နေပြည်တော်မှသည် တိုကျို၊ နုရင်ဘတ်ဆီသို့

by Hla Soewai - Sep 21 2023

ယမန်နေ့က ဂျီနီဗာ တွင် ကုလ လူ့အခွင့်အရေး ကောင်စီ၏ ညီလာခံကို စတင် ကျင်းပခဲ့ရာ လူ့အခွင့် အရေး များ တစထက် တစ ချိုးဖောက်ခံနေရသော သီရိလင်္ကာ နှင့် လူ့အခွင့် အရေး ဟူ၍ ဂြိုလ်နှင့်လားဟူ၍ မေးရလောက်အောင် စစ်တပ်၏ လက်နက်အားဖြင့် နိုင်ထက်စီးနင်း အုပ်ချုပ်ခြင်း ခံနေရသော မြန်မာ နိုင်ငံ အကြောင်းများကို တက်ရောက်လာကြသော အဖွဲ့ဝင် နိုင်ငံ အသီးသီး မှ ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အကြီးအကဲ နီကိုလပ်စ် ကူမီဂျီယံ မှ ပြောကြားရာတွင် မြန်မာ စစ်တပ် ကျုးလွန်သော စစ်ရာဇဝတ်မှုများ၊ လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှုများသည် ယခင်နှစ်များကထက် ပို၍ စိတ်လာပြီး ပို၍လည်း ပြင်းထန်လာသည်ဟု ပြောဆိုသွားခဲ့သည်။

 

ထိုအထဲတွင် ပြောင်ပြောင်တင်းတင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တွေ့ရာမြင်ရာ ပစ်ခတ်ခြင်းများကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရခြင်း၊ ဖမ်းဆီးမိသည့် တဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ကွပ်မျက်ခြင်းများ တိုး၍ ဖြစ်ပေါ်လာခြင်း၊ အိမ်များ နှင့် ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ မီးတင်ရှို့ခြင်း အစရှိသည် ပြစ်မှု များ ပါဝင်နေသည်။

 

ထိုအကြောင်းများကို ကဏ္ဍသုံးခုခွဲ၍ အသေးစိတ် လေ့လာဆန်းစစ်ချက်များကို ညီလာခံတွင် တင်သွင်း ဆွေးနွေးသွားခဲ့သည်။ ထိုသို့ တင်ပြနိုင်ရန် သက်သေ အထောက်အထားများကို နှစ်ပေါင်းများစွာ စု‌ ဆောင်းထားရှိခဲ့ပြီး ကျုးလွန်သူများကို အနှေး နှင့် အမြန် ဆိုသလို တရားဥပဒေ အတိုင်း စီရင်ခြင်း ခံရတော့မည် ဖြစ်သည်။

 

အဆိုပါ သတင်းကြောင့် စစ်ရာဇဝတ်သားများ ဖြစ်သည့် နာဇီ စစ်ဗိုလ်ချုပ်များကို ရုံးတင်စစ်ဆေးခဲ့သည့် ကမ္ဘာကျော် နုရင်ဘတ် စစ်ခုံရုံး အကြောင်း အနည်းငယ် တင်ပြရန် စိတ်ကူးပေါ်လာခဲ့သည်။

 

နုရင်ဘတ် စစ် ခုံရုံး

 

အချိန်ကား ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ကိုးနာရီ တွင် ဖြစ်သည်။ ထိုနေ့ မနက်သည် သမိုင်းတွင် နုရင်ဘတ် စစ်ခုံရုံးအဖြစ် တွင်ကျန်ရစ်တော့မည့် တရားခွင်၏ အပြီးသတ် စီရင်ချက် ချမည့် နေ့လည်း ဖြစ်သည်။

 

ထိုတရားခွင်၏ ရည်ရွယ်ချက်သည် ရာဇဝတ်သားများ ဖြစ်သော နာဇီ ထိပ်တန်း စစ်ဗိုလ်ချုပ်များအား တရားစွဲဆို အပြစ်ပေးနိုင်ရန်သာ မက ၎င်းတို့ မည်မျှ အထိ ဆိုးသွမ်း ယုတ်မာခဲ့သည်များကို ကမ္ဘာတဝှမ်း သိရှိနိုင်ရန် အတွက် ဖြစ်သည်ဟု ဖေါ်ပြထားသည်။

 

တရားခွင် ‌အား ဂျာမဏီ ရှိ နုရင်ဘတ် မြို့ တရားရေး နန်းတော် အဆောက်အဦး အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နာဇီ စစ်ရာဝတ်သား တရားခံများ သည် ၎င်းတို့ အတွက် သတ်မှတ်ပေးထားသော ဝက်ခြံ အတွင်း ထိုင်နေကြသည်။ သူတို့ နောက်တွင်တော့ အဖြူရောင် သံခမောက်များကို ဆောင်းထားသည့် အမေရိကန် အစောင့် တပ်သားများက လက်ကို နောက်ပစ်၍ မလှုပ်မယှက် ရပ်နေကြသည်။ ၎င်းတို့အား လက်နက်တစုံတရာ ကိုင်ဆောင်ခွင့် မပြုခဲ့၊ ဤသည်မှာလည်း တရားခံထဲမှ တယောက်ယောက်က ထ ပြီး လုလားယက်လား လုပ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်၊ အစောင့်တပ်သားများ အတွက် အခြေအနေကို ထိမ်းသိမ်းနိုင်ရန် နံပတ်တုတ် များကိုသာ ကိုင်ဆောင်ခွင့် ပြုထားသည်။

 

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှား တို့မှ တရားသူကြီး များ ပါဝင်ပြီး တရားသူကြီးချုပ် အဖြစ် ဗြိတိန်မှ ဆာ ဂေါ့ဖရေး လောရင့်စ် မှ ဆောင်ရွက်ခဲ့သည်။

 

တရားလို ရှေ့နေချုပ် အဖြစ် အမေရိကန် ဗဟို တရားရုံးချုပ် တရားသူကြီး ရော်ဘတ် အိပ်ခ်ျ ဂျက်ဆန်က ဆောင်ရွက်သည်။ ဂျက်ဆန် သည် သူ၏ အစီရင်ခံစာကို သမ္မတ ဖြစ်သူ ဟာရီ ထရူးမင်းထံ တင်သွင်းရဖို့ ရှိနေသည်။

 

နုရင်ဘတ် တရားခွင်အား ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်၍ စုစုပေါင်း ၂၁၆ ရက် ကြာညောင်းခဲ့သည်။ တရားလိုပြ သက်သေ အဖြစ် ၃၃ ယောက်ကို ခေါ်ယူခဲ့သည်။ တရားခံများဖက်မှ လိုက်ပါ ထွက်ဆိုခဲ့သည့် သက်သေ ၆၁ ဦး၊ တရားခံများထဲမှ ကိုယ်တိုင် ထုချေ လျှောက်လှဲခဲ့သူ ၁၉ ဦး ရှိခဲ့သည်။ သို့သော် ထိုမျှ နှင့် မလုံလောက်သေး၍ တရားခံများဖက်က နောက်ထပ် သက်သေ ၁၄၃ ဦး အား ထပ်မံ ခေါ်ယူခဲ့သည်။ ဤသည်ကို ကြည့်က ၎င်းတို့အတွက် တရားမျှတစွာ စိတ်ကြိုက် ခုခံကာကွယ်‌ပိုင်ခွင့် ပေးခဲ့သည်ကို တွေ့နိုင်ပေသည်။

 

တရားခွင်အတွက် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် နှင့် ရုရှားဘာသာစကား များ အသုံးပြုခဲ့သည်။ တရားလို ဖက် နှင့် တရားခံများအတွက် ၎င်းတို့ နှစ်သက်ရာ ဘာသာတခုခု ဖြင့် ထွက်ဆိုချက်မှတ်တမ်း များကို ဘာသာပြန် ပေးခဲ့သည်။ ထိုအထဲတွင် အင်္ဂလိပ်ဘာသာ ဖြင့် ပြန်ဆိုထားသည့် တရားခွင် မှတ်တမ်းသည် စာမျက်နှာပေါင်း ၁၇,၀၀၀ ခန့် ရှိခဲ့သည်။

 

တရားခွင် အတွက် သက်သေတင်ပြနိုင်ရန် ဂျာမန်များထံမှ သိမ်းဆည်းရမိခဲ့သော စာရွက်စာတမ်းပေါင်း ၁၀,၀၀၀ ခန့်ထဲမှ အသေးစိတ် စုံစမ်း စစ်ဆေးပြီး သက်သေ အဖြစ် ၁,၈၀၀ ခန့်အား ရွေးထုတ် တင်ပြခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိထားသည့် ဂျာမန် စစ်တပ်မှ လူပေါင်း ၂၅,၀၀၀ ၏ ဓါတ်ပုံများကိုလည်း သက်သေ အဖြစ် တင်သွင်းခဲ့သည်။ ထိုဓါတ်ပုံများကို အများဆုံး ရိုက်ကူးပေးခဲ့သည့် ဟစ်တလာ၏ လက်စွဲ ဓါတ်ပုံဆရာ အားလည်း နုရင်ဘတ် တရားရုံးသို့ ခေါ်ယူလာခဲ့သည်။

 

ဂျာမန်များသည် မှတ်တမ်းမှတ်ရာ များ ကို စနစ်တကျ ပြုစု သိမ်းဆည်းထားတတ်သူ များ ဖြစ်၍လည်း သက်သေ မှတ်တမ်း အားလုံးလိုလိုသည် တရားခံများဖက်မှ ပြုစုထားခဲ့သည်များသာ ဖြစ်နေသည်။

 

အဒေါ့ဖ် ဟစ်တလာ၊ ဂျိုးစက် ဂိုဘဲလ် နှင့် ဟင်းနရစ်ချ် ဟင်းမလား တို့သည့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပြီ ဖြစ်၍ တရားခွင်သို့ ရောက်မလာနိုင်ကြတော့ပေ။

 

နုရင်ဘတ် တရားခွင်သည် တကမ္ဘာလုံး အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ နေ့စဉ်လို တရားခွင်သို့ လာရောက် နားထောင်သူ ပျမ်းမျှ ၄၀၀ ခန့် ရှိသည်။ နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ သတင်းဌာနပေါင်း ၃၀၀ မှ သတင်းထောက်များ နေ့စဉ်လို သတင်းများ တက်ရောက် ရယူခဲ့သည်။

 

ထိုအထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ် အားလုံးစောင့်စားနေသည်က ၁၉၄၆ မတ်လ ၁၃ ရက်နေ့တွင် ရုံးတော်၌ ကိုယ်တိုင် ထုချေမည့် ဟာမင်း ဂိုရင်း၏ ထွက်ဆိုချက်ပင် ဖြစ်သည်။

 

သူ့အား ၁၉၄၅:မေလ ၉ ရက်နေ့တွင် အမေရိကန် အမှတ် (၇) တပ်မ၏ တင့်ကားဖျက် တပ်ရင်း ၆၉၆ မှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ဂိုရင်းသည် သူ၏ လွတ်မြောက်ရေး အတွက် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ နှင့် တိုက်ရိုက်ဆွေးနွေးခွင့် ရလိမ့်မည်ဟု မှားယွင်းစွာ ယုံကြည်ကာ ဘာဗေးရီယား တောင်တန်းများ တဝိုက် တပ်စွဲထားသော စစ်ဌာနချုပ်သို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

 

သူသည် ဂျာမန် လေတပ် စစ်ဦးစီးချုပ်လည်း ဖြစ်ပြီး ၁၉၄၁-၄၅ အတွင်း ဟစ်တလာပြီးလျှင် အာဏာအရှိဆုံး ဒုတိယ အဓိပတိ အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အတွက်လည်း သူ၏ ချေပချက်ကို အားလုံးက အာရုံစိုက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

 

သူ၏ ကိုးရက်ကြာအောင် မာရသွန် ထွက်ဆိုချက်များ ဖြင့် ပရိသတ်ကို စွဲဆောင်နိုင်ခဲ့ပြီး ဖီလော်ဆိုဖီများ ပါ ထည့်သွင်းပြီး အကျယ်တဝင့် ပြောဆိုသွားခဲ့၍ ပူးတွဲ တရားခံ စစ်ဗိုလ်ချုပ်ကြီးများပင် ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ ၎င်းအား ရွံရှာသွားသည် အထိ ဖြစ်ခဲ့ကြရသည်။

 

သူသည် ဖြစ်ခဲ့သည်များကို တာဝန်ယူသော်လည်း သူ့အောက်လက်ငယ်သားများ ကျုးလွန်ခဲ့သည့် ပြစ်မှု တခုချင်း အတွက် တာဝန်မယူ၊ သိလည်း မသိ၊ ဟစ်တလာပင် မသိခဲ့ဟု ဆရာသမား ဖက်ကပင် ကာကွယ် ထွက်ဆိုသွားခဲ့သည်။ သူ၏ ပြုမူချက် မှန်သမျှသည် ဂျာမန် ပြည်သူများ ၏ ဘဝ ပျော်ရွင်ရေး၊ လွတ်မြောက်ရေး အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ ဘုရားသခင် နှင့် ဂျာမန် ပြည်သူများကို တိုင်တည်ပါသည်ဟု လျှောက်လှဲသွားခဲ့သည်။

 

အပြီးသတ် စီရင်ချက် ချသည့် အောက်တိုဘာ ၁ ရက်နေ့တွင် ၎င်း အပါအဝင် တရားခံ ၁၂ ဦး စလုံးအား ‌ကြိုးမိန့်‌ ချမှတ်ခဲ့သည်။ သုံးဦးအား တသက်တကျွန်း၊ လေးဦးအား ထောင်ဒဏ် ဆယ် နှစ်မှ အနှစ်နှစ်ဆယ် အကြား ချမှတ်ခဲ့ပြီး သုံးဦးအား တရားသေ လွှတ်ခဲ့သည်။

 

သေဒဏ်ကို အမိန့်ချမှတ်ပြီး နှစ်ပတ် အတွင်း အကောင်အထည် ဖေါ်ခဲ့ကြ၍ ဂိုရင်းသည် သူ၏ နောက်ဆုံး ညစာကို အောက်တိုဘာ ၁၅ ရက် ည ၁၀:၃၀ တွင် သုံးဆောင်နေရပြီ ဖြစ်သည်၊ ဟာမင်းသည် သူ့အား ကြိုးမိန့်အစား ကွပ်မျက်ရေး သေနတ် တပ်ဖွဲ့ဖြင့် စီရင်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့မှု အား ပယ်ချခဲ့၍ ကြိုးမိန့်ပေးကာနီး နာရီပိုင်း အလိုတွင် ထောင်တွင်းသို့ ခိုးသွင်းလာခဲ့သည့် ဆိုင်ယင်နိုက် ဆေးပြားဖြင့် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်။

 

စိတ်ဝင်စားစရာ အကောင်းဆုံးကား ပြစ်မှု များကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့ကြသည့် အောက်လက်ငယ်သားများ အစား အထက်က တာဝန်ရှိသူများကို ပေးခဲ့ကြခြင်း ဖြစ်သည်။ 

 

နောက်ပိုင်းတွင် နုရင်ဘတ် တရားခွင်ကို ၁၉၄၉ အထိ ဆက်လက် ပြုလုပ်ခဲ့ပြီး နာဇီ အာဏာရှင် စနစ်အား ထောက်ခံခဲ့ကြသည့် ဝါဒဖြန့် စာအုပ်စာတမ်း ထုတ်ဝေသူများ၊ စက်မှု လုပ်ငန်းရှင်ကြီးများ၊ ဘဏ်သူဌေး များ၊ ရဲမှုးများ၊ သံအမတ်များ နှင့် နိုင်ငံရေး သမားများ စုစုပေါင်း ၁၇၇ ဦး အား တရားစီရင်ခဲ့ပြီး ထိုအထဲတွင် ၂၄ ဦးသည် ကြိုးမိန့်ပေးခံရသူ များ စာရင်းတွင် ပါဝင်သွားခဲ့ခြင်းပင် ဖြစ်သည်။

 

မြန်မာတွင်တော့ မင်းအောင်လှိုင် ကိုယ်တိုင် ပြုစုပြီး ဘွဲ့ထူး ဂုဏ်ထူးများ ပေးခဲ့သူများက ရာပေါင်းများစွာ ရှိနေပေသည်။

 

ဂျပန် စစ်ရာဇဝတ်သား ဗိုလ်ချုပ်ကြီး များ အတွက်ကိုမူ တိုကျို စစ်ခုံရုံးကို ဖွင့်လှစ်၍ အလားတူ တရားစီရင်ခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!