ရခိုင်အရေး လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်၊ မြန်မာ တပ်ဖွဲ့များ စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့ဟု ဆို

by Hla Soewai - Jan 21 2020

၂၀၁၈ ဇူလိုင် ၃၀ ရက်နေ့က အစိုးရမှ ဖွဲ့စည်း ပေးခဲ့သော အဖွဲ့ဝင် လေးဦးပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး  ကော်မရှင် Independent Commission of Enquiry (ICOE) မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရခိုင်ပြည်နယ်ရှိ မူဆလင် များ ထွက်ပြေးခိုလှုံရသည် အထိ ဖြစ်ခဲ့သော သောင်းကျန်သူ တိုက်ဖျက်ရေး တန်ပြန်စစ်ဆင်မှုများ အတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ မှ စစ်ရာဇဝတတ်မှုများ ကျုးလွန်ခဲ့ကြောင်း ယုံကြည်ရန် အကြောင်းများ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

ကမ္ဘာတရားရုံး မှ ဆုံးဖြတ်ချက် မချမီ ရက်အနည်းငယ် အလိုမှာ ထွက်ပေါ်လာတဲ့ အဆိုပါ အစီရင်ခံစာကတော့ လူမျိုးတုံးအောင် သတ်ဖြတ်ခဲ့ကြသည် ဆိုသည်နှင့် ပတ်သက်ပြီး လုံလောက်တဲ့ သက်သေ အထောက်အထား ရှာမတွေ့ဟု ဆိုကာ ပယ်ချလိုက်ပါတယ်။

 

လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အဖွဲ့ ၏ အစီရင်ခံစာ အပြည့်အစုံ ကို လူသိရှင်ကြား ထုတ်ပြန်မယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။ ထိုအစီရင်ခံစာထဲတွင် အစိုးရဖက်မှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် ကျုးလွန်မှုများထက် ပိုပြီး ဆိုးဝါးတဲ့ အဖြစ်တွေ ပါရှိနေတယ်လို့ သတင်းများက ဆိုပါတယ်။

 

စစ်ရာဇဝတ်မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်းရှိ တည်ဆဲ ဥပဒေ များကို  ပါဝင်ပတ်သက်နေသူတွေ အားလုံးက ကျုးလွန်ခဲ့ကြပြီး ထိုအထဲတွင် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ပါဝင်ပတ်သက်နေတယ်လို့ ကြေငြာချက်မှာ ဖေါ်ပြထားခဲ့ပါတယ်။

 

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ ရွာသူရွာသားများ အား သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ အိမ်များကို မီးရှို့ဖျက်ဆီးပြစ်ခြင်း အစရှိသည့် လုပ်ရပ်များကို အတိုင်းအဆမဲ့ ကျုးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အာဆာ အကြမ်းဖက် အဖွဲ့အစည်းရဲ့ တိုက်ခိုက်လာမှုကို တုန့်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့လည်း အစီရင်ခံစာက အသိအမှတ်ပြုထားခဲ့ပါတယ်။

 

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကတော့ အောက်ခြေ စစ်သားများကိုသာ ဓါးစာခံ မလုပ်ပဲ ရာထူး အဆင့်အတန်း မခွဲ ပါဝင်ပတ်သက်ခဲ့သူများကို အရေးယူနိုင်မှသာ အမှန်တရား နဲ့ တာဝန်ခံမှု ရှိလိမ့်မယ်လို့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုလိုက်ပါတယ်။

 

ကော်မရှင်ကတော့ ၎င်းတို့၏ ၄၆၁ မျက်နှာပါ အစီရင်ခံစာတွင် ထောက်ခံတင်ပြချက် ၂၂ ချက်၊ တရားစွဲဆို အရေးယူနိုင်သည့် အမှုတွဲ တဒါဇင် ကျော်ခန့် ပါရှိနေပြီး ယင်းတို့အား မြန်မာ အရပ်ဖက် နှင့် စစ်ဖက် အာဏာပိုင်များမှ လိုအပ်သလို အရေးယူ နိုင်ရေး အတွက် လွှဲပြောင်း ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

 

အဆိုပါ ကော်မရှင်အား ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယို မာနယ်လို၊ ကုလ ဆိုင်ရာ ဂျပန် သံအမတ်ကြီး ဟောင်း ကင်ဇို အိုရှီမား၊ ယူနီဆက် အကြီးတန်း အရာရှိဟောင်း ဒေါက်တာ အောင်ထွန်းသက် နှင့် ဖွဲံ့စည်းပုံ ခုံရုံး ဥက္ကဌ ဦးမြသိန်းတို့ ပါဝင်ပါတယ်။ အစီရင်ခံစာအား အစိုးရထံ တင်သွင်းခဲ့စဉ်တွင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

အဆိုပါ အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ရန်ကုန် နှင့် နေပြည်တော်တို့တွင် သက်သေအထောက်အထားများ အား ကွင်းဆင်းစုဆောင်းခဲ့ပြီး မျက်မြင်သက်သေ ၁,၅၀၀ ခန့်နှင့် တွေ့ဆုံခဲ့သည် ဟု ဖေါ်ပြထားသော်လည်း ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်းများကို သွားရောက်ခဲ့တယ်လို့ ရည်ညွှန်းထားတာ မတွေ့ရဖူးလို့ သတင်းများက ဆိုပါတယ်။

 

တကယ်တမ်းတွင်မူ ကော်မရှင် အဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ နဲ့ နိုဝင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်းများကို ဒုတိယ အကြိမ်ပင် ရောက်ရှိခဲ့ပြီး ဒုက္ခသည် နှစ်ရာ ခန့်နဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။