အာချီလီ သံဖနောင့်ကြီး

by Hla Soewai - Sep 22 2023

အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား စစ်ရေးနည်းလမ်းမှ လွဲ၍ အခြားနည်းလမ်း ပေါင်းစုံဖြင့် ဖြုတ်ချရန် အခိုင်အမာ သံန္နိဋ္ဌာန် ချထားသည့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စု နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

လက်ရှိတွင် အနောက်နိုင်ငံများသည် ၎င်းတို့အား ဘဏ္ဍာရေး အရ အသက်ရှု ကျပ် အောင် အဖက်ဖက်မှ တိုက်ခိုက်လာနေသည်။

 

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လည်မြိုကို ညှပ်လာသော ပြုတ်တူကြီး၏ ဒဏ်မှ လွတ်ရာ လွတ်ကြောင်း နည်းမျိုးစုံ ဖြင့် ကြံစည်လာနေကြသည်၊ မည်သူမဆို မိမိတို့ အန္တရာယ်မှ လွတ်ရာ လွတ်ကြောင်း ကြံစည်ကြသည် မှာ သဘာဝ ကျသော်လည်း အဓိကသည်က ရလဒ် ထွက်ပေါ်ခြင်း ရှိမရှိ ပင် ဖြစ်သည်။

 

မြွေပူရာ ကင်းမှောင့် ဆိုသလို အထက်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများ၏ အကျင့်ပျက် လာဘ်စား မှုများသည်လည်း မီးခိုးကြွက်လျှောက် လိုက်လာနေပြီ ဖြစ်သည်။

 

စီးပွားရေး အခြေအနေ ယို့ယွင်းလာနေခြင်းသည် တိုက်လေယာဉ်များ နှင့် ဗုံးကြဲ ဖြေရှင်း၍ မရသဖြင့် ၎င်းတို့ အတွက် ပြိုလဲသွားနိုင့်သည့် အကြီးမားဆုံး အားနည်းချက် အာချီလီ သံဖနောင့်ကြီး ဖြစ်လာနေပြီဟု ဝါရှင်တန်၏ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ မှ Stimson Centre အတွက် အစီရင်ခံစာ ရှည်ကြီး ရေးသားတင်ပြလာခဲ့သည်။

 

ဗဟိုဘဏ် ဆိုသည်ကလည်း တိုင်းပြည်စီးပွားရေး ဦးမော့လာရေးထက် အာဏာသိမ်း အဖွဲ့အတွက် စစ်စရိတ် ရှာဖွေ ဖြည့်တင်းပေးနိုင်ရေးကိုသာ အာရုံထားလျက် ရှိသည်။ စစ်အာဏာသိမ်း အဖွဲ့သည် လက်ရှိ ရနေသော ဝင်ငွေထက် တိုးမလာစေကာမူ လျော့နည်းခံ၍ မရသည့် အနေအထားတွင် ရှိနေသည်။ ၂၀၂၃ ဘဏ္ဍာနှစ် အတွက် စစ်စရိတ်ကို အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ အထိ တိုးမြှင့် သုံးစွဲနေပြီ ဖြစ်သည်။ ထိုပမာဏ သည် ယမန်နှစ်ကထက် ၅၁ ရာနှုန်း မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အဖွဲ့ချုပ်၏ ကာကွယ်ရေး အတွက် အခြေခံ ဘတ်ဂျက် လျာထားမှုသည် စုဆောင်းရရှိခဲ့သော ဝင်‌ ငွေ ဒေါ်လာ သန်း ၁၅၀ ထဲမှ သန်း ၆၀ သာ ရှိပေသေးသည်။

 

NUG အစိုးရ၏ စီမံဘဏ္ဍာ ဝန်ကြီးဌာနသည် ဝင်‌‌ ငွေ စုဆောင်းနိုင်ရေး နှင့် စစ်ကောင်စီ ၏ ဝင်ငွေ ရရာ ရကြောင်းများကို ပိတ်ဆို့သွားရေး ဆိုသည့် တာဝန်ကြီး နှစ်ရပ်ကို တပြိုင်နက်တည်း ထမ်းဆောင်လျက် ရှိနေသည်။ ယခုအခါ မြိုနယ်ပေါင်း ၃၃၀ အနက် ၃၈ မြို့နယ်တွင် အခွန်များ စတင် ကောက်ခံနိုင်ပြီ ဖြစ်သည်။

 

အမေရိကန် ဒေါ်လာသည် အာဏာမသိမ်းမီက တဒေါ်လာလျှင် ၁,၃၀၀ ကျပ်မှ ယခုအခါ ၃,၉၀၀ ကျပ် အထိ သုံးရာ ရာခိုင်နှုန်း ခန့် ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ လူ ပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီများသည် ဒေါ်လာ ၁၀,၀၀၀ ထက် ပို၍ ကိုင်ဆောင်ထားခြင်း မရှိစေရ၊ အစိုးရထံ လာရောက်ရောင်းချရမည်ဟု အမိန့်ထုတ်ထားသည်။

 

၎င်းတို့ကိုယ်တိုင် ထုတ်ပြန်သော စာရင်းဇယားးများအရ ဝင်ငွေခွန်၊ အကောက်ခွန် နှင့် သဘာဝ အရင်းအမြစ်များ တူးဖေါ်ခွင့် မှ ရသော ငှားရမ်းခ များလည်း ကျဆင်းလာနေသည်။

 

၂၀၂၂ ခုနှစ် အလယ်တွင် အစိုးရပိုင် စက်ရုံ အလုပ်ရုံ ၁၀၇ ခုထဲမှ ၅၅ ခုကို အပြင်သို့ ချရောင်းခဲ့ရသည်။ ရှိသင့် ရှိထိုက်သော တန်ဖိုးထက် လျော့ကာ စစ်ကောင်စီ အဖွံ့ဝင်များနှင့် ကရိုနီများ ကို ရောင်းချခဲ့ခြင်းမျိုး ဖြစ်၍ ရာဇဝတ်မှု မြောက်သော လုပ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

 

ဗဟိုဘဏ်ထံမှ စစ်ကောင်စီ၏ ချေးယူသုံးစွဲနေမှု သည် ၂၀၂၁ အတွင်းတွင် ကျပ် တြီလီယံပေါင်း ၁၁.၆၇ ဖြစ်လာပြီး ၃၀၇ ရာနှုန်း အထိ မြင့်တက်သွားခဲ့သည်၊ ၂၀၂၃ ပထမ လေးလပတ် အကုန်တွင် ဗဟိုဘဏ် လက်ထဲတွင် ဒေါ်လာ ၄.၆၅ ဘီလီယံသာ ကျန်တော့သည်။

 

ထိုအခြေအနေကို မည်သို့မျှ ဖုံးဖိထား၍ မရတော့သဖြင့် မင်းအောင်လှိုင် သိရှိလာပြီး ဆောက်တည်ရာ မရ ဖြစ်လာကာ လူ အပြောင်းအလဲများ လုပ်လာပြီး ထင်ရာ မြင်ရာ အပြစ်ပုံချကာ လူဖမ်းပွဲကြီးလည်း ထွက်ပေါ်လာခဲ့သည်။

 

၎င်းတို့လက်အောက်တွင် စစ်ဗိုလ်ချုပ်များ အပါအဝင် မည်သူမျှ စိတ်ချမ်းသာ လက်ချမ်းသာ မနေနိုင်ကြတော့၊ မဖြစ်နိုင်သည့် ဝန်များကို ထမ်းရွက်နေကြရပြီ ဖြစ်သည်။ ရင်းနှီးမြုပ်နှံလို သော ကရိုနီများသည်လည်း ရှေ့ဘာဖြစ်လာမည်ကို မည်သို့မျှ 

 မခန့်မှန်းနိုင်သော အနေအထားမျိုး နှင့် ကြုံလာကြရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် စစ်ရေး အပြင် ၎င်းတို့၏ အဓိက အားနည်းချက် ဖြစ်လာနေသည့် ဝင်ငွေများ လျော့နည်းကျဆင်းလာနေမှု ကို ထပ်မံ ပိတ်ဆို့နိုင်ရန် နည်းလမ်း ၆ မျိုး ဖြင့် ဆောင်ရွက် ‌လာနေပြီ ဖြစ်သည်။

 

(၁) ၎င်းတို့၏ ထုတ်ကုန်များကို သပိတ်မှောက်ရေး။

(ယနေ့ ရုံတင်မည့် မင်းအောင်လှိုင် သမီး ကုမ္ပဏီမှ ထုတ်လုပ်သည့် "အခါလွန်မိုး" လည်း ပါဝင်နေသည်ကို မမေ့လျော့သင့်)

 

(၂) ငွေတိုက်စာချုပ်များနှင့် ရွှေဒင်္ဂါးများ ရောင်းချမှု အား ဟန့်တားရေး။

 

(၃) ‌စစ်ကောင်စီ၏ ထီများ ရောင်းအား ကျဆင်းစေရန် NUG မှ နွေဦး ထီ များ ရောင်းချပေးခြင်း။

 

(၄) ကုမ္ပဏီ ဝင်ငွေ ခွန်များ ကောက်ခံခြင်း၊ ရင်းနှီးမြုပ်နှံမှုများအား ဟန့်တားခြင်း။

 

(၅) သဘာဝ အရင်းအမြစ်များ တူးဖေါ် လုပ်ကိုင်ခွင့် အတွက် ပေးရငွေများကို သီးခြား ယာယီ ထိန်းသိမ်းထားမည့် ငွေစာရင်းများ သို့ လွှဲပြောင်းပေးရန် ဆောင်ရွက်နေခြင်း။

 

(၆) ပြည်ပတွင် အပ်နှံထားသော စစ်ကောင်စီ၏ ငွေများကို သိမ်းယူခြင်း၊ ထုတ်ယူခြင်း အား ရပ်ဆိုင်းပစ်ရေး များ အတွက် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း။

 

အစရှိသည်တို့ ဖြစ်သည်။ ထိုအချက်တခုချင်းစီအား မည်သို့ဆောင်ရွက်နေသည်ကို အသေးစိတ် ဖေါ်ပြထားသော်လည်း စာရှေမည် ဖြစ်၍ ချန်လှပ်ထားခဲ့သည်ဟု ပြောလိုပါသည်။

 

စစ်ရေး တွင် ၎င်းတို့ အတွက် မိမိတို့ အသက်ကို စွန့်လွှတ်ပေးရန် ဝန်မလေး သော သူများ ရှိနေဆဲ ဖြစ်‌၍ အနေအစား အတန်ငယ် ချောင်နေသေးသော်လည်း ဝင်ငွေ နှင့် နိုင်ငံခြား အရံငွေများ ကျဆင်းလာနေမှု က ထိုလူများကို အသုံးချ၍ မရ ဖြစ်နေသည်။

 

ထိုအစား မင်းအောင်လှိုင်သည် သူယုံကြည်စိတ်ချရသော စစ်ဗိုလ်ချုပ်များ၊ စီမံဘဏ္ဍာမှ ဒုဝန်ကြီး ဆိုသူ မောင်မောင်ဝင်း၊ ဗဟိုဘဏ် ဥက္ကဌ သန်းသန်းဆွေတို့ကိုသာ အားကိုးအားထား ပြုနေရရှာပြီ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်ကို အတိုချုပ် တင်ပြလိုက်ပါသည်။

 

လက်ရှိ ၎င်းတို့ ပြည်သူများ အပေါ် ဆင်နွှဲနေသော စစ်ပွဲကြီး သည် မည်သို့မျှ နိုင်ခြေ မရှိတော့ သည်ကို စစ်ဆင်ရေး များ အား ဦးဆောင်နေသော စစ်ခေါင်းဆောင် ပိုင်းမှ သဘောပေါက်လာပြီး စေ့စပ်‌ဆွေး နွေး လာမှသာ အမြန်ဆုံး အဆုံးသတ်တော့မည် ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။

 

 NUG သည် တဖက်တွင်လည်း စစ်ရေး အရှိန်ကို မြှင့်တင်လာ‌ နေပြီ ဖြစ်၍ ပြည်သူများ အနေဖြင့် လက်ရှိ စည်းလုံးညီညွတ်နေမှု အား ဆက်၍ ထိန်းထားနိုင်မည်ဆိုလျှင် ထိုအခြေအနေ ဖြစ်လာဖို့ ကြာကြာစောင့်ရတော့မည် မဟုတ်ပေ။

 

ပြည်သူများ၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!