မိုက်ကြေးခွဲ နေရရှာပြီ

by Hla Soewai - Sep 21 2023

စစ်ခေါင်းဆောင်များသည် ၎င်းတို့ အနွယ်တော် လူတန်းစားများ တသက်တာလုံး လူပေါ်‌လူဇော် လုပ်ကာ ကြွယ်ဝချမ်းသာရေး အတွက် ရည်ရွယ် တည်ဆောက်ထားသော လူနေမှု အဆောက်အအုံကြီးကို အ‌ ကြောက်အကန် ခုခံကာကွယ်သွားမည် ရည်ရွယ်ထားပြီး ဖြစ်၍ ၎င်းတို့ တချိန်လုံး ဖုံးကွယ်ထားသော ဖက်ဆစ်နာဇီ အစွယ်များ တဖွေးဖွေး ပေါ်လာရခြင်းလည်း ဖြစ်ပေသည်။

 

သို့သော် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများသည် ဖယောင်းတိုင် မီးကို လေနှင့် မှုတ်လျှင် ငြိမ်းသည်ဆိုသော အသိဖြင့် ယခုအခါ ၎င်းတို့ ရင်ဆိုင်တွေ့ကြုံနေရသော မီးတောက်မီးလျှံကြီးအားလည်း ‌အလားတူ မှုတ်ငြိမ်းရန် ဆိုကာ ကမူးရှူးထိုး ညှစ်ထုတ် ကြိုးပမ်းလာနေမှုထက် မပိုပေ။

 

လက်ရှိ အနေအထား တွင် စစ်တပ်သည် မရှုံးသေးသည့်တိုင် ယခင်လို အနေအထား မည်သို့မျှ ပြန်မရောက်နိုင်တော့ဟု တကမ္ဘာလုံးက ခန့်မှန်းထားပြီး ဖြစ်သော်လည်း ဒေါ်စိန်အေး ကျောင်းဆင်း မင်းအောင်လှိုင်သည် ပညာရှိ ကဝိများ အားလုံး မှားပြီး သူ၏ အတွက်အချက်သည်သာ မှန်ကြောင်း သက်သေပြနိုင်ရန် အားထုတ်နေခြင်း ဖြစ်သည်၊ သို့သော် သူ၏ လက်အောက် တပ်သားများကတော့ လ္ဘက်ရည်ဆိုင်ပင် မထိုင်ရဲလောက်အောင် ဖြစ်လာနေပေပြီ။ 

 

မင်းအောင်လှိုင်သည် ၎င်း၏ လူနေခြုံကြား စိတ်နေဘုံဖျား ဟု ပြော၍ ရမည့် နောက်ထပ် သက်သေ တခု အဖြစ် ဘရာဇီး ရှိ ၎င်း၏ သံအမတ် ဖြစ်သူ အား BRICS အဖွဲ့ထဲ ဝင်ချင်၍ ထိုနိုင်ငံရှိ ဝန်ကြီးတဦး အား သွားရောက် တွေ့ဆုံ စုံစမ်းခိုင်းခဲ့ခြင်းပင် ဖြစ်သည်။

 

BRICS အဖွဲ့သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။ GDP အရ ဆိုလျှင် အားလုံး ဒေါ်လာ တြီလီယံ ပေါင်းများစွာ ရှိနေသော နိုင်ငံများလည်း ဖြစ်သည်။

 

ထိုအဖွဲ့ကြီးသို့ တပည့်လက်သား အဖြစ် ဝင်ခွင့်ရလည်း အမြတ်ဟု ဆိုကာ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားပဲ စိတ်ကြီးဝင်နေခြင်း မျှသာ ဖြစ်သည်။

 

ထိုသို့သာ စိတ်ကြီးဝင်နေသော်ငြားလည်း လက်တွေ့တွင် ပြည်ပသို့ ထွက်၍ သားပစ် မယားပစ် အလုပ်

လုပ်ကြရမည့် နိုင်ငံသားများ အား ၎င်းတို့၏ ချွေးနဲစာ ဖြစ်သော လစာငွေ ၂၅ ရာနှုန်းကို မဖြစ်မနေ ပြည်တွင်းရှိ ဘဏ်တိုက်များသို့ ပြန်၍ လွှဲပြောင်းရမည် ဆိုကာ မိုက်ကြေးခွဲနေကြရသည့် ဘဝမျိုး ဖြင့် ရပ်တည် နေရပြီ ဖြစ်သည်။

 

ထိုသို့ မဖြစ်မနေ လွှဲ‌ ပြောင်း ပေးနိုင်ရန် စက်တင်ဘာ ၁ ရက်နေ့မှစ၍ ပြည်ပသို့ အလုပ်သွားလုပ်မည့် သူ မှန်သမျှ ၂၅ ရာနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ပြည်တွင်း ဘဏ်တခုခု တွင် ပူးတွဲ ငွေစာရင်း ဖွင့်လှစ်သွားရမည် ဖြစ်သည်။ လွှဲပေးသည့် ငွေများကိုလည်း ပေါက်ဈေး ဖြင့် မဟုတ်ပဲ ၎င်းတို့ သတ်မှတ်ထားသော ပြင်ပထက် ၄၀ ရာနှုန်း လျော့နည်းသည့် နှုန်းဖြင့် လဲယူကြမည် ဖြစ်သည်။

 

အားလုံးသည် နိုင်ငံခြားငွေ ပြတ်လတ်နေသော စစ်ကောင်စီ အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေ မိုက်ကြေးခွဲ ပေးနေကြရပြီ ဖြစ်သည်။

 

ပြည်တွင်း တွင် အလုပ်အကိုင် အခွင့် အလန်းများ ဆုံးရှုံးလိုက်လာနေ၍ ကြံရာမရကြသည့် အဆုံး ယခုလို ထွက်ခွာနေကြခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင်ပင် တရားမဝင် လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား နှစ်သန်း ခန့် ရှိနေပြီ ဖြစ်သည်။

 

 

နိုင်ငံသားများ အတွက် အလုပ်အကိုင် ရရှိရေး တခုမှ ဖန်တီး ပေးခြင်း မရှိသော်လည်း မကြာမီက ထွက်ရှိလာသော ကမ္ဘာ့ ဘဏ် အစီရင်ခံစာတွင် အလုပ်လက်မဲ့ ဖြစ်ပွားမှု နှုန်း ၂.၅ သန်း ခန့် ရှိနေပြီ ဖြစ်ပြီး ယခင်က ရရှိခဲ့သည့် လယ်ယာ စိုက်ပျိုး‌ရေး မှ စက်မှု လုပ်ငန်းများဆီသို့ အလုပ်သမား များ ရွှေ့ပြောင်းလာမှု structural transformation သည် ယခု အခါ ပြောင်းပြန် အနေအထား ပြန်ရောက်လာနေပြီဟု ဖေါ်ပြထားသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ၏ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တန်နဲလ် မှ မြန်မာရှိ အစိုးရပိုင် ဘဏ်များ အား အရေးယူ ဒဏ်ခတ်ရန် ကင်ဘာရာရှိ ၎င်း၏ အစိုးရအား ဗီအိုအေ နှင့် အင်တာဗျုး တွင် တိုက်တွန်းသွားခဲ့သည်။ ယင်းသည် ၎င်းတို့၏ လုပ်ရပ်အား ရွံရှာ စက်ဆုပ်ကြောင်း ပြသသည့် အဆင့်မှ ယခုအခါ မြန်မာပြည်သူများ အား ကယ်တင်ရန် လိုအပ်လာသည့် အဆင့် ရောက်လာပြီဟု ထောက်ပြသွားခဲ့သည်။

 

ယမန်နေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် စက်တင်ဘာ ၃ ရက်နေ့ က အင်အား ၁၀၀ ခန့်ရှိ မြန်မာ စစ်သားများ ထိုင်းနိုင်ငံ ထဲ ဝင်ရောက်လာခဲ့သည် ဆိုသော သတင်းတပုဒ် ပါရှိလာခဲ့သည်။

 

ဝင်ရောက်လာခဲ့သည့် နေရာသည် တပ် ပြည်နယ် အတွင်းရှိ အမ်ဖန်း ခရိုင် အတွင်း ဟု သိရသည်။

 

ထိုင်းဖက် ခြမ်း ရွာတရွာ အနီးရှိ လယ်ကွင်းထဲတွင် စခန်းချနေကြပြီး မြန်မာဖက်ခြမ်းရှိ ရွာတွင် ကရင် လက်နက်ကိုင် အဖွဲ့ ရှိနေသည်။

 

အဆိုပါ သတင်း အသွားအလာအရ ထိုင်းနိုင်ငံဖက်သို့ ရောက်နေသော စစ်ကောင်စီ တပ်များသည် 

ကစင့်ကလျားပြေးရင်း လွှားရင်း နယ်ကျွံသွားပုံ ရှိသည်။

 

ထိုင်းတပ်ဖွဲ့က ကိုယ်စားလှယ် စေလွှတ်ပြီး စစ်ကောင်စီ တပ်သားများ နှင့် KNLA တို့အကြား ညှိနှိုင်း ပေးခဲ့ရာ KNLA မှ ၎င်းတို့ အား ဆုတ်ခွာရန် ပိတ်ဆို့ထားမှု ကို ဖယ်ရှားပေးရန် သဘောတူခဲ့ကြသည်။

 

သို့သော် စစ်ကောင်စီ တပ်များက မယုံရဲပုံ ရှိပြီး ထွက်ခွာ ရန် ငြင်းဆန်နေသဖြင့် ထိုင်းဖက်မှ ဒုတိယ အကြိမ် ထပ်မံ ပြောဆိုသည့် အခါမှ ထွက်ခွာသွားကြသည်ဟု သိရသည်။

 

နောက်ထပ်ရရှိသော သတင်းတပုဒ်တွင် ကမ္ဘာတဝှမ်း တရုတ်လက်နက်များ ရောင်းအား ကျဆင်းလာနေပြီး ၂၀၁၆ မှ ၂၀၂၀ အတွင်း ၇.၈ ရာနှုန်းအထိ ကျဆင်းသွားသည်ဟု စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု ၏ အစီရင်ခံစာတွင် ပါရှိသည်ဟု ဖေါ်ပြထားသည်။

 

တရုတ်သည် လက်နက်များကို ဈေးပေါပေါ နှင့် အကြွေး ရောင်းချပေးနေပြီး အများစုမှ အရည်အသွေး ညံ့ဖျင်းနေသည်ဟု ဆိုသည်။

 

အဓိက အားဖြင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ တင်ပို့ ရောင်းချပေးနေသည်။ ထိုအထဲတွင် တရုတ် တိုက်‌လေယာဉ်များ ဝယ်ယူထားသော မြန်မာသည် လေယာဉ် အားလုံးနီးပါးကို ပျံသန်းနိုင်စွမ်း မရှိတော့ပဲ မြေပြင်တွင် ရပ်ထားရသည်ဟု ဆိုသည်။

 

အဓိက ပြဿနာသည် တရုတ်လုပ် တိုက်လေယာဉ်များတွင် ပါရှိသော ရေဒါစနစ်သည် တိကျမှု မရှိသောကြောင့်ဟု ဆိုသည်။

 

အဆိုပါ တိုက်လေယာဉ်များကို မြန်မာ စစ်တပ်မှ ဈေးကြီးပေးပြီး အသစ်ချပ်ချွတ်များ ဝယ်ယူထားသော်လည်း ရောက်လာပြီး လေးနှစ်အကြာတွင် ပြင်ဖို့လိုအပ်လာခဲ့သည့် အနေအထား ဖြစ်လာသည်။

 

တရုတ်ကလည်း မြန်မာသည် လက်နက်နှင့် ပတ်သက်၍ ၎င်းတို့အား မည်သူမျှ ရောင်းချမည်သူ မရှိမှန်း သိနေ၍လည်း မြန်မာ အား ‌ဈေးမြှင့်၍ ရောင်းပေးနေခြင်းလည်း ဖြစ်ပုံရသည်။

 

ပြည်တွင်းရှိ အစိုးရ ဝန်ထမ်းများအားလည်း "အာဏာရှင် ဘုရား" ဟု ခေါ်ဝေါ်နေသည့် နေပြည်တော်ရှိ ဘုရား ရုပ်ပွားတော်အားလည်း အပတ်စဉ် ဘတ်စ်ကားများ ဖြင့် ခေါ်ယူနေပြီး ငွေ ငါးထောင် ပေးသည့် အပြင် ဒန်ပေါက်ပင် ကျွေးလိုက်သေးသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။ ထိုဘုရား အား ဖူးမည့်သူ မရှိ ဖြစ်လာ၍ ဝင်ကြေး မပေးရတော့ပဲ အခမဲ့ အဖြစ် ပြောင်းပေးလိုက်ရပြီ ဖြစ်သည်။ ဘုရားအတွက် လျှပ်စစ် မီးဖိုးပင် တလ ကျပ် သန်း ၁၅၀ ရှိသည်ဟု မင်းအောင်လှိုင်က ပြောလာသည်။

 

မည်သို့ပင် ဖြစ်စေ မင်းအောင်လှိုင် ၏ အဆင်ခြင်မဲ့မှုများသည် ပေါက်ကွဲအံ့ဆဲဆဲ ယမ်းအိုးကြီးထဲသို့ မီးပွားများ တစပြီး တစ ခြွေချနေသည့် အဖြစ်နှင့် တူလာနေပြီ ဖြစ်ကြောင်း ၎င်းအား ထောက်ခံနေကြသည့် လူများပင် ရိပ်စားမိလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ ခရက်ဒစ် - Wilson Center