အလဟသ ဖြစ်ခဲ့ရသော သက္ကရာဇ်များ

by Hla Soewai - Sep 25 2023

တပ်မတော်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ပြည်သူကို အပြီးအပိုင် ကျောခိုင်းသွားကြလေပြီဟု ပြောစမှတ် တွင်နေသော်လည်း တကယ်တမ်းတွင် ၁၉၉၀ ကတည်းက တပ်မတော်၏ ဂုဏ်သိက္ခာသည် ရစရာ မရှိအောင် ဖျက်ဆီးသွားခဲ့ပြီး ဖြစ်သည်။

 

အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည် ဆိုကာ ကမ္ဘာသိ၊ တိုင်းသိပြည်သိ ကျေညာက ဦးစီး ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲကြီး တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အခါတွင်တော့ စစ်ဗိုလ်ချုပ်ကြီးများ၏ ကတိသစ္စာ ဆိုသည်က ကုန်းကောက်၍ ပင် မရတော့အောင် ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

 

‌‌ဤသည်ကလည်း အားလုံးအသိပင် ဖြစ်၍ အကျယ်ချဲ့ မပြောလိုတော့။

 

အကယ်၍သာ တပ်မတော်သည် အနိုင်ရပါတီ လက်ထဲ တိုင်းပြည် အာဏာကို ထိုစဉ်ကတည်းက လွှဲပြောင်းပေးကာ ဗိုလ်ချုပ်ကြီး စောမောင် ပြောသလို စစ်တန်းလျားကို ပြန်သွားမည်ဆိုလျှင် မြန်မာပြည်သည် ယခုလောက်ဆို အာရှ၏ ကျားတကောင် အဆင့် အတန်း ရောက်ရှိနေလောက်ပေပြီ၊ အနည်းဆုံး လက်ရှိ ဗီယက်နမ် အနေအထားကို ကောင်းစွာ သာလွန်နေပြီ ဖြစ်သည်။

 

ယခုအခါတွင်တော့ ပြည်သူများသည် မီးမလာ၊ ခြင်တွေကိုက်၊ အမှောင်ထဲတွင် ငုတ်တုတ်ထိုင်ကာ မီးလာလျှင် ရေတင်၊ ထမင်းချက်ရန် စောင့်ဆိုင်းနေကြရသည့် ဘဝကို ဖြတ်သန်းနေရပြီ ဖြစ်သည်။

 

စစ်တပ်သည် ထိုသို့ ဖြစ်လာခဲ့ရသည်ကို ပြည်တွင်းစစ် ကြီးကြောင့်၊ စီးပွားရေး ပိတ်ဆို့ ခံထားရ၍ အစရှိသဖြင့် နည်းမျိုးစုံ အကြောင်းပြခဲ့ကြသည်။

 

ပြည်တွင်းစစ် ဆိုသည်မှာလည်း ကိုယ်လည်း နိုင်အောင် မတိုက်နိုင်၊ တဖက်ကလည်း အလျော့ပေးမည် မဟုတ်သည့် အနေအထားတွင် ‌ပြေလည်အောင်ဆိုသည့် စိတ်ရင်းကောင်းဖြင့် ဆွေးနွေးကြမည် ဆိုလျှင် မအောင်မြင်နိုင်စရာ အကြောင်းမရှိ၊ "ဝ" ဒေသ က သက်သေခံနေပြီ ဖြစ်သည်။

 

စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်သည် ဆိုရအောင်လည်း ဗီယက်နမ်ကို တချက် ကြည့်သင့်သည်။ ၁၉၇၅ တွင်ဆိုင်ဂုံမှ အမေရိကန် တို့ အရှက်တကွဲ ဖြင့် ဆုတ်ခွာခဲ့ရပြီး နောက် အညိုးတကြီး ဖြင့် အနောက်အုပ်စုသည် ပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်၊ ထို့နောက် ၁၉၇၈ ဒီဇင်ဘာ တွင် ကမ္ဘောဒီယားကို တပ်မကြီး ၁၃ ခု၊ အင်အား တသိန်းခွဲ ခန့်ဖြင့် ဝင်ရောက် သိမ်းပိုက်လာပြီး နောက်တွင် တရုတ်၊ အာဆီယံ နိုင်ငံများကပါ ဗီယက်နမ်အား ပိတ်ဆို့ ဒဏ်ခတ်မှု တွင် ပါဝင်လာခဲ့ကြသည်။ တရုတ်က သင်ခန်းစာပေးသည် ဆိုကာ ဝင်ရောက်တိုက်ခိုက်ခဲ့၍ တရုတ်-ဗီယက်နမ် စစ်ကြီး တလ‌ ကျော် နီးပါး ဖြစ်ပွားခဲ့ပြန်သည်။ (ဤသည်က တရုတ် စစ်တပ်၏ နောက်ဆုံး အကြိမ် စစ်ရေး အတွေ့အကြုံ ရခဲ့သည့် ပွဲလည်း ဖြစ်သည်။)

 

ထိုသို့ အနေအထားများ ကြုံခဲ့ရသော ဗီယက်နမ်သည် ပင် ယခုလို အနေအထား ရောက်အောင် ပြန်လည် ရုန်းကန်လာနိုင်ခဲ့သည် မဟုတ်ပါလား။

 

စစ်‌ ခေါင်း‌ ဆောင် အဆက်ဆက် အမျိုးသမီး တယောက် အပေါ် မနာလို စိတ် ကြီးစွာဖြင့် နစ်မွန်းအောင် လုပ်ခဲ့ကြသည့် အမှားကို နှစ်ပေါင်း သုံးဆယ်ကြာလည်း ဆက်လက် ကျုးလွန်ခဲ့ကြပြန်သည်။

 

ဒီတကြိမ်တွင်တော့ enough is enough ဆိုကာ လူထု သည် ဆက်လက် သည်းငြည်း မခံနိုင်ကြတော့ပဲ တူမီးနှင့် ပင် ခုခံ တိုက်ခိုက်လာကြပြီ ဖြစ်သည်။

 

စနစ်ဟောင်းကို ဖြိုဖျက်နိုင်ခြင်း မရှိသရွေ့မိမိတို့သည် ပုခုံးနှစ်ဖက် အကြား ခေါင်းပေါက်နေသူ ချင်း တူပါလျက် စားရမဲ့ သောက်ရမဲ့ ဘဝဖြင့် ရုန်းကန် နေကြရတော့မည် ဖြစ်သည်ဟု သဘောပေါက် နားလည် လာကြ၍ စနစ်သစ် ကို တည်ဆောက်မည့် တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ပေလိမ့်မည်သာ ဖြစ်သည်။

 

မိမိတို့ တိုင်းပြည်သည် စစ်အာဏာရှင်များ လက်အောက်တွင် ဇကောထဲ ထည့်လှိမ့်ခံရသည့် ဇီးသီးလုံးများပမာ ဗြောင်းဆန် အောင် ဆယ်စုနှစ်ပေါင်းများစွာ ဗြောင်းဆန်အောင် ခံခဲ့ကြရည်မှာ ရင်နာဖို့ ကောင်းသည့် အပြင် လွန်စွာမှ နှမြောကြေကွဲဖွယ် ကောင်းလှပေသည်။

 

ပုံတွင် တရုတ် ပြည် မူဆယ်ရှိ ဆင်ဖြူဂိတ်ပေါက်မှ တဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် အလုအယက် တန်းစီ ထွက်ခွာနေကြသော မိမိတို့ နိုင်ငံသား များအား ရင်နင့်ဖွယ် တွေ့ကြရမည် ဖြစ်သည်။

 

ယင်းသည် တပတ်ကြာ ခရီးသွား ဗီဇာ ဖြင့် ဝင်ခွင့်ပြု၍ တရက်လျှင် ငါးရာနှုန်း လွှတ်ပေးနေခြင်းဟု သိရသည်၊ တရုတ် အာဏာပိုင်များသည် ယခုလို ဝင်ရောက်လာသူများသည် ခရီးသွားများ မဟုတ်သည်ကို သိသိကြီး နှင့် ဈေးပေါပေါ နှင့် ခိုင်းနိုင်မည့် အလုပ်သမား များ အချောင်ရမည်ဆိုကာ လက်ပိုက် ကြည့်နေကြခြင်းလည်း ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!