သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(184)

by Hla Soewai - Sep 30 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး (၆)

 

ရုပ်မြင်သံကြား ဆိုသည့် သဘောသဘာဝ အတိုင်း ညပိုင်း ထုတ်လွှင့်သည့် သတင်းများ တွင် မြင်တွေ့ခဲ့ရသမျှသည် အမှန်တကယ် ဖြစ်ပျက်နေသည့် အကြောင်းအရာများ ဖြစ်လာသည်။ သို့သော်လည်း သတင်းထောက်များ နှင့် ထုတ်လွှင့်ပေးသူများက သူတို့ သိစေလိုသည်များကို ရွေးချယ် ရိုက်ကူးကာ ဂရုတစိုက် တည်းဖြတ်ပြီး မီးမောင်းထိုးပြခဲ့သည်များတော့ ရှိတတ်သည်။

 

အကြမ်းဖက် ခံရသော မြင်ကွင်းများသည် လွန်စွာ မှ တန်ဘိုး ရှိသော သတင်းများ ဖြစ်သည်၊ ထိုမြင်ကွင်းများ အား ကြည့်ခဲ့ရသူ များ စိတ်တွင် ၎င်းတို့ ခံယူထားမှု အပေါ် မူတည်ပြီး ဂရုဏာ သက်မှု နှင့် ပြစ်တင် ရှုတ်ချလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။

 

တော်လှန်ရေး သမားများ နှင့် အစွန်းရောက် အဖွဲ့များဖက်ကလည်း မီဒီယာ၏ သတင်းထုတ်လွှင့် နိုင်မှုသည် ‌‌မိမိတို့ ဆင်နွှဲနေသော အရေးတော်ပုံ အတွက် မည်မျှအထိ အကျိုးကျေးဇူးများ ထွက်ပေါ် လာနိုင်သည် ကို သိလာကြသည်။ မည်သည့် တော်လှန်ရေး မျိုး မဆို အဓိက အရေးပါသော အစိတ်အပိုင်းသည် မီဒီယာ နှင့် ဝါဒ ဖြန့်ချီနိုင်မှု ပင် ဖြစ်သည်။ သို့မှသာ မိမိတို့ ပြောလိုသည့် အကြောင်းများ လူထုထဲ ပျံ့နှံ့သွားနိုင်ပြီး ထောက်ခံမှု များ ရရှိလာနိုင်ပေသည်။

 

ထို့အတွက်ကြောင့်လည်း အာဏာရှင် အစိုးရ မှန်သမျှသည် ၎င်းတို့အား ဆန့်ကျင်နေသူ များ ဖက်က ရေးသားပေးသော သတင်းစာများ နှင့် ပုံနှိပ်တိုက်များကို အမြဲလို ပိတ်ပစ်တတ်ကြခြင်း ပင် ဖြစ်သည်။

 

ရုပ်မြင်သံကြား သတင်းထုတ်လွှင်မှု မှ တဆင့် ထုတ်ဖေါ်ရရှိနိုင်သည့် နိုင်ငံရေး အာဏာသည် အဆမတန် ကြီးမားပေသည်။ ဓါတ်ပုံတပုံသည် စကားလုံးပေါင်း တထောင် နှင့် ညီမျှသည်ဆိုလျှင် ညပိုင်းသတင်းတွင် ပါရှိလာသော အကြောင်းအရာတခုသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလွန်းနေသည် မဟုတ်ပါလော။

 

ရုပ်မြင်သံကြား ခေတ်တွင် တော်လှန်ရေး သမားများ နှင့် ကန့်ကွက် ဆန္ဒပြသူများသည် ကင်မရာ မြင်ကွင်းထဲသို့ မရောက်ရောက်အောင် အားထုတ် ကြိုးပမ်းခဲ့ကြစမြဲပင်။ ၎င်းတို့ ပြောလိုသည်များကို အကျအန ပြင်ဆင်ပြီး လူထု အကြား စိတ်ဝင်စားမှု ရှိလာပြီး ‌ထောက်ခံမှု ရအောင် ဖန်တီးခဲ့ကြသည်။ ဆန္ဒပြပွဲများကိုလည်း အရေးပါမည့် အထင်ကရ နေရာများ တွင် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ အတွက် အင်နှင့် အားနှင့် ပြောနိုင်ဆိုနိုင်မည့် လူကိုလည်း ပြောရေး ဆိုခွင့် ရှိသူ အဖြစ် ရွေးချယ်လေ့ ရှိသည်။

 

ပြင်သစ် တွင် ၁၉၆၈ အတွင်း ပေါ်ပေါက်ခဲ့သည့် ကျောင်းသား ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူ ဒင်နီရယ် ခွန်း ဘင်ဒစ်သည် "မိမိနှင့် အခြား တက်ကြွ လှုပ်ရှားသူများကို လူမှု အဖွဲ့အစည်း တခု အဖြစ် မြင်လာအောင် ကင်မရာရှေ့တွင် တစုတဝေးတည်း ရပ်တည် ပေးခဲ့သည်" ဟု ဆိုသည်။ ဤသို့ဖြင့် မီဒီယာသည် ၎င်းတို့၏ အရေးတော်ပုံ အတွက် အဖွဲ့ဝင်တဦး အဖြစ် လုံးလုံးလျားလျား ပါဝင် ပေးသလို ဖြစ်သွားခဲ့ရသည်။

 

၁၉၆၀ နှစ်များ အကုန်ပိုင်းနှင့် ၁၉၇၀ နှစ် အစပိုင်းကာလများ တွင် ပထမဆုံး ရုပ်မြင်သံကြား ထုတ်လွှင့် နိုင်သော ဂြိုလ်တုများ၊ ပေါ့ပေါ့ပါးပါး သယ်ဆောင်နိုင်သည့် ဗီဒီယို ကင်မရာများ အပါအဝင် နည်းပညာများ တိုးတက်တီထွင်လာနိုင်ခဲ့သဖြင့် သတင်းထောက်များသည် ကမ္ဘာတဝှမ်းရှိ လူသူ အရောက်အပေါက် နည်းသော ဒေသများမှပင် တိုက်ရိုက် ထုတ်လွှင့်နိုင်စွမ်း ရှိလာခဲ့သည်။ ဤသို့ဖြင့် ကမ္ဘာကြီးသည့် ကျုံ့သွားခဲ့ရပြီ ဖြစ်ပြီး ဧည့်ခန်းဆောင်များ မှ သတင်းများ ကြည့်ရှုနိုင်စွမ်း သည်လည်း ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာခဲ့ပေသည်။

 

ထိုသို့ ဖြစ်ပေါ်တိုးတက်လာမှု များသည် ကြီးမားစွာ ဂယက် ထလာခဲ့သည်။ ၁၉၇၉ တွင် တီဟီရန် ရှိ အမေရိကန် သံရုံးကို အီရန် ကျောင်းသားများ ဝင်ရောက် စီးနင်း သိမ်းပိုက်ပြီး သံရုံးဝန်ထမ်းများကို ဓါးစာခံ အဖြစ် ၄၄၄ ရက်ကြာ ထိမ်းသိမ်းထားခဲ့သည်။ ထိုသို့ ဖြစ်ပျက်ခဲ့မှု အား တုန့်ပြန်သည့် အနေဖြင့် ABC ရုပ်သံ သတင်းမှ "အမေရိကန် တို့ ဓါးစာခံ အဖြစ် ဖမ်းဆီးခံထားရသည့် အီရန် အရေးအခင်း" ခေါင်းစဉ် ဖြင့် ညစဉ်လို သတင်းထုတ်လွှင့်ခဲ့သည်။

 

ညစဉ်လို ထိုအစီအစဉ်အား စောင့်ကြည့်ကြသည့် အမေရိကန် နိုင်ငံသား ၁၂ သန်း ခန့်သည် အီရန် လူထုမှ အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ အလံများကို မီးရှို့ဖျက်ဆီးနေကြသည်များကို မြင်တွေ့ခွင့် ရခဲ့ကြသည်။

 

သို့သော် ကင်မရာများ အနီးအနားတွင် မရှိသည့် အချိန်မျိုးတွင် သံရုံးရှေ့ရှိ မြင်ကွင်းသည် အေးအေးချမ်းချမ်း နှင့် ပွဲတော်ကြီးအလား စည်စည်ကားကား ရှိနေသည်ဟု နယူးဝိခ် မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ကင်မရာများ ကိုင်ဆောင်ထားသော သတင်းထောက်များ ရောက်လာကြသည့် အခါတွင်တော့ လူအုပ်ကြီးသည် လက်သီးလက်မောင်းများ တန်းလာကြပြီး "အမေရိကန် ကျဆုံးပါစေ" ဟု ဟစ်အော်ကြကာ အခြေအနေများက ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်ဟု ဆိုသည်။

 

၁၉၈၀ ဧပြီလ တွင် သမ္မတ ဂျင်မီ ကာတာ အစိုးရသည် ဓါးစာခံများ ကို ကယ်ထုတ်ရန် "လင်းယုန် ခြေသည်း" စစ်ဆင်ရေး ကို စတင် လာခဲ့သည်။ သို့သော် အီရန် အတွင်းရှိ သဲကန္တာရ ထဲ တွင်ပင် ရဟတ်ယာဉ် တစီး နှင့် ထောက်ပို့ လေယာဉ် တစီး အချင်းချင်း တိုက်မိပြီး အမေရိကန် စစ်မှုထမ်း ရှစ်ဦး အသက်ဆုံးရှုံးသွားခဲ့ရ၍ စစ်ဆင်‌‌ ရေး ကို ဖျက်သိမ်း ပစ်ခဲ့ရသည်။

 

ဒုသမ္မတ ဝေါ်လ်တာ မွန်ဒေးမှ ထိုသို့ ဓါးစာခံများ ကယ်တင်ရေး မအောင်မမြင် ဖြစ်သွားခဲ့သည့် သတင်းသည် လေလှိုင်းမှ တဆင့် ပျံ့နှံ့သွားချိန်မှစ၍ ၁၉၈၀ သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက် များ ရှုံးနိမ့်တော့မည် ဆိုသည်ကို ချက်ခြင်းလို ရိပ်စားမိလိုက်ပြီ ဖြစ်သည်ဟု နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ သူ ခန့်မှန်းခဲ့သည်ကလည်း သွေးထွက်အောင် မှန်သွားခဲ့ရသည်။