ကုလ သံကြီး အဖြစ် ဦးကျော်မိုးထွန်း ဆက်ရှိနေမည်

by Hla Soewai - Sep 25 2023

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း သံအမတ်ကြီး အဖြစ် ဦးကျော်မိုးထွန်း သည် နောက်ထပ် သက်တမ်း တနှစ် အတွက် ဆက်လက် တာဝန်ထမ်းဆောင်သွားခွင့် ရမည်ဟု RFA သတင်းအရ သိရသည်။ ဤသည်မှာ သံအမတ် ခန့်အပ်လွှာ စီစစ်ရေး ကော်မတီမှ အစည်းအဝေး ထိုင်ရန် ငြင်းပယ်လိုက်ခြင်းကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

 

စိတ်ဝင်စားဖို့ ကောင်းနေသည်က ရုရှား နှင့် တရုတ်တို့အား အဆိုပါ ခန့်အပ်လွှာ စီစစ်ရေး ကော်မတီ အဖွဲ့ဝင် များ အဖြစ် စက်တင်ဘာ ၅ ရက်နေ့တွင် ခန့်အပ်ခဲ့ကြသည် ဆိုခြင်းပင်။ အဖွဲ့ဝင် ကိုးဦးပါ ကော်မတီတွင် အင်ဒိုရာ၊ ဂရင်နေဒါ၊ နိုင်ဂျီရီးယား၊ ဆော်လမွန် ကျွန်းစု နိုင်ငံ၊ ဆူရီနမ်၊ တိုဂို နှင့် အမေရိကန် ပြည်ထောင်စု တို့ လည်း ပါဝင်နေသည်။

 

ကုလ အ‌ထွေထွေ ညီလာခံ သဘာပတိ၏ ပြောရေး ဆိုခွင့် ရှိသူ မော်နီကာ ဂရေးလေး မှ ကော်မတီသည် ယခုနှစ် အတွက် တွေ့ဆုံမည် မဟုတ်ဟု RFA အား အတည်ပြု ခဲ့ပြီး သံအမတ်များသည် ယခင်နှစ်များ အတိုင်း ဆက်၍ တာဝန်ယူသွားရမည်ဟု ဆိုသည်။

 

သို့သော် အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးကျော်ဇော်ကမူ ထိုသတင်းကို သတိကြီးစွာဖြင့် အကောင်းဖက်က ရှုမြင်သည်ဟု တုန့်ပြန်ခဲ့သည်။ ကော်မတီသည် မြန်မာအရေးအား "အထူး သီးသန့်" အစည်းအဝေး ခေါ်ကောင်း ခေါ်နိုင်ဖွယ် ရှိနေ၍ ဖြစ်သည်ဟု ဆိုသည်။

 

သို့သော်လည်း မြန်မာပြည်သူများက ဦးကျော်မိုးထွန်းအား သံအမတ် ကြီး အဖြစ် ဆက်လက် တည်ရှိရေး ကို ထောက်ခံနေကြသည့် အတွက် ပြန်လည် ခန့်အပ်ခြင်း ခံရလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။

 

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ တွင် ပြည်သူများ ဖက်က ကိုယ်စားပြု ရပ်တည်နေမှု သည် အာဏာသိမ်း အဖွဲ့အတွက် ဆူးကြီးတချောင်း စိုက်ဝင်နေသလို ဖြစ်‌ နေသည်။

 

လန်‌ဒန် တွင် အခြေစိုက်သည့် မြန်မာ အရေး တာဝန်ခံမှု ရှိရေး ပရိုဂျက် တာဝန်ခံ ခရစ်စတိုဖာ ဂန်းနက်စ်ကမူ ထိုသတင်းအား အမျိုးသား ညီညွတ်ရေး အစိုးရ အတွက် သံတမန်ရေး အောင်ပွဲဟု ဆိုကာ ပြတ်ပြတ်သားသား ကြိုဆိုလိုက်သည်။ သို့သော် ထုံးစံကို ဖေါက်ဖျက်ပြီး ကုလ လူ့အခွင့်အရေး ကောင်စီ နှင့် နိုင်ငံတကာ တရားရုံးများတွင် ကိုယ်စား ပြုခွင့် မရ ဖြစ်နေမှု ကို ပြင်ဆင်ပေးရန် ပါ တောင်းဆိုလိုက်သည်။

 

ကော်မတီသည် အာဖရိကရှိ နိုင်ဂျား နှင့် ဂါဘွန်တွင် အာဏာ သိမ်းမှု များ ဖြစ်ပွားပြီး အငြင်းပွားဖွယ်ရာများ ရှိလာသဖြင့် အစည်းအဝေး ခေါ်မည်ဆိုက ပြီးဆုံးနိုင်ဖွယ် မရှိဟုလည်း ယူဆဟန်ရှိသည်ဟု ဆိုသည်။

 

ရုရှား နှင့် တရုတ်သည် စစ်ကောင်စီအား ကွယ်ရာတွင် ပရော်ပရီ လုပ်နေကြသော်လည်း လူမြင်ကွင်း တွင် မူ ၎င်းတို့၏ လုပ်ရပ်များကြောင့် ထိန်းထိန်းသိမ်းသိမ်းသာ ဆက်ဆံရဲကြပုံ ရှိသည်။

 

မင်းအောင်လှိုင်သည် နှစ်နှစ် ကျော် ကာလပတ်လုံး သူ၏ အာဏာ တည်မြဲရေး အတွက် သေရေးရှင်ရေး လုံးပမ်းနေရသောကြောင့် အကြမ်းဖက်မှုများ တတ်နိုင်သမျှ လျော့ချရန် တရုတ်၊ ရုရှားတို့ ၏ ဖျောင်းဖျ မှု ကိုလည်း လိုက်နာချင်သော်လည်း မလိုက်နာရဲအောင် ဖြစ်နေသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် သူ့အတွက် အကြီးမားဆုံးဟု ယူဆရမည့် အမှားကြီးကို စတင် ကျုးလွန် လာနေပြီ ဖြစ်သည်။ ယင်းသည် အကျင့်ပျက် လာဘ်စားမှု များကြောင့် ဆိုကာ စစ်ဗိုလ်ချုပ်ကြီးများအား စုံစမ်းစစ်ဆေးလာခြင်းပင် ဖြစ်သည်။ ထိုလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အာဏာတည်မြဲရေးသည် အနီးအနားတွင် ဝန်းရံပေးနေသော စစ်ဗိုလ်ချုပ် ဆိုသူများ၏ သစ္စာခံမှု အပေါ်တွင်သာ လုံးလုံးလျားလျား မူတည် နေသည်ကို မေ့‌လျော့သွားပြီ ဖြစ်သည်။

 

ထိုပုဂ္ဂိုလ်များ၏ သစ္စာခံမှုသည် ‌တိုင်းပြည်နှင့် လူမျိုး အတွက်လည်း မဟုတ်၊ မင်းအောင်လှိုင်လည်း မဟုတ်၊ ငွေရပေါက်ရလမ်း တခုတည်းကိုသာ ဖြစ်‌သည်။ ယင်းကို ပိတ်ဆို့လိုက်ခြင်းဖြင့် စစ်တပ် အထက်ပိုင်း သည် အလိုလို ယိုင်နဲ့လာတော့မည် ဖြစ်သည်။

 

ယခုအခါ မြန်မာနောင်း သတင်းအရ ဦးပိုင် ဒါရိုက်တာ အဖွဲ့မှ ဗိုလ်ချုပ် သုံးဦးလည်း စုံစမ်းစစ်ဆေးခံရသည့် အထဲတွင် ပါဝင်လာသည်ဟု သိရသည်။ စက်သုံးဆီ နှင့် စားသုံးဆီ များ နှင့် သက်ဆိုင်နေသူများဟုသာ သတင်းတွင် ဖေါ်ပြထားသည်။

 

နောက်ထပ် သိရသော သတင်း အရ အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အဖွဲ့သည် တီမော သမ္မတကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံပြင်ပ၌ တွေ့ဆုံခဲ့ကြသည့် ပုံကို တွေ့ရမည် ဖြစ်သည်။

 

တီမောသမ္မတက မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် ထိရောက်သော အကူအညီများ ရရှိစေရေး၊ နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုချက်များအား ထည့်သွင်းပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!