မင်းဆိုးမင်းညစ် အောက်တွင် ငါတို့ မနေပြီ

by Hla Soewai - Sep 26 2023

လက်ရှိတွင် ၇၈ ကြိမ်‌ မြောက် ကူလသမဂ္ဂ အထွေထွေ ညီလာခံကြီး ကျင်းပနေပြီ ဖြစ်ရာ နိုင်ငံ ပေါင်းစုံမှ သမ္မတများ၊ ဝန်ကြီးချုပ်များ စုံညီစွာ မိန့်ခွန်း အသီးသီး ပြောကြားနေကြချိန်လည်း ဖြစ်သည်။

 

ထိုအထဲတွင် မြန်မာအရေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသော နိုင်ငံများက အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များ ကြောင့် ရင်ဆိုင်နေရသော ပြဿနာများကို အကျယ်တဝင့် ထည့်သွင်းပြောဆိုသွားကြပြန်၍ စစ်ကောင်စီ အဖို့ အရှက်ကွဲပြီးရင်း ကွဲလာနေပြီ ဖြစ်သည်။

 

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် မှ လက်ရှိ အခြေအနေများသည် မိမိတို့ အတွက် လွန်စွာ စိုးရိမ်မကင်း စရာ ဖြစ်လာ‌ နေ၍ မြန်မာအား အာဆီယံ ဘုံရပ်တည်ချက် ငါးရပ်ကို ချက်ခြင်း အကောင်အထည် ဖေါ်ပေးရန် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မှ လိုအပ်သော ဖိအားပေးမှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်ပေးကြပါရန် တောင်းဆိုသွားခဲ့သည်။

 

ဤသည်ကပင် စစ်ကောင်စီသည် ရွေးကောက်ပွဲလုပ်မည်ဟု ပြောနေသော်လည်း ဒေသတွင်း အိမ်နီးခြင်း နိုင်ငံများက ထိုသို့ ဖြစ်လာရန် အကောင်အထည် ဖေါ်ရမည့် အခြေခံ အချက် ငါးချက်ကို တချက်လေးမျှပင် လိုက်နာခြင်း မရှိဆိုသည်ကို ကုလ စင်မြင့်မှ ကမ္ဘာကို အသိ‌ပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

တရုတ် နှင့် ရုရှားတို့သည် နိုင်ငံတကာ စင်မြင့်တွင် ဗီတိုအာဏာဖြင့် အကာအကွယ် ပေးနေစေကာမူ ၎င်းတို့၏ လုပ်ရပ်များသည် လုပ်သင့် လုပ်ထိုက်ကြောင်း မင်းပရိသတ် အလယ်တွင် မည်သို့မျှ ကာကွယ် ပြောဆို၍ မရအောင် ဖြစ်နေရသည်။

 

ထို့ပြင် စစ်ကောင်စီအား ကုလသမဂ္ဂ မှ အသိအမှတ် ပြုထားခြင်း မရှိ၍ ကိုယ်စားလှယ် အဖြစ် တဦးတလေမျှပင် တက်ခွင့် မရ ဖြစ်နေသည်။ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတ ကြီး ဦးဝင်းမြင့်ကိုသာ နိုင်ငံ အကြီးအကဲများ အဖြစ် မှတ်တမ်းတွင် ကဗ္ဗည်းထိုးထားဆဲပင် ဖြစ်သည်။ 

 

မင်းအောင်လှိုင်သည် ဒီမိုက ရေစီ ရွေးကောက်ပွဲ ပြုလုပ်‌ ပေးမည် ဆိုခြင်းမှာ နိုင်ငံသားများအား ဒီမိုက‌ ရေစီ နှင့် လူ့အခွင့် အရေးများ ပြန်လည် အပ်နှင်းပေးဖို့ မဟုတ်ပဲ ၎င်း၏ အုပ်ချုပ်‌ ရေးသည် ယခုအခါ တရားဝင်လာပြီ ဖြစ်၍ နိုင်ငံတကာ မှ မဖြစ်မနေ အသိအမှတ် ပြုလာရန် ရည်ရွယ်ချင်း သက်သက်သာ ဖြစ်သည်။ ၎င်းတို့ ရုရှား အကူအညီ ဖြင့် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲအား ကူညီပေးသည့် နိုင်ငံများမှ လွဲ၍ ကုလသမဂ္ဂ အပါအဝင် မည်သည့် နိုင်ငံများမှ အသိအမှတ် ပြုကြမည်လည်း မဟုတ်ပေ။

 

စစ်အာဏာသိမ်း အဖွဲ့ အရေးနိမ့်သွားအောင် မိမိတို့ ကြိုးပမ်းနေမှုများအား နိုင်ငံတကာမှ ထောက်ခံ ကူညီကြပါရန် နယူးယောက်တွင် ရောက်ရှိနေသော မြန်မာ ကိုယ်စားလှယ် အဖွဲ့မှ တောင်းဆိုလိုက်ပြီး ညီလာခံ သို့ တက်ရောက်လာသူ ကိုယ်စားလှယ်အချို့နှင့် ဘေးထွက် ဆွေးနွေးပွဲများ ပြုလုပ်လာခဲ့ကြသည်။

 

အမျိုးသား ညီညွတ်ရေး အဖွဲ့ချုပ်သည် သံတမန် ရေး တွင် စစ်ကောင်စီ အပေါ် အောင်ပွဲ ခံနိုင်နေပြီ ဆိုသည်မှာ အထင်အရှားပင် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ အောင်ပွဲသည်လည်း ပြည်သူတို့၏ အောင်ပွဲပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံ အုပ်ချုပ်ရေး ပိုင်းတွင် အနည်းဆုံး ငါးနှစ်ခန့် အတွေ့အကြုံများ ရှိထားခဲ့သူ များ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆိုသည်အား အထမြောက်အောင် တရုတ် အစိုးရ မှ နောက်ကွယ်မှ ဘေးတီးပေးနေပြီ ဖြစ်သည်။ ယခုအခါ အာဆီယံ နိုင်ငံ များရှိ နေပြည်တော်များ တွင် တရုတ်၏ အားပေး လှုံ့ဆော်မှု ဖြင့်၂၀၂၅ ရွေးကောက်ပွဲ အလားအလာ ဆိုင်ရာ အလုပ်ရုံ ဆွေး‌‌ ‌နွေးပွဲများ ပြုလုပ်လာနေပြီ ဖြစ်သည်။

 

ပြည်ပမှ ပညာရှင်များ က ဖြစ်နိုင်၏ မဖြစ်နိုင်၏ အပေါ် သုံးသပ်ချက်များ အပေါ် မည်သို့မျှ မပြောလိုသော်လည်း တတိယ အုပ်စု ဆိုသည့် ယောမင်းကြီး အဖွဲ့သားများက တက်တက်ကြွကြွ ပါဝင်ဆွေးနေးနေကြသည့် အဖြစ်ကတော့ အမြင်မတော် ဆင်တော်နှင့် ခလောက် ဆိုသလို တွေ့လာနေရသည်။

 

၎င်းတို့က လွှတ်တော် သက်တမ်းသည် ၂၀၂၆ တွင် အလိုလိုနေရင်း သက်တမ်းကုန်ပြီဆိုသည့် အယူအဆနှင့် ပြောဆိုလာကြခြင်းပင် ဖြစ်သည်။

 

အထက်တွင် ပြောခဲ့သည့် အတိုင်း မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ဆိုသည်က စစ်အုပ်ချုပ်ရေး ဆိုသည့် ဆင်‌ ကောင်ကြီးအား ဒီမိုကရေစီ ဆိုသည့် ဆိတ်သားရေ ဖြင့် ဖုံးအုပ်ရန် ကြိုးပမ်းခြင်း သက်သက်သာ ဖြစ်သည်ကို ပြည်သူတရပ်လုံးက နားလည်ထားကြပြီး ဖြစ်သည်၊ ၎င်းတို့ မည်သို့သော အခြေအနေများ ရောက်ရောက် ပြည်သူများ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှုများက အရိပ်လို ကပ်ပါလာပြီး အမြဲလို ချောက်လှန့်‌ နေမည်သာ ဖြစ်သည်။

 

ထိုသို့ ပြည်သူတရပ်လုံး၏ ဆန္ဒကို မျက်ကွယ်ပြု ပြောဆိုနေသူများ အားလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ရသည်။ သမိုင်းတွင် ခဲဖျက် မပါဆိုသည်‌လောက်တော့ သိသင့်သည်။

 

ထိုသို့သော ပုဂ္ဂိုလ်များသည် ပြည်သူတို့ ဆင်နွှဲနေသော တော်လှန်ရေး ကြီးအား အကျိုးတစုံတရာ ပြုခဲ့ခြင်းလည်း မရှိသူများ ဖြစ်နေပြန်သည်။

 

ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ထိုသို့ ပြောဆိုနေသူများသည် လူထု တော်လှန်ရေးသည် မည်သို့မျှ အောင်မြင်နိုင်စရာ အကြောင်းမရှိ၊ မင်းအောင်လှိုင်၏ ထမင်းစားပွဲဝိုင်းမှ လွင့်စင်လာသော ဒီမိုကရေစီ ဆိုသည့် စားကြွင်းစားကျန်များနှင့် တင်းတိမ်ကာ နေထိုင်သွားရမည့် အဖြစ်သို့ ပြည်သူ တရပ်လုံးကို တွန်းပို့နေခြင်းသာ ဖြစ်သည်ဟု ပြောလိုသည်။

 

ထိုသို့သော် အရှုံးပေး အညံ့ခံလိုသည့် defeatist များ သည် တော်လှန်ရေး တိုင်းလိုလို တွင် ထွက်ပေါ်လာစမြဲ ဖြစ်သည်။ ၎င်းတို့ အသံတိတ်သွားအောင် လုပ်ဖို့က တော်လှန်ရေး အရှိန်ကို မြင့်သက်ထက် မြင့်အောင် မြှင့်တင်ဖို့သာ ရှိပေတော့သည်။

 

လူအသက်တချောင်းကို ပရွက်ဆိတ် တကောင်မျလောက်ပင် တန်ဘိုး မထားတပ်သော ကြောက်မက်ဘွယ် ကောင်းလှသည့် စစ်အာဏာရှင် စနစ် ဆိုး ကြီး မြန်မာ့မြေပေါ်မှအပြီးအပိုင် ကွယ်ပျောက်စေရန် ဘေးမှ ဝိုင်းဝန်း ကူညီပေးကြမည့် Third Party ဖြစ်မည်ဆို က ပြည်သူများ မည်မျှ အားတက်ရှာကြ‌ ပေမည်နည်း။

 

(ဟယ်..မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကိုရလျင် နင်၏ ခန္တာကိုယ်သည် မအိုမသေပြီ မှတ်သည်လော၊ လောကတွင် နင့်ထက် ပျက်သော မင်းမရှိ။ မင်းဆိုးမင်းညစ် အောက်တွင် ငါ မနေပြီ။)

 

(ဦးကုလားမဟာရာဇဝင်)

 

ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!