည့် ယူရဲလ် နှင့် ဘရန့် ပေါက်ဈေး အကြား ကွာဟမှု ကျဉ်းမြောင်းလာခဲ့ခြင်းပင် ဖြစ်သည်၊ ထိုကွာဟမှု သည် ဇန်နဝါရီ လတွင် တစည်လျှင် ဒေါ်လာ ၃၀ ရှိခဲ့ရာမှ ယခုအခါ ဆယ့်ငါး ဒေါ်လာခန့်သာ ရှိတော့သည်။ ဆက်ပြီးလည်း လျော့နည်းလာဖို့ ရှိနေသည်။

 

ဒီဇင်ဘာလ မှစ၍ G-7 အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံမှ ရေနံများကို ဒေါ်လာ ၆၀ ဖြင့် ပိုပေးနေသည့် မည်သည့် နိုင်ငံကို မဆို မိမိတို့ နိုင်ငံ ၏ ရေနံတင် သင်္ဘောများ နှင့် သယ်ယူပေးခွင့် မရှိရ၊ အာမခံ ကုမ္ပဏီများအားလည်း အလားတူ တားမြစ်ခဲ့ကြသည်။

 

ရုရှားဖက်ကလည်း အာရှ နှင့် ပင်လယ်ကွေ့ မှ ကြားခံ ကုမ္ပဏီများ သုံး၍ "ရှဲဒိုး" ရေနံတင် သင်္ဘော အုပ်ကြီးကို ငှားရမ်းလာပြီး အာမခံကြေး အတွက်လလည်း နိုင်ငံပိုင်ငွေများ ထုတ်သုံးလာကြသည်။

 

ရုရှား၏ ရေနံတင်ပို့ရာမှ ရရှိသော ငွေများသည် ယခုထက် ပို၍ ရလာစရာ အကြောင်း မရှိပေ။ ဈေးနှုန်းများ မြင့်တက်လာပါက အမေရိကားတွင် သုံးစွဲမှု ကျဆင်းသွားနိုင်ပြီး တရုတ်၏ ဇီးရိုး ကိုဗစ် ပေါ်လစီကြောင့် စီးပွားရေး ကျဆင်းသွားခဲ့ရာမှ ပြန်၍ ဦးမော့လာနေမှုလည်း အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။

 

အမေရိကန်၊ ဘရာဇီးနှင့် ဂူယာနာ နိုင်ငံများမှ နောက်နှစ်တွင် တနေ့လျှင် ရေနံစည် ၆၇၀,၀၀၀ ခန့် တိုးထုတ်လာကြမည်ဟု ခန့်မှန်းထားပြီး ထိုပမာဏသည် ဆော်ဒီ မှ လျော့ချထားသော ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံ ခန့် နှင့် ညီမျှသည်။

 

အကြို ဈေးကွက်များတွင်လည်း ၂၀၂၄ အတွင်း ရေနံဈေးများ ကျဆင်းဖွယ် ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ ရုရှားသည် ထိုအရေးကို ကာကွယ်ရန် တိုး၍ ထုတ်လုပ်နိုင်စွမ်း ရှိနေသော်လည်း ထိုသို့ လုပ်လာက ပို၍ပင် ကျဆင်းသွားဖွယ် ရှိနေသည်။

 

ရုရှား အတွက် နောက်ထပ် သတင်းဆိုးတခုကား ပို့ကုန်မှ ရသော ဝင်ငွေများ တသမတ်တည်း ရှိနေဖို့ ရေနံကို ပို့ထုတ်ရဖို့ ဖြစ်လာနေခြင်းပင်။ ဥရောပသို့ တင်ပို့နေသော ဓါတ်ငွေ့ ပိုက်လိုင်းများ အပိတ်ခံထားရ၍ ဓါတ်ငွေ့ အရောင်းလည်း ကျဆင်းသွားခဲ့သည်။

 

စက်တင်ဘာလ ၁၉ ရက် မတိုင်မီ နှစ်ပတ် အတွင်း ဓါတ်ငွေ့ ရောင်းရငွေသည် ဒေါ်လာ ၇၇ သန်းသာ ရခဲ့ပြီး ပြီးခဲ့သည့်နှစ် ယခုလို အချိန်တွင် ဒေါ်လာ ၃၀၅ သန်း အထိ ရရှိခဲ့သည်။ ယခုအခါ အီးယူတွင် ရုရှား၏ သဘာဝ ဓါတ်ငွေ့ရည်များကို တင်သွင်းနေမှု ကို ဖြတ်တောက်ပစ်ရေး အတွက် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ဥရောပရှိ နျူကလီယား လောင်စာသုံး ဂျင်နရေတာ များသည်လည်း ရုရှား၏ ယူရေနီယံ အား မှီခိုနေရမှု ကို လျော့ချကြတော့မည် ဖြစ်သည်။

 

ရုရှား၏ ငွေဖောင်းပွမှု ပြဿနာဆက် ရှိနေသရွေ့ ဗဟိုဘဏ် နှင့် အစိုးရ အကြား လွန်ဆွဲပွဲ သည် ပြင်းထန်သည်ထက် ပြင်းထန်လာမည်သာ ဖြစ်သည်။ ပူတင်သည် လာမည့် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ သူ့အပေါ် လူကြိုက်များလာသည် ထက် များလာစေရန် ငွေကို ဖေါဖေါသီသီ သုံးချင်နေ၍ ယင်းကို ထေမိစေရန် ဗဟိုဘဏ်သည် အတိုးနှုန်းကို မြှင့်တင်ပေးရဖို့ ရှိနေသည်။ သို့မဟုတ်ကလည်း လက်လျော့ကာ ‌‌ငွေဖေါင်းပွမှု မြင့်သည်ထက် မြင့်လာသည်ကို လက်ပိုက်ကြည့်နေဖို့သာ ရှိပေတော့သည်။

 

ပူတင်သည် တဖက်တွင် ၂၀၂၄ အတွက် စစ်အသုံးစရိတ်ကို လျော့ချ ပစ်နိုင်သော်လည်း သူ့တွင် ထိုသို့ လုပ်ရန် စိတ်ကူး ရှိပုံ မရပေ။

 

စစ်ပွဲသည် ရေရှည်လာသည်နှင့် အမျှ သူ့အဖို့ ပြည်တွင်း အကျပ်အတည်းများကို တိုး၍ ရင်ဆိုင်လာရဖို့သာ ရှိနေပေသည်။