အထက်ပါ ခေါင်းစဉ် ဖြင့် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်း စဉ် တွင် မြန်မာပြည် မြောက်ပိုင်း စစ်ရေး အခြေအနေကို ယခုလို သုံးသပ်ထားခဲ့သည်။
အာဏာသိမ်း တပ်ဖွဲ့သည် ကချင် လွတ်လပ်ရေး တပ်တော် ကေအိုင်အေ ဌာနချုပ် ရှိရာ လိုင်ဇာသို့ ထိုးစစ်ဆင်လာခဲ့သည်မှာ သုံးလခန့်ပင် ကြာညောင်းလာပြီ ဖြစ်သည်။
အာဏာသိမ်း တပ်ဖွဲ့၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဆယ်ရင်း ခန့် ပါဝင်ပြီး လိုင်ဇာ၏ အနောက်မြောက်ဖက် ကီလိုမီတာ ၃၀ အကွာ နမ်ဆန်ယန် ကျေးရွာ အနီးတွင် ရှေ့မတိုး နိုင် ဖြစ်နေသည်။
ကေအိုင်အေသည် တနေရာတည်း မှ ရပ်တည် ခုခံနေခြင်းမျိုး မဟုတ်ပဲ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မြို့သစ် ဖက်များမှ စစ်ကြောင်းများ ဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်တပ်များကို ဖြတ်၍ ခြုံခို တိုက်ခိုက်သည့် နည်းဗျုဟာကို ကျင့်သုံးခဲ့သည်။
စစ်တပ်သည် ကချင်ပြည်နယ်အတွင်း ရှိ တပ်များကို စုံရုံးပြီး ထိုးစစ်ဆင်လာသဖြင့် လစ်ဟာသွားသော နေရာများကို ကေအိုင်အေဖက်မှ အခွင့်အရေးယူ တိုက်ခိုက်နိုင်ခဲ့ပြန်သည်။
စက်တင်ဘာလ အတွင်း ကသာ၊ ဝိုင်းမော်၊ တနိုင်း နှင့် နမ်ဆန်ယမ် သို့ သွားသော လမ်းများ ပေါ်တွင် တိုက်ပွဲပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများ အတွင် စစ်ကောင်စီ တပ်စခန်း အများအပြားကို ကေအိုင်အေ တို့ သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ဖက်မှ ထုံးစံအတိုင်း လေကြောင်းပစ်ကူ ကို ခေါ်ခဲ့ရသည်။
နမ်ဆန်ယန် တိုက်ပွဲ
အာဏာသိမ်း တပ်များသည် တတိတိ နှင့် ကုန်ခမ်းလာနေသော စစ်အင်အား ကြောင့် နမ်ဆန်ယန် အတွက် တပ်အင်အား ကို စိတ်ထင်တိုင်း ဖြည့်တင်းနိုင်ခဲ့ခြင်း မရှိပေ။ ယခင် ၂၀၁၇ နှင့် ၂၀၁၈ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်အတွင်း နိုင်ငံ အနှံ့မှ တပ်ရင်း ၁၀၀ နီးပါး ခေါ်ယူ နိုင်ခဲ့သော်လည်း ယခုအခါ ကချင်ပြည်နယ် အတွင်းရှိ တပ်ရင်း ၇၀ ခန့်ကိုသာ အသုံးပြုနိုင်တော့သည်ဟု ဆိုသည်။
သုံးလနီးပါး ကြာသည့် အထိ လိုင်ဇာ ကို သိမ်းပိုက်နိုင်ဖို့ ဝေးစွာ အခြေအနေများလည်း မည်သို့မျှ တိုးတက်လာခြင်း မရှိပဲ အဘယ်ကြောင့် ထိုနေရာကိုပင် မဲ နေ ကြသနည်း ဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ကေအိုင်အေ သည် အာဏာသိမ်း အဖွဲ့ ကို ဖြုတ်ချနိုင်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပူးပေါင်း လျက် ရှိပြီး မြန်မာပြည်အလယ်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များကိုလည်း လက်နက်တပ်ဆင်ပေးကာ စစ်ဆင်ရေးများ ပူးပေါင်း ဆင်နွှဲလျှက် ရှိနေသည်။ ထို့ပြင် စီဒီအမ် ဝန်ထမ်းများကို လည်း အကာအကွယ် ပေးထားခဲ့သည်။
စစ်ကောင်စီသည် ထိုသို့ ပြည်သူ့ကာကွယ်ရေး တပ်များ ကို သွားရောက် ကူညီနေသော ကေအိုင်အေ တပ်များ လိုင်ဇာကို ကာကွယ်ရန် ပြန်စုစည်းလာကြလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ဌာနချုပ်ကို ဖိတိုက်နေခြင်း ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် လေကြောင်း ပစ်ကူ နှင့် လက်နက်ကြီးများ ကြောင့် အချိန်ကြာလာလျှင် အသာစီးရလာမည်ဟု တွက်ချက်ထားပုံရှိသည်။
သို့သော် အတွက်အချက်က မှားယွင်းသွားခဲ့ပြီ ဖြစ်သည်၊ ကေအိုင်အေသည် ၎င်းတို့ လာအတိုက် ကို စောင့်ဆိုင်း နေခြင်းမျိုး မရှိပဲ ရန်သူတပ်များကို ခြုံခိုတိုက်ခိုက်ခြင်း၊ ၎င်းတို့ စခန်းများကို နှင့် နောက်ပိုင်းတွင် ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သော နေရာများကို တိုက်ခိုက်ခြင်းများ ဖြင့် တုန့်ပြန်လာခဲ့သည်။ ကေအိုင်အေသည် နယ်မြေ ကျွမ်းကျင်မှု ကို ကောင်းစွာ အသုံးချနိုင်ပြီး နမ်ဆန်ယန် အနီးရှိ စခန်းများကို သိမ်းယူနိုင်ခဲ့သည်။
အကြမ်းဖက် စစ်တပ်သည် ကေအိုင်အေဖက်တွင် ၎င်းတို့၏ ထိုးစစ်ကို တွန်းလှန်နိုင်သည့် လုံလောက်သည့် လူသူလက်နက်အင်အား အပြည့် အစုံ ရှိနေပြီး ဆိုသည့် အချက်ကို ဝန်မခံနိုင်ပဲ ရှိနေဆဲပင် ဖြစ်သည်။
လေကြောင်းပစ်ကူ ကိုလည်း ထိထိရောက်ရောက် အသုံးမပြုနိုင်ဖြစ်နေသည်၊ ဤသည်ကလည်း လိုင်ဇာ သည် တရုတ်နယ်စပ်နှင့် နီးကပ်စွာ ရှိနေ၍ လေယာဉ်များ ပြန်ကွေ့နိုင်သည့် အကွာအဝေး မရှိ ဖြစ်နေသည်၊ ထို့အတွက် လက်နက်၊ စားနပ် ရိက္ခာများသာ အရေးပေါ် အခြေအနေ ကြုံမှသာလျှင် လေကြောင်းမှ ချပေးနိုင်သည်။
ယခင်ကလို လေယာဉ်ဖြင့် ဗန်းမော် သို့၊ ထိုမှတဆင့် ရဟတ်ယာဉ်ဖြင့် နမ်ဆန်ယန်သို့ ပို့ဆောင်ပေးနိုင်စွမ်း မရှိတော့ပေ။ မန္တလေး-မြစ်ကြီးနား လမ်းကိုလည်း အသုံးမပြုနိုင်တော့။ တခုတည်းသော ထောက်ပံ့ရေး လမ်းကြောင်းသည် ဧရာဝတီ မြစ်ကြောင်းသာ ရှိတော့ပြီး ထိုလမ်းတလျှောက်လည်း တော်လှန်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်လျှက် ရှိနေသည်။
၎င်းတို့ ဟာလာဟင်းလင်း ထားခဲ့ရသော ဖားကန့် နှင့် ဆွမ်ပရာဘွမ် သွားရာ လမ်းတလျှောက်ရှိ စစ်စခန်းများအားလည်း ကေအိုင်အေ မှ ဩဂုတ် လ အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့သော အနေအထားများ နှင့် ကြုံလာ၍၍ အာဏာသိမ်း အဖွဲ့၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း အခြေအနေများ ကသောင်းကနင်း ဖြစ်လာက တပ်မမှုး၊ တပ်ရင်းမှုးများ၊ အထူးစစ်ဆင်ရေး ဗျုရိုအချင်းချင်း အပြစ်ပုံချ၊ ပြစ်ဒဏ်ပေး၊ နေရာအရွှေ့အပြောင်းများ ဖြစ်လာခဲ့သည်။ ယင်းသည် စစ်တပ်၏ တိုက်ခိုက်ရေး စွမ်းရည် မည်မျှ အထိ ကျဆင်းနေပြီ ဆိုသည်ကို ပြဆိုနေသော တိုက်ပွဲများ ဖြစ်လာခဲ့သည်။
စစ်တပ် အတွင်း စစ်စည်းကမ်းများ ထိန်းသိမ်း နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများ ဖြင့် အသာစီးရနေသည်။ တိုက်ပွဲများ ဖြစ်ပွားနေစဉ် အတွင်း အရပ်သားများကို သတ်ဖြတ်ရန် အနည်းငယ်မျှ ပင် တုန့်ဆိုင်းမှု မရှိကြပေ။
အကျအဆုံး မည်ရွေ့ မည်မျှ ရှိသည်ကို ခန့်မှန်းရန် ခက်ခဲနေသော်လည်း ကေအိုင်အေသည် စက်တင်ဘာ ၁၁ ရက် ဖားကန့် ရှိ ဟောင်ပါး ရွာ တိုက်ပွဲမှ လွဲ၍ ပွဲတိုင်းလိုလို အသာစီး ရနေသည်။
ယင်းနှင့် အတူ စစ်ကောင်စီ တပ်သားများသည် စစ်ပန်းလာနေသည့်အပြင် မျက်စိရှေ့တွင် အကျအဆုံးများ လွန်စွာ များပြားလာသည့်အပြင် မြေပြင် အနေအထား ကြမ်းတမ်းမှုများကြောင့် စိတ်ဓါတ်များ ပြိုလဲလိုက်လာနေပြီ ဖြစ်သည်။
နမ်ဆန်ယန် သည် စစ်ကောင်စီ၏ အားနည်းချက်ကို ထုတ်ဖေါ်နိုင်ခဲ့ပြီ ဖြစ်သည်။
နိုင်ငံ၏ အရှေ့တောင်ပိုင်း အား ထိန်းချုပ်နိုင်မှုတွင်လည်း သိသိသာသာ လျော့နည်း ကျဆင်းလာနေသည်ဟု သတင်းများက ဆိုသည်။
၎င်းတို့ အားလုံး နေပြည်တော်တွင် မတောင့်မတ မကြောင့်မကျ နေသွားနိုင်ရေး အတွက် မည်မျှအထိ အသက်ပေါင်း များစွာ ကို စတေး ပစ်မည်ဆိုသည်ကိုကား မသိနိုင်သေးပေ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
ဓါတ်ပုံ - ဧရာဝတီ