ဘယ်သူ ကျန်သေးလဲ ဟေ့

by Hla Soewai - Sep 26 2023

စစ်တပ်သည် သူတို့၏ လူတန်းစားများ တသက်တာလုံး လူပေါ်‌လူဇော် လုပ်ကာ ကြွယ်ဝချမ်းသာရေး အတွက် ရည်ရွယ် တည်ဆောက်ထားသော လူနေမှု အဆောက်အအုံကြီးကို အ‌ ကြောက်အကန် ခုခံကာကွယ်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ တချိန်လုံး ဖုံးကွယ်ထားသော ဖက်ဆစ်နာဇီ အစွယ်များ တဖွေးဖွေး ပေါ်လာရခြင်းလည်း ဖြစ်ပေသည်။ ငရဲခွေးကို စီး၍ ဖက်ဆစ် ဖြစ်လာကြသည်။

 

ယင်းနှင့် အတူ ပြည်သူများသည်လည်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် ထိုဖက်ဆစ်နာဇီ အစွယ်များ၏ တဖြောင်းဖြောင်း ဝါးမျိုးခြင်းကို ခံလာနေရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် ဦးဆောင်သော စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက်တွင် မိမိတို့ အခြေအနေသည် ပိုနေမြဲ ကျားနေမြဲ ပါ ဟု ပြောနိုင်သူ တဦးတလေမျှ မကျန်တော့လောက်အောင် နည်းမျိုးစုံဖြင့် တဖြေးဖြေး ဒုက္ခပေးလာပြီ ဖြစ်သည်။

 

၎င်းတို့၏ ကုန်ဈေးနှုန်း များ ကျဆင်းရေး ဆိုကာ လူဖမ်းပွဲကြီး လုပ်လာပြီး ဆန်၊ ဆီများကို ၎င်းတို့ ပြောသည့် ဈေးနှင့် မဖြစ်မနေ ရောင်းရမည် ဟု အတင်းအကျပ်လုပ်လာခဲ့သည်။ 

 

ထိုသို့ ကမောက်ကမ အစီအစဉ်များကြောင့် ဒုက္ခရောက်လာမည့် လူတန်းစား တရပ် ထွက်ပေါ်လာပြန်သည်။ ထိုလူတန်စားသည်က လူထု ၏ ကျေးဇူးရှင်များဟု ပြောစမှတ်ပြု ကြသည့် တောင်သူ လယ်သမားထုကြီးပင် ဖြစ်သည်။

 

ဆန်ဈေးများ အတင်းအကျပ် သတ်မှတ်လိုက်ခြင်းကြောင့် လယ်သမားများထံမှလည်း မည်ရွေ့မည်မျှ ဈေးနှင့် ဝယ်ယူရမည်ဆိုကာ ပြီးခဲ့သည့် အပတ်အတွင်း အမိန့်ထုတ်ပြန်လာခြင်းကြောင့် ဝယ်ဈေးသည်လည်း ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါ လယ်သမားများသည် ဓါတ်မြေဩဇာ အပါအဝင် အခြားသော ကုန်ကျစရိတ်များကြောင့် ဝမ်းစာဖူလုံယုံမျှသာ ကျန်တော့မည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

၎င်းတို့ လယ်သမားများထံ မှ ဝယ်ယူရန် သတ်မှတ်ထားသော ဈေးနှုန်းသည် ဧည့်မထ နှင့် ငစိန်ဆန် တင်း တရာ လျှင် ဆယ်သုံးသိန်း မှ ဆယ့်ငါးသိန်း အကြား ဖြစ်သည်။ ဧရာဝတီ ပေါ် ဆန်းမွှေး နှင့် ဧရာဝတီ ပဒေသာ တို့အတွက် ဆယ့်ခြောက်သိန်း မှ ဆယ့်ရှစ်သိန်း အထိ ဖြစ်ပြီး ရွှေဘို ပေါ်ဆန်းမွှေးကိုမူ ဆယ့်ရှစ်သိန်း မှ သိန်း နှစ်ဆယ်အထိ သတ်မှတ်လာသည်။ ထိုဈေးနှုန်းထက် ပိုပေးပြီး မဝယ်ရဟုလည်း ဆိုသည်။

 

ဧရာဝတီ တိုင်းမှ လယ်သမားတဦးက တဧက လျှင် တင်း ၅၀ သာ ထွက်သော သူ့အဖို့ ခုနှစ်သိန်းသာ ရတော့မည် ဟု ဆိုသည်။ တဧက အတွက် ကုန်ကျစရိတ်သည် အလုပ်သမားခ မပါ တဧကလျှင် ကျပ် ငါးသိန်းခန့် ကုန်ကျနေသည်ဟုလည်း ငြည်းတွားခဲ့သည်။ မိုးကြီးသဖြင့် စပါးအထွက်နှုန်းလည်း ကျဆင်းမှု နှင့် ကြုံနေကြရသည်။

 

လယ်ယာ အလုပ်သမား ဆို၍လည်း မင်းအောင်လှိုင် ကောင်းမှု ကြောင့် အားကောင်းမောင်သန် မှန်သမျှ အားလုံး ပြည်ပတွင် သွားရောက် လုပ်ကိုင်နေကြရသူများနှင့် တော်လှန်ရေး တွင် ပါဝင် တိုက်ခိုက်နေကြသူများ ကြောင့် အင်မတန် မှ ရှားပါးနေပြီ ဖြစ်သည်။

 

တကယ်တမ်း တွင် ဆန်ဈေးနှုန်းများ မြင့်တက်သွားခဲ့သော်လည်း ကုန်သည်များက လယ်သမားများထံ ကောက်ယူသော ဈေးသည် ဒုံရင်း ဒုံရင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။ ယခင်က ကြမ်းခင်းဈေးသာ သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ ၎င်းတို့ သတ်မှတ်ဈေးထက် ပိုမဝယ်ရ ဖြစ်လာသည်။

 

ဈေးနှုန်းတင်းကြပ်လာသည့် အပြင် ဆန်များကို နယ်ကျော် သယ်ခွင့် မပြုရန်လည်း အစစ်အဆေးများ ပြုလုပ်လာနေသည်။

 

အလုပ်သမားများ ကြည့်ပြန်လည်း ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူများထံ မှ အခွန်ငွေများ အဆမတန် ကောက်ခံလာကြ၍ ထိုအရင်းရှင်များသည် ပြည်တွင်း အလုပ်သမားများ ၏ လုပ်အားခများ အား ဈေးနှိမ် ခိုင်းစေလာကြပြန်သည်။

 

၎င်းပေးသမျှ ကျွေးသမျှ နှင့် ကျွန်ယုံကျွန်ကောင်းများ ပမာ အမှုတော် ထမ်းနေသူများလည်း ရမ်းကားလာနေသည့် မင်းအောင်လှိုင်ကြောင့် ငါတို့ အလှည့် ဘယ်တော့ ရောက်လာလေမလဲဟု အထိတ်တလန့်ဖြင့် နေထိုင်နေကြရရှာသည်။ 

 

မင်းအောင်လှိုင်သည် ပြည်တွင်း ရှိ လူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေယုံဖြင့် အားမရသေးပဲ ၎င်းနှင့် မိုင်ထောင်ချီ ဝေးသော အရပ်တွင် ရိုးသားစွာ လုပ်ကိုင် နေကြသူများ၏ ချွေးနဲစာထဲမှ ဆယ်ရာနှုန်း အား သူ့ထံ အခွန်ဆက်သရမည်ဟု အောင်လင်းဒွေး နှင့် မဟုတ်တော့ပဲ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အမိန့်တော် ထုတ်ပြန်လာပြန်သည်။

 

ယခင် ဗိုလ်သန်းရွှေလက်ထက်က ထိုသို့ ကောက်ခံခဲ့ပြီး၊ နောက်ပိုင်း အရပ်သား အစိုးရ ဖြစ်လာသည့် အခါ ပယ်ဖျက်ပေးခဲ့သည်။ ဗိုလ်သန်းရွှေ လက်ထက်က စင်္ကာပူ တွင် နေထိုင်သူများ အတွက် လစာ မည်မျှပင် ရစေကာမူ တလ ဒေါ်လာ ၁၅၀ ဖြင့် သတ်မှတ်ပေးခဲ့ဖူးသည်။

 

မိမိ စင်္ကာပူတွင် နေထိုင်စဉ် ထိုသို့ ကောက်ခံသည်ကို တပြားတချပ်မှ မပေးပဲ နေခဲ့သော်လည်း မြန်မာပြည် ပြန်ရမည့် အရေး နှင့် ကြုံလာခဲ့ရသည်က ကျွန်တော်သည် သံရုံးသို့ ပြေး၍ သုံးနှစ်စာ တပေါင်းတစည်းထဲ ဒေါ်လာ ငါးထောင် ပေးခဲ့ရသည်၊ ကုမ္ပဏီမှ ချေးငှားပြီး ယူလာသော ကျွန်တော် ငွေများကို ရေတွက်နေသော သံရုံး ဝန်ထမ်းက “ခင်ဗျားတို့ နောက်ဆို ပုံမှန်ဆောင်ကြဗျာ၊ အခု ကျွန်တော်တို့ ခင်ဗျား ပိုက်ဆံရေ ရတာ လက်ညောင်းနေပြီ” ဟု ပြောခဲ့၍ သူ့ကိုပင် ထပြီး နှိပ်ပေးရမလို ဖြစ်ခဲ့ဖူးသည်။ ထိုသို့ မဆောင်လျှင် ကျွန်တော် အဖို့ ပြည်တော်ဝင်ခွင့် မရ ၍ ယခုလို ပမာမခန့် ပြောလာသည်ကိုပင် အောင့်အီး နားထောင်ခဲ့ရဖူးသည်။

 

ယခုအခါ တွင် ဟန်ပင် မဆောင်နိုင်လောက်အောင် ငွေကြေး များ ပြတ် လတ်လာနေသော မင်းအောင်လှိုင်သည် ယခင်ကလို စင်္ကာပူ တွင် ဒေါ်လာ ၁၅၀၊ ကနေဒါ တွင် ဒေါ်လာ ၅၀ ဟူ၍ သတ်မှတ်ပေးတော့မည် မဟုတ်၊ မူရင်းလစာ ကို အထောက်အထား နှင့် တင်ပြခိုင်းပြီး အတိအကျ တွက်ချက်ယူတော့မည် ဖြစ်သည်။ 

 

သူ့အဖို့ က ဝင်ငွေလည်းရ၊ သူ့အတွက် ဖယ်ထားရသဖြင့် တော်လှန်‌ရေး အားလည်း မထောက်ပံ့နိုင်တော့ တချက်ခုတ် နှစ်ချက်ပြတ် အဆင်ပြေနေပေသည်။

 

မြန်မာ နိုင်ငံသားများ အဖို့က ၎င်းတို့ နေထိုင်ရာ နိုင်ငံ၏ အခွန်လည်း ပေးဆောင်ရသည့် အပြင် မင်းအောင်လှိုင် အတွက်လည်း တလလျှင် ၎င်းတို့ ရသည့်အထဲမှ ဆယ်ရာနှုန်း လစဉ် ပြန်ပို့ပေးရဖို့ ဖြစ်လာသည်။ ထို့အတွက် Double Taxation ဒဏ်ကို ခံကြရတော့မည် ဖြစ်သည်။ ရလာသော နိုင်ငံခြားငွေများကို လည်း တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး ဖက်တွင် သုံးမည် မဟုတ်ပဲ သူ၏ စစ်ရံပုံငွေ war chest အတွက် သုံးမည်ကား မြေကြီးလက်ခတ် မလွဲပင်။ 

 

ယခုအခါ စစ်ကောင်စီအား ပြန်လည် ဖွဲ့စည်းခဲ့ရာ မိုးမြင့်ထွန်း နှင့် စိုးထွဋ် တို့ ပါမလာတော့သည့် အတွက် မင်းအောင်လှိုင် ၏ ဖြုတ်ထုတ် ထောင်ချ စစ်ဆေးခံနေရသည့် သတင်းသည် အတည်ဖြစ်သွားခဲ့ပေပြီ။ 

 

ထိုသို့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဒုက္ခပေးလာနေသည့် အကြမ်းဖက် အုပ်စိုးသူ လူတစုအား လက်နက်စွဲကိုင် ပုန်ကန်ခြင်းသည် မဖြစ်မနေ လုပ်ကို လုပ်ရမည် ဖြစ်ကြောင်း တနေ့တခြား ထင်ရှားလာနေပြီ လည်း ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ ဆရာ ဗန်းမော် တင်အောင်၏ “သူပုန်ကြီး” စာအုပ်၏ နိဒန်းတွင် ရေးသားခဲ့သည်ကို ပြန်လည် မျှဝေလိုပါသည်။

 

“ရှေးပဝေသဏီခေတ် ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်များ လက်ထက်အခါ ကာလမှစ၍ ယနေ့အထိ မိမိတို့၏ လွတ်လပ်ရေးနှင့် လုံခြုံစွာ အသက်ရှင်နေထိုင်နိုင်ရေး အား အဆက်မပြတ် ခြိမ်းခြောက်နေခဲ့သော အုပ်စိုးသူ လူတန်းစားတစု၏ ညှင်းပန်း ဖိနှိပ်မှုများအား၎င်း၊ ချုပ်ချယ်သတ်ဖြတ်မှုများ အား၎င်း၊ အဘယ်သော ကာလကမျှ ခေါင်းငုံ့ခံမနေပဲ အမြဲတစေ သူရသတ္တိ ရှိရှိနှင့် ထကြွတော်လှန်တိုက်ခိုက်၍ မိမိတို့၏ လွတ်လပ်ရေး နှင့် ဘဝလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းခဲ့ကြသည့် ဗမာ အမျိုးသားများ၏ မွန်မြတ်လှသော အကြောင်းခြင်းရာ ကို ဂုဏ်ပြု လိုက်ပါသည်။”

 

လူသည် မိမိ၏ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်၏၊ မိမိကံကြမ္မာကို မိမိဘာသာ မဖန်တီးနိုင်သူမှာ လူမဟုတ်၊ ညံ့ဖျင်းသော သတ္တဗေဒ သတ္တဝါ တဦးသာ ဖြစ်လိမ့်မည်ဟု စကားပုံတရပ်က ဆိုသည်။ ဆရာဗန်းမော်တင်အောင်သည် မြန်မာ တမျိုးသားလုံးအား ညံ့ဖျင်းသော သတ္တဗေဒ စာရင်းထဲ ထည့်သွင်းခဲ့ခြင်း မရှိ ဆိုသည်ကား သူ၏ စကားရပ်က သက်သေခံနေပေပြီ။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!