သူ..စိုးရိမ်စ ပြုလာပြီ

by Hla Soewai - Sep 30 2023

မင်းအောင်လှိုင် သည် အစည်းအဝေး တွင် စစ်ကောင်စီ အဖွဲ့ဝင်များအား လာဘ်မစားရန်၊ လာဘ်စားပါက ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည့် အပြင် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခံရမည် (အာ‌ဏာရှင် ပီသစွာ ဖြင့် တရားဥပဒေ ၏ အဆုံးအမ ကို ခံရမည်ဟု မပြောတတ်) ဆိုကာ သတိပေးလိုက်ခြင်း ဖြင့် ၎င်းတို့ အတွင်း အရှုပ်ထုတ်များ ဖြစ်နေသည်ကို လူသိရှင်ကြား ဝန်ခံလိုက်ရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် စစ်ကောင်စီ အား နှစ် နှစ်ခွဲကျော် ကာလ အတွင်း သုံးကြိမ်တိုင်တိုင် ပြန်လည် ဖွဲ့စည်းခဲ့ရာ သိန်းညွန်၊ ခင်မောင်ဆွေ ကဲ့သို့ အမျိုးသား သစ္စာဖေါက်များ အပြင် စစ်ဗိုလ်ချုပ်များ အပါအဝင် စုစုပေါင်း ၁၅ ဦးအား ဖယ်‌ရှားခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အနူတော လူချော လုပ်ကာ 

ဟန်ကို့ နေရသူပီပီ သူ့အနေဖြင့် ဆက်၍ အုပ်ချုပ် သွားနိုင်ဦးမည်‌ လော ဟု စိုးရိမ်စိတ်က ခေါင်းထဲတွင် အမြဲလို ရှိနေသူ ဖြစ်သည်။ ထို့အတွက်လည်း သုံးစားမရ သို့မဟုတ် ရန်သူဟု ထင်မြင်လာသူများကို လာဘ် ပေး လာဘ်ယူ ဆိုသည့် သူတို့ထဲတွင် လူတကာ ကျုးလွန်တတ်သည့် ပြစ်မှု ဖြင့် ဖယ်ရှားပစ်လာခဲ့ခြင်း ဖြစ်သည်။

 

ယခု မင်းအောင်လှိုင်သည် သူ့တပ်ကို သူမနိုင်တော့သည့် အရိပ်အယောင်များ တွေ့လာနေရပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေလည်း ဖြစ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ အထက်တန်း အကြံပေး လည်း ဖြစ်သူ မစ္စက် ပရစ်ဆီလာ ကလက် က ပြောသည်ဟု အယ်ဂျာဇီယား သတင်းတွင် ပါရှိလာသည်။

 

သူမ က ဆက်လက် ပြောကြားရာတွင် စစ်တပ် အတွင်း အကျင့်ပျက် ခြအစားဆုံး ဗိုလ်ချုပ်ကြီးက သူ နှင့် အနီးကပ်ဆုံး လုပ်ဖေါ်ကိုင်ဖက်များကို စွဲချက်တင်လာပြီး ကိုယ်တိုင်ကမူ သူ့မိသားစု အကျိုး အတွက် ဘာပဲလုပ်ရ လုပ်ရ ဝန်မလေး သူ ဖြစ်နေသည်ကပင် အလွန် ထူးဆန်းနေသည်ဟု လည်း ဆိုသည်။

 

ထိုသတင်းတွင်ပင် တိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးစက် ဝူး မှ စစ်တပ်မှ ရွေးကောက်ပွဲကို မည်သို့ မည်ပုံ လုပ်လာမည်ကို ‌သေချာစောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ တွင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အတွက် တောင်းဆို သွားမည်ဟု ဆိုသည်။

 

ထိုစကားသည် ပြောရိုးပြောစဉ်သာ ဖြစ်သော်လည်း တရုတ်၏ မဟာရန်သူ ဖြစ်သော တိုင်ဝမ်ကိုလည်း ဒရုန်း နည်းပညာ အတွက် အကူ အညီ တောင်းနိုင်ပေသည်။

 

AFP သတင်းတွင် စစ်ကောင်စီ ပိုင် သတင်းစာများမှ တရုတ် ရုပ်ရှင် No More Bets ကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ဆိုကာ မဟာမိတ် အဖြစ် ရပ်တည်ပေးနေသည့် တရုတ်ကို ထိုးနှက် တိုက်ခိုက်လာခဲ့သည်။

 

ယခုအခါ တရုတ်၊ အိန္ဒိယ နှင့် အခြား အိမ်နီးချင်းနိုင်ငံ များ မှ နိုင်ငံသားများကို မြန်မာနိုင်ငံ အတွင်း တောကြောင်များ မှ မြူဆွယ်၍ အတင်းအကျပ် ချုပ် နှောင်ကာ အွန်လိုင်း လိမ်လည်မှု များ ကျုးလွန်နေခြင်း ကြောင့် တရုတ်နှင့် မြန်မာအကြား အဓိက ပြဿနာကြီး ဖြစ်လာခဲ့ရသည်။ 

 

အဆိုပါ ရုပ်ရှင်တွင် နေရာ‌ဒေသ အား မြန်မာဟု တိတိကျကျ ဖေါ်ပြထားခြင်း မရှိသော်လည်း ကြည့်သူအားလုံး မြန်မာဟု တန်း၍ သိနိုင်သည့် အခင်းအကျင်းများ ပါရှိသည်။ ထိုရုပ်ရှင်အား တရုတ်နိုင်ငံ နှင့် ကမ္ဘာတဝှမ်းသို့ ဖြန့်ချီခဲ့ရာ တရုတ်နိုင်ငံ အတွင်း ယခုနှစ် အတွက် တတိယမြောက် ဝင်ငွေ အကောင်းဆုံး ဖြစ်သွားခဲ့သည်။

 

ထိုရုပ်ရှင်ကြောင့် တရုတ်နိုင်ငံသားများ မြန်မာသို့ မလာရဲ တော့မည်ကို စိုးရိမ်ကြောင်း နန်နင်း မြို မြန်မာ ကောင်စစ်ဝန်မှလည်း တရုတ် အရာရှိများကို သွားရောက် ကန့်ကွက် ပြောဆိုသည် အထိ ဖြစ်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့ စစ်ဗိုလ်ချုပ်များ ဂျပန်သို့ ခြေချခွင့် မရသဖြင့် NLD ခြံခုန် စန္ဒာမင်း နှင့် ရခိုင်မှ နိုင်ငံရေး သမား အေးမောင် တို့အား တိုကျိုသို့ လွှတ်‌၍ ပြေရာပြေကြောင်း နားသွင်းခိုင်းပြန်သည်။ 

 

နိုင်ငံခြားငွေ ပြတ်လပ်လာနေသော အာဏာသိမ်း အဖွဲ့ အတွက် ဂျပန်၏ အကူအညီ သို့မဟုတ် တရားဝင် ချေးငွေများ ရလိုရငြား ကြံစည်လာခြင်းလည်း ဖြစ်သည်။ ၎င်းတို့နှင့် အတူ စစ်ကောင်စီ ပြန်ကြားရေး ဌာန မှ စနစ်တကျ ပြင်ဆင်ပေးလိုက်သော ဝါဒဖြန့် စာရွက်စာတမ်းများ တထပ်ကြီး ပါသွားခဲ့သည်ဟု လည်း သိရသည်။

 

ယာယီ သမ္မတကြီး ဒူးဝါ လရှီးလ အား ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းခဲ့ရာ မိမိတို့၏ တော်လှန်ရေး တပ်ဖွဲ့များမှ နိုင်ငံ နယ်မြေ ၆၀ ရာနှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်ဟု ‌ပြောသွားခဲ့သည်။ ဤသည်ကလည်း ပြည်သူ့ကာကွယ်ရေး တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား ပူးပေါင်း ဆောင်ရွက်ခဲ့မှုကြောင့် ယခုလို ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်ဟုလည်း ပါရှိခဲ့သည်။

 

မိမိတို့ ဖက်သို့ ခိုလှုံချင်စိတ် ရှိနေသော ဗိုလ်မှုး ချုပ် အဆင့် ရှိသူများ နှင့် ဆွေးနွေးမှု များ ရှိနေသော်လည်း ယခုထိတော့ ကူးပြောင်းလာကြခြင်း မရှိသေးဟု ဆိုသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ လွတ်မြောက်လာခဲ့လျှင်ပင် သူမ ဖြစ်စေချင်သည်များ ရှိကောင်း ရှိလာနိုင်သော်လည်း သူမ အပြောကြောင့်တော့ မိမိတို့ သွားနေသည့် လမ်းကြောင်း ပြောင်းသွားမည် မဟုတ်ဟုလည်း NUG ၏ သဘောထားကို အသိပေးခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၅၅ သန်း ခန့် ရှိသော မြန်မာ ပြည်သူများကို လေကြောင်းမှ တိုးမြှင့် တိုက်ခိုက်လျှက် ရှိရာ ၂၀၂၂ ဧပြီလ မှ ၂၀၂၃ ဇူလိုင်လ အတွင်း အကြိမ်ပေါင်း ၇၀၀ ခန့် ရှိခဲ့ပြီး ယင်းသည် ၂၀၂၁ အာဏာသိမ်းပြီး ၁၄ လ အတွင်း တိုက်ခိုက်ခဲ့သည့် အကြိမ် အရည်အတွက် ထက် နှစ်ဆ ကျော် ပိုများလာသည်ဟု ကုလ လူ့အခွင့်အရေး အကြီးအကဲ ဗော်ကာ တပ် ၏ ညီလာခံတွင် တင်ပြချက်အား ကိုးကား၍ တိုင်းမ် မဂ္ဂဇင်းတွင် ဖေါ်ပြထားပြန်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!