ရှောင်တန်နဲလ် ပြောသည့် စစ်စရိတ်ရှာ စီးပွားရေး

by Hla Soewai - Sep 21 2023

ယခု ဖေါ်ပြမည့် အကြောင်းအရာသည် မစ္စတာ ရှောင်တန်နဲလ် အား ဧရာဝတီ မှ တွေ့ဆုံမေးမြန်းခဲ့ရာ မှ လက်ရှိ မြန်မာ စီးပွားရေး အနေအထား အစစ်အမှန် နှင့် လားရာ ကို လယ်ပြင်တွင် ဆင်သွားသလို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ဖေါ်ပြထားခဲ့သည်များကို အကျဉ်းချုပ် တင်ပြထားပါသည်။

 

**မြန်မာ စီးပွားရေး အနေအထား

 

“ကပ်ဘေး” ကြီး ဆိုက်နေပြီဆိုတဲ့ စကားကို သုံးချင်ပါတယ်၊ ဒါဟာ အတိသယဝုတ္တိ လင်္ကာ နဲ့ ပြောတယ်လို့ ယူဆလို့ကို မရတော့ပါဘူး။ ဘယ်နေရာကိုပဲ ကြည့်ကြည့် အားလုံး အနှုတ်လက္ခဏာ ပြနေပါတယ်၊ ၂၀၂၀ နဲ့ ၂၀၂၁ မှာ စီးပွားရေး တိုးတက်မှု နှုန်း ရ ၇ ရာနှုန်း တိုးတက်လာဖို့ ရှိနေပေမယ့် ကိုဗစ် ရောက်လာပြီး ၂၀၂၀ မှာ ၁.၈ ရာနှုန်း အထိ ထိုးဆင်းသွားပါတယ်၊ ကိုဗစ် က ကမ္ဘာနဲ့ အဝှမ်း ကြုံခဲ့ရတာ ဖြစ်လို့ အစိုးရတွေက ပေါ်လစီ ကောင်း တွေ ချပြီး လမ်းကြောင်း ပေါ် ပြန်တင်ပေးနိုင်ခဲ့တာ များပါတယ်၊ ကျွန်တော်တို့လည်း အနည်းဆုံး ၆,၇,၈ ရာနှုန်း လောက်အထိ သွားဖို့ မျှော်လင့်ထားပြီး ဒုတိယ သက်တမ်း မှာ ပထမသက်တမ်း အတွင်း မလုပ်ခဲ့ရတာတွေ အရှိန်မြှင့်ပြီး မရမနေ လုပ်သွားဖို့ အစီအမံတွေ ချထားပြီး ဖြစ်ပါတယ်။

 

၆,၇ ရာနှုန်းလောက် ရောက်မလာခဲ့ရင် ကျွန်တော်တို့ အတော်ကို စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါတယ်၊ အခုတော့ တိုင်းပြည်စီးပွားရေး ဟာ ၃၀ ရာနှုန်း အနှုတ်လက္ခဏ ပြနေပါပြီ၊ ၃၀ ရာနှုန်းအထိ မဟုတ်ရင်တောင် ၂၀ ရာနှုန်း ကျော်နေတာက တော့ သေချာနေပါပြီ။

 

လူတွေဟာ ပုံမှန်အတိုင်း ရှိသင့်နေတဲ့ အနေအထားကနေ သုံးပုံတပုံ လောက် ပိုပြီး ဆင်းရဲသွားပြီ ဖြစ်ပါတယ်၊ ဆိုလိုတာကတော့ အားလုံးဟာ ဝင်ငွေ အသီးသီးရဲ့ သုံးပုံတပုံလောက် ဖြိုလဲခံလိုက်ရတာပါပဲ။

 

အခွန်ငွေကလည်း သိသိသာသာ ကျဆင်းလာတဲ့အတွက် ဘတ်ဂျက်လိုငွေပြမှုကလည်း အတိုင်းအဆမရှိ ဖြစ်လာနေပါတယ်၊ ငွေတိုက်စာချုပ် ချရောင်းတာကလည်း သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဘဏ်တွေကလည်း ဝယ်ထားနိုင်တဲ့ အနေအထား မရှိ ဖြစ်နေပါတယ်၊ ဒီတော့ ငွေကြေး မတည်မငြိမ် ဖြစ်လာပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းကလည်း အာဏာမသိမ်းခင်ကထက် တဝက်ကျော်ကျော် ထိုးကျသွားပါတယ်။

 

ကုန်သွယ်ရေး ဖက်မှာလည်း အခြေမလှ ဖြစ်လာနေတယ်၊ ဓါတ်ငွေ့က ရတဲ့ ဝင်ငွေနဲ့ အနည်းငယ် ကျားကန်ပေး ထားနိုင်သေးတယ်၊ ဒါကလည်း ဟိုက်ဒရို ကာဘွန်ဈေးတွေ ကမ္ဘာအနှံ့တက်လာနေလို့ပဲ၊ လယ်ယာ စိုက်ပျိုးရေး အနေအထားကလည်း ထိုးကျနေတယ်၊ တဖက်မှာ အထည်ချုပ်လုပ်ငန်းတွေ ပြန်ဦးမော့လာနေတာတော့ ရှိပါတယ်၊ အားလုံးကို ခြုံပြောရရင်တော့ အခြေအနေ မကောင်းလှဘူး။

 

လူတွေက စီးပွားရေးကို တရားဝင် ကနေ တရားမဝင် နယ်ပယ် informal economy ထဲကို ရွေ့ပြောင်းလာကြပါတယ်၊ (informal economy ဆိုတာက အစိုးရ က စောင့်ကြည့်ပြီး အခွန်ကောက်လို့ မရတဲ့ အနေအထားမျိုးကို ဆိုလိုပါတယ်။)

 

နောက်ထပ်တခုက အခွင့်အရေး တွေ ဆုံးရှုံးသွားတာပါပဲ၊ ၂၀၂၀ အတွင်း မှာ လူငယ်ပညာတတ်တွေက သူတို့ ဘယ်လို အလုပ်မျိုး တွေ မှာ ဝင်လုပ်ကြမယ် ဆိုတာ ကောင်းကောင်းကြီး ရွေးချယ်ပိုင်ခွင့်တွေ ရှိထားခဲ့ရာကနေ အခုတော့ နိုင်ငံပြင်ပကို လေနှင့်အတူ လွင့်မျောကုန်ကြပြီ၊ ပညာကို တန်ဖိုးကြီးကြီး ပေးပြီး သင်ယူခဲ့ရတဲ့ လူတွေလည်း အခုဆို ရှေ့တန်း ဒါမမဟုတ် ထောင်ထဲ ရောက်ကုန်ကြတယ်၊

 

ဒါတွေ ဟာ ကပ်ဘေး ဆိုက်နေတာပါပဲ၊ မြန်မာပြည် နဲ့ ပတ်သက်ပြီး ကျွန်တော် အတော်လေး စိတ်ထဲ တနုံ့နုံ့ နဲ့ ခံစားနေရပါတယ်၊ အထူးသဖြင့် လူ့အသက်တွေ ဆုံးရှုံးနေရတာကိုပါ၊ လက်ရှိ စီးပွားရေး အနေအထား နဲ့ အရင် လူတွေ မျှော်လင့်ထားခဲ့တာ နှိုင်းကြည့်မယ် ဆိုရင် မျက်ရည်တောက်တောက် ကျသွားနိုင်ပါတယ်။

 

**တလွဲတချော် စီးပွားရေး စီမံခန့်ခွဲမှု

 

သေချာ တွေးကြည့်မယ် ဆိုရင် မူဝါဒပိုင်း မှာ အလွဲလွဲ အချော်ချော် စီမံခန့်ခွဲနေတယ်လို့တောင် ပြောလို့ မရတော့ဘူး၊ ထိခိုက်နစ်နာတာတွေ များနေပြီ၊ တကယ်တမ်း သူတို့ က တိုင်းပြည်စီးပွားရေး ကို စစ်စရိတ် ရှာဖို့ “war economy” အတွက် လုပ်လာပြီး ကျန်တာတွေ အားလုံးကို လျစ်လျူ ရှု၊ အလွဲသုံးစား လုပ်နေကြတာပဲ ဖြစ်တယ်၊ ဒီတော့ ရည်ရွယ်ချက် ရှိရှိ “စီမံခန့်ခွဲနေမှု” လို့ ပြောလို့ရတယ်၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ အားလုံးကို စစ်စရိတ်ရဖို့ တမင်တကာ ကို ရွှေ့ပြောင်းနေတာ ဖြစ်လို့ စီးပွားရေး ဟာ ကြောက်ခမန်းလိလိ ဆိုးဝါးလာတာပဲ။

 

စီးပွားရေး ရှု့ထောင့်က ပြောမယ်ဆိုရင် သာ ‘တလွဲတချော် စီမံခန့်ခွဲမှု” လို ယေဘုယျ ပြောလို့ရတယ်၊ အိမ်နီးချင်း နိုင်ငံတွေ အားလုံး က ကိုဗစ် ကနေ ပြန်ပြီး ခေါင်းထောင်လာနိုင်တာကို တွေ့နေရတယ်။ ဒီအရေးကို ဖြေရှင်းဖို့ အခြားနိုင်ငံတွေလိုပဲ အစိုးရရဲ့ အစီအမံတွေ ချထားတွေ အားလုံး အာဏာသိမ်းမှု ကြောင့် ပျက်စီးသွားခဲ့ရတယ်၊ ကိုဗစ်ကို လည်း ဆိုးဆိုးရွားရွား ကိုင်တွယ်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဖိနှိပ်လာခဲ့တယ်။

 

ကိုယ့် ပတ်ပတ်လည် မှာ ရှိတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုင်းပြည်စီးပွားရေး ဘယ်လောက်အထိ ထိခိုက်ပျက်စီးနေတယ် ဆိုတာ သိသာနေတယ်၊ ဒါကို “စီးပွားရေး တလွဲတချော် စီမံခန့်ခွဲမှု” လို့ ပြောနိုင်ပါတယ်။

 

**နိုင်ငံခြား အရံငွေ

 

၂၀၂၃ မတ်လ အထိ နိုင်ငံခြား အရံငွေ ဒေါ်လာ ၆.၈ ဘီလီယံ အထိ ရှိနေပြီး တဝက်ကျော်လောက်က စင်္ကာပူ ဘဏ်တွေ ထဲမှာ ရှိနေပါတယ်။ အာဏာသိမ်း အဖွဲ့ အနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိ ထုတ်ယူ နိုင်မလဲ၊ ဒါတွေကို နိုင်ငံတကာ က ပိတ်ဆို့လာရင် ကော သူတို့ ဘာတွေ လုပ်နိုင်မလဲ။?

 

ဒါတွေအားလုံးကလည်း ကိုယ်တကယ် ထုတ်ယူနိုင်မှသာ တန်ဖိုး ရှိတာပါ၊ ရွှေလို ပစ္စည်းမျိုး အပ်ထားတာကို ထုတ်ယူပြီး ဗဟိုဘဏ်မှာ သိမ်းထားလို့ ရပေမယ့် နိုင်ငံခြားငွေ ဆိုတာ ပြည်ပ အကောင့် ထဲမှာ ရှိနေမှ တန်ဘိုး ရှိနေတာမျိုး ပါ၊ ဒါတွေကို ကိုယ်က ထုတ်ယူလို့ မရရင် ဘာမှ တန်ဖိုး မရှိဘူးလို့ ပြောရမှာ ဖြစ်တယ်။

 

အမေရိကန် ဗဟိုဘဏ်မှာ အပ်နှံထားတဲ့ ပိုက်ဆံတွေ ထုတ်ယူခွင့် ရပ်ဆိုင်းလိုက်တာ မျိုး ဆိုရင် ထုတ်ယူပိုင်ခွင့် မရှိတော့ပေမယ့် ရွှေ့ပြောင်းလို့ ရပါတယ်၊ အမျိုးသား ညီညွတ်‌ရေး အစိုးရ ကနေ ရွှေ့ပြောင်းလက်ခံခွင့် ရအောင် ဘဏ္ဍာရေး ပိုင်း စီမံခန့်ခွဲမှု ပိုင်းနဲ့ ချည်းကပ် ဆောင်ရွက်နေပါတယ်၊ ဒီလို ခွင့်ပြုဖို့ ကလည်း အမေရိကန် တနိုင်ငံထဲ ရှိပြီး အခြားနိုင်ငံတွေကတော့ လိုက်လုပ်ဖို့ မရှိပါဘူး၊ ဒါ့အပြင် သူတို့ဆီ အပ်ထားတဲ့ ငွေတွေကိုလည်း ပိတ်ဆို့ ထားမှာ မဟုတ်ပါဘူး၊

 

တကယ်လို့ စင်္ကာပူ က လုပ်လာတာမျိုး ရှိရင်တော့ အခြေအနေတွေ ခုန်ပျံကျော်လွှား ပြောင်းလဲသွားနိုင်ပါတယ်၊ စစ်တပ်အနေနဲ့လည်း သူတို့ ပိုင်ဆိုင်မှု ကို အလွယ်တကူ အခြားကို ရွှေ့ဖို့ဆိုတာလည်း လွယ်ကူတဲ့ လုပ်ငန်းစဉ်မျိုး မဟုတ်ဖူး ဖြစ်နေတယ်။ အာဏာသိမ်း အဖွဲ့ အနေနဲ့ ဒီအရံငွေတွေကို အပြည့်အဝ ထုတ်ယူ သုံးစွဲ နိုင်မှု ရှိမရှိက မေးစရာ ဖြစ်လာပါတယ်။

 

ဘဏ်တခုမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ နဲ့ အကောင့် ဖွင့်မယ် ဆိုရင် ဒီငွေတွေဟာ ဘဏ်ရဲ့ ဝင်‌ငွေထွက်ငွေ ရှင်းတမ်းမှာ ဂဏန်းတခု အနေနဲ့ ရှိနေမှာ ဖြစ်တဲ့ ပိုင်ဆိုင်မှု မျိုး ဖြစ်သွားပါတယ်။ ဒီငွေတွေ ထုတ်ယူ သုံးစွဲနိုင်ဖို့က စာရင်း ဖွင့်သူ နဲ့ ဘဏ်အကြား ဆက်ဆံရေး ပေါ် မူတည်သွားပါတယ်၊ ဘဏ်က ထုတ်ယူခွင့် ပြုမှသာ တန်ဖိုး ရှိတဲ့ ပိုင်ဆိုင်မှု မျိုး ဖြစ်သွားမှာပါ၊ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် စင်္ကာပူ ကို သိမ်သိမ်မွေ့မွေ့ ချည်းကပ်နေတာလည်း ဖြစ်ပါတယ်။ အနည်းဆုံးကတော့ ဒဏ်ခတ်ခံထားရတာ မျိုး မရှိရင်တောင်မှ စစ်အာဏာသိမ်း အဖွဲ့ အနေနဲ့ ဒီလို အလွယ်တကူ ထုတ်ယူ နိုင်စွမ်း ရှိမရှိ အပေါ် သူတို့ စိတ်ထဲ သံသယ တွေ ရှိလာနိုင်ပါတယ်။

 

**ထောင်တွင်း အတွေ့အကြုံ

 

ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော် စာအုပ်ကို ရက်သတ္တပတ် အနည်းငယ် အတွင်း ပင်ဂွင်း စာအုပ်တိုက်ကြီး ကနေ ဖြန့်ချီဖို့ ရှိနေပါတယ်၊ အဓိက ကတော့ အဖမ်းခံခဲ့ရတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၆ ရက်ကနေ့ လွတ်လာတဲ့ အချိန်အတွင်း တွေ့ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့ အခြေအနေတွေ၊ ထောင်တွင်း နဲ့ မတော်မတရား တရားစီရင်ခဲ့ပုံ တွေ အားလုံး ပါဝင်လာမှာပါ၊ နောက်ပြီး စီးပွားရေး ပြုပြင် ပြောင်းလဲဖို့ အတွက် ကျွန်တော်တို့ စီစဉ်နေခဲ့တာတွေ နဲ့ ပတ်သက်ပြီးလည်း ရေးထားပါတယ်၊ ကျွန်တော် ထောင်က ထွက်လာပြီး ပြောတာတွေကို သူတို့ မကြိုက်ဖူး၊ အခုလည်း စာအုပ် ထွက်လာတဲ့ အခါကျရင် စစ်အာဏာသိမ်း အဖွဲ့ ထွန့်ထွန့်လူးအောင် ဖြစ်သွားမှာ ကြိမ်းသေပါတယ်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!