ပလေတို၏အကယ်ဒမီ

by Hla Soewai - Jan 22 2020

(၁)

သည်တစ်ခေါက် ဥရောပခရီးမှာ အေသင်မြို့ကိုလည်ပတ်ဘို့ နှစ်ရက်ဘဲအချိန်ရပါသည်။ ပထမတစ်ရက်က ပက်သလွန်( Pathenon) အက်ခရိုပိုလစ်( Acropolis)၊ အိုလံပစ်ပွဲကျင်းပရာ နေရာနှင့်အရစ္စတိုတယ်ကျောင်း တို့ကိုရောက်ပြီးပြီ။ မနက်ဖြန် လေဆိပ်ကိုဆင်းရမှာမို့ အချိန်ကလုံလောက်စွာမရ၊ တနေရာဘဲသွားနိုင်တော့ မည်။ ကျွန်တော်တို့ သည် ပလေတို၏ကျောင်းနေရာကို သွားကြည့်ရန် ဖြစ်လာပါသည်။

 

(၂)
ကျွန်တော်တို့ကိုလိုက်ပို့သော တက္ကဆီသည် မြွေလိမ်မြွေကောက်လမ်းကလေးများအတိုင်းသွာနေပါသည်။ မြို့တနေရာ စက်ရုံဟောင်းများ၊ ပစ္စည်းထားသည့် ဂိုဒေါင်အဟောင်းများရှိသည့်နေရာတွင်ရပ်လိုက်ပါသည်။ ကျွန်တော် တို့မြင်ရသော မြေကွက်လပ်မှာ လူအများအပန်းဖြေရန်မြေကွက်လပ်ဖြစ်ပါသည်။ စိမ်းနေသော ခြုံနွယ်မျာ၊ လန်းဆန်းသောပန်းများနှင့် ဥယျာဉ်တနေရာဖြစ်ပါသည်။ “Akadimia Platonos” ဟုခေါ်သော ပန်းခြံသည် ရှေးယခင်က ပလေတို၏ အကယ်ဒမီတည်ရှိခဲ့ရာ နေရာဖြစ်ပါသည်။

 


ပလေတို၏အကယ်ဒမီသည်အများပြည်သူများအပန်းဖြေရာပန်းခြံကြီးဖြစ်နေပါပြီ။ တစ်ချိန်တုန်းကမူ ခမ်းနားကြီး ကျယ်သော အဆောက်အအုံ များဖြင့် ပြည့်နေခဲ့ပါလိမ့်မည်။ ဘာထရန်ရပ်ဆဲလ်ကဆိုကရေးတီးအကြောင်းရေး ရာတွင် “ကျွန်တော်တို့သည် မိမိသိသည်ဟု သေချာသောအရာများရှိသကဲ့သို့ မိမိတို့သိမှန်း၊ မသိမှန်း သေချာ မသိသည့်အရာများရှိသည်“ ဟုရေးခဲ့ပါသည်။ ဆိုကရေးတီးကို ဘီစီ ၄၆၉နှစ်က မွေးဖွားခဲ့ပြီး ဂရိ ဖီလိုဆိုဖီ ၏ ဖခင်ကြီးဖြစ်ပါသည်။ သို့သော်သူ့အကြောင်းကို သူစာတကြောင်းမှမရေးခဲ့ပါ။ သူ့အကြောင်းကို ဆိုင်းမွန်း၊ ပလေတို၊ ဇီနိုဖုန်စသည့် သူ၏တပည့်များကရေးသမျှကိုသာ ကျွန်တော်တို့သိကြရခြင်းဖြစ်ပါသည်။ ထို့ကြောင့် သေချာသိသည် မသိဘူး အငြင်းပွားရခြင်းဖြစ်ပါသည်။ ဆိုင်းမွန်းရေးသောစာ ၃၃ ပုဒ်မျှကျန်ခဲ့ပါသည်။ ပလေတိုက သူ့ဆရာနှင့်ပါတ်သတ်၍ သူပြောပြချက်များကို သမ္မတ နိုင်ငံတော် ကျမ်း(Republic) အမည်ဖြင့် စာအုပ်ပြန် ရေးခဲ့ပါသည်။ ဇီနိုဖုန်ကလည်း သူသိသမျှ ဆိုကရေးတီးအကြောင်းဆိုပြီး စာအုပ်တစ်အုပ်ရေးခဲ့ပါသည်။
 

 

 

ပန်းခြံထဲမှာအေးပြီးတခါတရံ လေပြေကလေးတချက်ဝှေ့လာသည်မှအပ ငြိမ်သက်အေးဆေးလှပါသည်။ သစ်ပင်ခြုံနွယ် ပိတ်ပေါင်းတွေကိုတွေ့နေရပြီး ဥယျာဉ်ကို လူပြုပြင်ထားသည်ကတော့သိသာလှပါသည်။ လူတစ်ယောက်ကိုတွေ့၍ ပလေတိုဗိမ္မာန်ကို သိမသိမေးရာ “သူက လောကသဘာဝ (Nature) ကိုချစ်၍ လာနေခြင်းဖြစ်ကြောင်း၊ သူဘာမှမသိကြောင်းပြောပါသည်။” နောက်လူတဦးမှာ ဖုန်းတစ်လုံးနှင့် ထိုင်ခုံနား မှာရပ်ပြီး အလုပ်ရှုပ်နေသည်။ သူက ပလေတို ကျောင်းတူးဖေါ်ရေး နှင့်ပါတ်သက်၍ ယူနက်စကိုကရေးထိုး ထားသောဆိုင်းဘုတ်ကို ပြသည်။ တူးဖော်နေသော နေရာတခုသည် ဤနေရာနှင့်မနီးမဝေးမှာရှိကြောင်း တဖက်အရပ်ကိုလက်ဝှေ့ရမ်း၍ပြသည်။ သူသည် ပါကစ္စတန်ကလွန်ခဲ့သော ၇နှစ်ခန့်က ရောက်နေသူဖြစ် ကြောင်းပြောပြပါသည်။ ဂရိနိုင်ငံမှာ လုပ်၍ကိုင်၍ ကောင်းကြောင်းပြောပြပါသည်။

 

 

ကျောက်တုံးကျောက်ခဲများကိုနိမ့်ဆင်းသွားသည့် မြေကြီးတစ်လျှောက်တွေ့နေရသည်။ ကျွန်တော်ဆင်းမကြည့် တော့ပါ။ ပန်းခြံ၏တပိုင်းတစကို အားကစားပြိုင်ပွဲများ၊ တွေ့ဆုံပွဲများလုပ်ရန်စင်မြင့်တခု လုပ်ထားသည်ကိုတွေ့ရ သည်။

 

 

ဤနေရာသည်တစုံတခုကို လေးနက်စွာတွေးတောရန်ကောင်းသောနေရာတခုကတော့အမှန်ပင် ဖြစ်သည်။ သို့သော်ပြည်သူ တွေက ထိုသို့သဘောထားဟန်မတူ၊ အားလျင်အပမ်းပြေနားနေရန် ထိုင်ဖို့ကိုသာသင့်တော် သည့် ပန်းခြံတခု လိုဘဲသဘောထားကြပေမည်။

 

 

ပလေတိုသည်သူ့အကယ်ဒမီကျောင်းကို ဘီစီ ၃၈၇ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျောင်း၏အမည်မှာ ပဌမ “Hecademia” ဟုခေါ်ပြီး နောက်ပိုင်းတွင် အကယ်ဒမီ “Academia” ဟုခေါ်ကြသည်။ အနီးအနားမှ ဟီးရိုး Hecademia ကိုအစွဲ ပြု၍ခေါ်ဆိုခြင်းဖြစ်သည်။ ထိုအချိန်က ၁.၅ ဟက်တာ (၃.၅ ဧက) မျှကျယ်ဝန်းခဲ့ပါသည်။ အကယ်ဒမီကိုလာလိုသူ တစ်ယောက်အဖို့မြို့တော်၏ ဒစ်ပလွန် (Diplon) ဂိတ်မှလာရမည်ဖြစ်ပြီး လမ်းလျှောက် ရင်းဘေးမှသင်းချိုင်းမြေများ ကိုကျော် ဖြတ်ရမည်ဖြစ်သည်။

 


အားကစားကွင်းမှာ လေးဒေါင့်စပ်စပ်ရှိပြီး ပေ ၂၀၀ရှည်ခါ ၁၀၀ပေကျယ်ဝန်းပါသည်။ အပျက်အစီးကြားမှထိုအ ဆောက်အအုံ ကြီးကို မှန်းကြည့်ရသည်မှာ မျှော်မှန်းထားသည်ထက်ပိုမိုကြီးသည်ဟု ထင်ရပါသည်။ ဤဒေသ ကို ၁၉၂၉-၃၉နှစ်ဆီက ပရိုက်ဗိတ်ကိုယ်ပိုင် ပိုက်ဆံဖြင့် စတင်တူးဖော်ခဲ့ပြီး အဓိက အဆောက်အဦး၏ပုံစံ ကို ထုတ်ဖော်နိုင်ခဲ့ပါသည်။

 

 

ကျောင်းရှေ့မျက်နှာသာ ကွင်းပြင်ကျယ်မှာ နံဘေး ၃ဘက်မှတထပ်တိုက်အဆောက်အဦးများ ၀ိုင်းရံထားပြီး ထိုနေရာများမှာ စာဖတ်ခြင်း၊ Papyri များကူးယူခြင်၊ အချိန်ဖြုန်းခြင်း၊ အပေါင်းအသင်းမိတ်ဆွေများ ကိုတွေ့ ဆုံခြင်းများကို ပြုလုပ်ကြပါလိမ့်မည်။ ကွင်းပြင်ကျယ်အလယ်တွင် ရေပန်းတခုရှိပြီး ၄င်း၏မြောက်ဘက်တွင် စာအုပ်စာတမ်းများကို စောင့်ရှောက်ကြ သော နတ်မိမယ် ၉ရုပ်တို့၏ အုတ်မြစ်အခြေခံများ နေရာ ကိုတွေ့နိုင် ကြပါသည်။

 

 

အကယ်ဒမီမှာ တကယ်တော့ပြတိုက်လည်းဖြစ်ပါသည်။ ဘုရားကျောင်းဆောင်တခု၊ လူတို့အလေးအမြတ်ထား ရာနေရာတခုဖြစ်ပါသည်။ ထိုကဲ့သို့သောအစဉ်အလာကို အရစ္စတိုတယ်၏ကျောင်း “လိုင်စီယမ်”တွင်လည်း တွေ့နိုင်ပါသည်။ အရေးကြီးသောစာကြည့်တိုက်ကြီးများကိုဤသို့ပင်ခင်းကျင်းကြပါသည်။ အလက်စန္ဒီးယား မြို့မှ ပြတိုက်မှာလည်း ဤအခင်းအကျင်းနှင့်ပင်ဖြစ်ရာ ဘီစီ ၂၉၇ခုနှစ်တွင် တော်လမီကတည်ထောင်ခဲ့ရာ ၄င်းသည်လည်းဖျက်ဆီးခြင်းခံခဲ့ရပါသည်။
နတ်သမီးရုပ်များနောက်မှ အဆောက်အဦးကို အခန်းများခွဲထားပါသည်။ တခန်းစီဘာလုပ်သည်ကိုမပြောနိုင်ပါ။ သို့သော်တခုသေချာသည်မှာ ထိုအခန်းများသည် စာသင်ခန်းများဖြစ်ပြီး ၄င်းတို့တွင် ကျောက်သင်ပုန်များ၊ စာရေးကိရိယာ၊ ဂျော်မတြီသုံးပစ္စည်းများ ကမ္ဘာလုံးပုံ တခြား (Celestial Sphere) ပုံများ၊ သို့သော်အကယ်ဒမီ၏ ဗဟိုချက်မမှာစာကြည့်တိုက်ဖြစ်ပါသည်။ အဓိကစာအုပ်များစုံလင်စွာရှိပြီးအစီအရီထပ်ထားပါသည်။ စာတမ်းထိုး ထားသော ပရဗိုက် (Papyri) များရှိပါသည်။ ဤစာကြည့်တိုက်သည်ကမ္ဘာပေါ်နှင့် အေသင်မြို့တွင်ပထမ ဦးဆုံး ပေါ်လာသည့် စာကြည့်တိုက်ဖြစ်ပါသည်။

 

 

ထိုထက်ပို၍နက်နက်ရှိုင်းရှိုင်းတွေးပါက ပလေတို၏ စာအုပ်စင်တွင်ဘာတွေရှိပါသနည်း။ သူသည် ဘာစာအုပ်ကို ဖတ်၍သူ့ကျောင်းသားများကိုဘာစာအုပ်တွေကို သင်ပေးပါသနည်း။ ကျွန်တော်သည် မှန်းဆကြည့်ရုံသာတတ် နိုင်ပါသည်။ သို့သော်သေချာသည်မှာ သင်္ချာ၊ ဂျော်မတြီ၊ ဆေးပညာ၊ ရိုမာနှင့် Hesiod တို့၏စာများရှိကြပါလိမ့် မည်။ ပတေို၏ ဒိုင်ယာလော့စာအုပ်မှသိရသည်မှာပလေတိုသည်ဆိုကရေးတီး မတိုင်မီကပညာရှင်များ၏စာအုပ် များကိုဖတ်သည်ဟူ၍ ဖြစ်ပါသည်။ ဟေရာကလိုက်တပ် ၏ “ON Nature” အနာစာဂိုရပ်၏ “Nous” စာအုပ်များ ပါရာမီနိုက် ၏စာအုပ်များ၊ ပလေတိုသည် ပိုင်သဂိုရပ်၏စာအုပ်ကိုဈေးကြီးပေး၍၀ယ်ခဲ့ရခြင်းဖြစ်ပါသည်။ ဆိုဖစ် များ၏ စာအုပ်များမှာ ပလေတိုက မကြည် သော်လည်း အဓိကနေရာမှာ ယူထားကြပါသည်။ ဒီမိုကရေတပ်၏ အတမ်သီအိုရီဆိုင်ရာစာအုပ်များကိုပလေတိုက မနာလိုစိတ်ဖြစ်မိသော်လည်း အများဖတ်နိုင်ရန် ထားသည်။

 

 

စာအုပ်စင်များအပြင်စာဖတ်ရန်နေရာများစွာပေးထားပါသည်။ လက်ချာပေးရန်နေရာ၊ အများနှင့်တွေ့ဆုံဆွေးနွေး ရန်နေရာများ သီးသန့်ထားရှိပါသည်။ စာကြည့်တိုက်နှင့်ပါတ်သတ်၍ထူးခြားသည်မှာ House of Readers ခေါ် စာဖတ်သူ များအတွက်နေရာ ရှိနေခြင်းပင်ဖြစ်သည်။ အရစ္စတိုတယ်သည် အသက်ငယ်စဉ်က အကယ်ဒမီမှာ စာဖတ်သူ တစ်ယောက်ဖြစ်ခဲ့ပြီးကျောင်းတွင်အနှစ် ၂၀ ကြာခဲ့ပါသည်။ ထိုစာဖတ်သူ၏တာဝန်မှာ အကယ်ဒမီက ထွက်သမျှစာအုပ်များကို အများပြည်သူ တို့ကြားစေရန် အသံထွက်ဖတ်ရခြင်းပင်ဖြစ်သည်။

 

 

ပလေတိုသည် ဆိုက်ပရပ်ကျွန်းကို အသက် ၆၀ မှာတစ်ခါ ၆၇ မှာတစ်ခါ နှစ်ကြိမ်ရောက်ပါသည်။ ဘုရင်ဒိုင် အိုစီရပ် ဘီစီ ၃၆၇ မှာသေသောအခါ သူ့သား ဒိုင်အိုစီရပ် II နန်းတက်ပါသည်။ သူ့တူ ဒိုင်ယွန်တို့ကဖိတ်ခေါ် သာကြောင့် ပလေတို စစ္စလီကျွန်းသို့ရောက်ရခြင်းဖြစ်သည်။ သူတို့သည်ပလေတို၏နိုင်ငံထူထောင်ရေး စနစ် အကြာင်းကို ကြားသိ၍ စိတ်ဝင်စားကြသည်။ ဖီလိုဆိုဖါကြီးကို သူ့အတွေးအခေါ်များကို စမ်းသပ်ရန် ဖိတ်ခေါ် ခဲ့ပါသည်။ နှစ်ကြိမ်စလုံးမအောင်မြင်ဘဲ ပြန်ခဲ့ရပါသည်။

 

 

ပလေတိုသည် စစ္စလီကျွန်းကိုအလည်သွားစဉ်က ပိုင်သဂိုရပ်၏ကျောင်းကိုမြင်ခဲ့ပါလိမ့်မည်။ ထိုကျောင်းကို ပုံစံ ယူ့၍အကယ်ဒမီကို တည်ဆောက်သောအခါ အဆောက်အဦးသည် ဂျော်မတြီနည်းနှင့်အလွန်ပုံစံကျသည်ကို တွေ့ရပါသည်။ ရီပတ်ဘလစ်တွင်ဖော်ပြခဲ့သလို ဖီလိုဆိုဖါဘုရင်များ (Philosopher King) နေထိုင်ကြရန်ဖြစ်ပါ သည်။ အစဉ်အလာအရသိရသည်မှာကျောင်းဝင်းတွင်နဖူးစီးတခုရှိသည်။ ‘ဂျော်မတြီကို မသိသောသူများမ၀င်ရ’ ဟူသောစာတမ်းကို ကျောင်းလာသမျှ လူတိုင်းမြင်အောင်ရေးထားပါသည်။ တကယ်တော့ အကယ်ဒမီသည်အ ဆောက်အအုံတစ်ခုသာမဟုတ်၊ ၄င်းသည် အိုင်ဒီယာတစ်ခုဖြစ်၍ ပိုင်သဂိုရပ် ၏အမြင်တွင် ထိုအိုင်ဒီယာကို ဂဏန်းများဖြင့်ဖေါ်ပြနိုင်ပါလိမ့်မည်။

 

 

အကယ်ဒမီသည် ငွေရေးကြေးရေးကို ပုဂ္ဂိုလ်ရေးအရတာဝန်ယူသော အေသင်မြို့ပြင်ပမှ အဆောက်အဦးဖြစ် ပါသည်။ အကယ်ဒမီကိုတည်ဆောက်စဉ်က ငွေရေးကြေးရေးကိုမည်သူက တာဝန်ယူခဲ့ပါသနည်း။ အကယ်ဒမီ တည်ဆောက်ရန်ယခုခေတ်သုံးငွေ ဒေါ်လာနှစ်သိန်းခန့်ကုန်ကျပါသည်။ ပလေတိုသည် ဤငွေကိုဘယ်ကရခဲ့ပါ သနည်း။ သူသည်ဘီစီ ၃၈၇ ခုနှစ် စစ္စလီကျွန်းမှ အပြန်တွင်အဖမ်းခံခဲ့ရပါသည်။ ထို့နောက် ကျွန်အဖြစ်ရောင်း စားခြင်းခံခဲ့ရပါသည်။ ထိုစဉ်ကအေသင်မှာ အက်ဂျီနာ (Aegina) များနှင့်စစ်ဖြစ်နေပါသည်။ ပလေတိုက ကျွန် အဖြစ်ကရွေးရန် ပိုက်ဆံပေးရရာ ပလေတိုလွတ်မြောက်လာသောအခါထိုငွေသည် ပလေတိုအတွက်သုံးရန်ဖြစ် လာပါသည်။ ထိုငွေနှင့်င်ပင် မြေ၀ယ်ပြီး အကယ်ဒမီဆောက်သည်ဟု မှတ်တမ်းတခုကဆိုပါသည်။

 

 

သမိုင်းဆရာ ဒိုင်အိုဂျီးနီးက ပလေတိုသည် ငွေကြေးအမြောက်အများကို ဒိုင်အိုနီးစပ် (Dionysius) ထံမှ အမွေ အဖြစ်ရရှိခဲ့သည်ဟု သိရပါသည်။ ထိုငွေသည် ဂ၀ တဲလက် (Talent) မျှရှိပြီး ထိုငွေသည် ဤကျောင်းဆောက် လုပ်ရန်အတွက် စားရိပ်ကိုကာမိ ပါသည်။ တချို့ကလည်း အင်ဒရိုမီးဒီး ( Andromedes) ခေါ်ဘဏ်လူကြီးတစ် ယောက်ကို ပလေတိုက ပိုင်သည်ဟုပြောရာ ပလေတို၏ ချမ်းသာကြွယ်ဝမှုကိုခန့်မှန်းနိုင်ကြပါသည်။
ထို့ပြင်ပလေတိုနှင့် ပါတ်သတ်သည့်လျှို့ဝှက်ချက်များလည်းရှိပါသေးသည်။ သမိုင်းဆရာ ပလူးတပ်( Plutarch) ၏အဆိုအရ ပလေတိုသည် ပန်းသီးကိုအလွန်ကြိုက်သည်။ သူ၏နာမည်မှာသူရေးသော ရီပတ်ဘလစ်ကျမ်းတွင် နှစ်ကြိမ်သာတွေ့ရသည်။ ဆိုကရေးတီးကို တရားစစ်ဆေးချိန်တွင်သာ သူရှိပြီး ဆိုကရေးတီးအဆိပ်သောက်ချိန် တွင်သူအနီးမှာ မရှိပါ။

 

 

အကယ်စင်စစ်သူ့နာမည်သည်ပလေတိုဟုတ်မည် မဟုတ်မည်ကိုသေချာမသိပါ။ ဒိုင်အိုဂျီးနီးက သူ့နာမည်သည် “Aristocles” ဟုခေါ်သည်။ သူ့အဖေကြီးကို လိုက်၍ Plato ဟုခေါ်ပြောင်းခေါ်ရသည်။ ၄င်းမှာ “ကျယ်သော” ဟုအဓိပ္ပါယ်ရပြီး သူသည် ရင်ဘတ်ကျယ်သော လူတစ်ယောက်ဖြစ်သည်။ နပန်းသတ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့်ထိုနာမည်ကိုရခဲ့သည်ဟုလည်းဆိုသည်။ ပေ၁၃၀ကျယ်သော အားကစားအဆောက်အဦးတွင်နပန်း သတ်နေမည့် လူများကိုဦးစီးဦးဆောင်ပြုနေသော ပလေတို ကိုကျွန်တော်မြင်ယောင်လာသည်။

 


ပလေတိုသည် သူ့အကယ်ဒမီတွင် သူကွယ်လွန်ချိန်အထိတာဝန်ထမ်းဆောင်သွားပါသည်။ (ဘီစီ ၃၄၇) ကြားထဲတွင် စစ္စလီသို့သွားသည့် ခရီးစဉ် ၂ ခုအတွင်းသာကျောင်းမှာမရှိ။ အကယ်ဒမီသည် ၂ရာစုမျှ အသက် ရှည်ခဲ့ပြီး ဘီစီ ၈၇ ရိုမင်ဂျင်နရယ် ဆူလာ ဖျက်ဆီးသဖြင့် ပျက်စီးရသည်။

 

 

အဆောက်အဦးများကို မီးရှို့ပြီး သစ်ပင်များကိုလည်းခုတ်လှဲခါ သစ်အတွက်အသုံးပြုခဲ့သည်။

 

(၃)

 

အကယ်ဒမီဘေးတွင် ပလေတို (Plato) အမည်ဖြင့်ကော်ဖီဆိုင်တဆိုင်ကိုတွ့ရသည်။ ကျွန်တော်သည်ကျွန်တော့် သားကို ၀ိုင်သောက်ရအောင်ခေါ်ပါသေးသည်။ သူကငြင်းသောကြောင့် ၀ိုင်မသောက်ဖြစ်တော့ပါ။ ပလေတို ဆိုင်ကို ဓါတ်ပုံရိုက်၍သာ လာခဲ့ရပါသည်။ ဆိုင်အတွင်းဝင်၍ အကယ်ဒမီနှင့် ပါတ်သက်၍မေးချင်တာတွေရှိ ပါသေးသည်။ ဘေးနားကလူတွေက အကယ်ဒမီကို အဘယ်မျှအလေးထားပုံကိုသိလိုခဲ့သည်။

 

ကိုသန်းလွင်