စားမန် ခုတ်ပွဲကြီး

by Hla Soewai - Sep 21 2023

နိုင်ငံ၏ စီးပွားရေး အခြေအနေ ဆိုးဝါးလာသည် အနေအထား တွင် အခြေအနေမှန်ကို နားမလည် အလိုက်ကန်းဆိုး မသိ ယခင်လိုပဲ သာသာယာယာ နှင့် တံစိုး လက်ဆောင်များ ယူမြဲတိုင်း ယူနေကြသော စစ်ဗိုလ်ချုပ်များ သည် ပေးသူများက မခံနိုင် ဖြစ်လာခြင်း နှင့် အချင်း ချင်း စားမန် ခုတ်လာကြခြင်းကြောင့် စုံစမ်း စစ်ဆေး ခံနေရပြီ ဖြစ်သည်။

 

ထိုအထဲတွင် အာဏာသိမ်း အဖွဲ့၏ နံပတ် (၆) အဆင့် ရှိသူ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိ မိုးမြင့်ထွန်း သည် ထိပ်ဆုံးက ပါဝင်လာခဲ့ပြီ ဖြစ်သည်၊ သူ၏ တပည့်ရင်း ဖြစ်သူ ကုန်စည် စီးဆင်းမှု မြန်ဆန် ချော့မွေ့ရေး ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ် ရန်နောင်စိုး အား ဖမ်းဆီးခဲ့ပြီးနောက် ယခုလို စုံစမ်း စစ်ဆေးခံခဲ့ရခြင်းလည်း ဖြစ်သည်။

 

၎င်းသည် ရင်းနှီး မြုပ်နှံမှု ကော်မရှင် နှင့် နိုင်ငံခြားငွေ လဲလှယ်ရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။

 

မိုးမြင့်ထွန်းသည် မင်းအောင်လှိုင်၏ တပည့်ရင်းလည်း ဖြစ်ပြီး ၎င်းနေရာအား ဆက်ခံမည့်သူ အဖြစ် ထင်ကြေး ပေးခံရသူ လည်း ဖြစ်သည် ဟုဆိုသည်။

 

၎င်းသည် နိုင်ငံတော် သမ္မတ ဖြစ်သူ ဦးဝင်းမြင့် အား သေနတ်နှင့် ချိန်၍ ခြိမ်းခြောက် ဖမ်းဆီးခဲ့ရာတွင် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

 

လက်ရှိ စစ်ဗိုလ်ချုပ်များ ထုံးစံအတိုင်းပင် စစ်ရေး နှင့် အုပ်ချုပ်ရေး ဖက်တွင် မည်သည့် အရည်အချင်းမျှ ထူးထူးခြားခြား မရှိပဲ ယခင် စစ်အစိုးရ ဒုခေါင်းဆောင် မောင်အေး၏ ပီအက်စ်အို အဖြစ်မှ ဆရာမွေး၊ တပည့်မွေး ဖြင့် အဆင့်ဆင့် တက်လှမ်းလာခဲ့သူလည်း ဖြစ်သည်။

 

မိုးမြင့်ထွန်း နှင့် တွေ့ဆုံလိုပါက ဒေါ်လာ နှစ်သောင်း ခန့် တန်ကြေး ရှိသော လက်ဝတ်ရတနာ နှင့် အရက် ပုလင်းများ ပေးရသည် ဟု ဆိုသည်၊ ထိုအထဲတွင် တပုလင်းလျှင် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ 750 ml Louis XIII Cognac မဖြစ်မနေ ပါဝင်ရသည်ဟု သိရသည်။

 

ပြဿနာက ထိုမျှ နှင့် မပြီးသေး မင်းအောင်လှိုင် နှင့် အနီးစပ်ဆုံး ဟု သတင်းကြီးနေသည့် ကရိုနီ သိန်းဝင်းဇော်အားလည်း ထိန်းသိမ်း စစ်ဆေးနေသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

အင်္ဂါနေ့တွင် ၎င်းပိုင် ရွှေဗျိုင်းဖြူ ကုမ္ပဏီ ရုံးချုပ်အား စစ်ကောင်စီ တပ်များက ဝင်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။

 

ထို့ပြင် နေပြည်တော်ရှိ ဗုဒ္ဓ ရုပ်ပွားတော် ကြီး တည်ဆောက်‌ရေး အတွက် အလှုငွေများ ထည့်ဝင်ခဲ့ကြသော ကရိုနီ ၁၀၁ ပါး ထဲမှ ၉၀ ရာနှုန်း အစစ်ဆေးခံနေရသည်ဟု အတည်ပြုနိုင်ခြင်း မရှိသေးသော သတင်းများအရ သိရသည်။

 

ဒေါ်လာ များ ပြတ်လတ်ပြီး တိုင်းပြည်စီးပွားရေး ပျက်ယွင်းလာကာ ကုန်ဈေးနှုန်း များ မြင့်တက်သွားခြင်းများသည် ၎င်းတို့ ကြောင့် မဟုတ်ပဲ မသမာသော စီးပွားရေး လုပ်ငန်းရှင် ဝိသမလောဘသားများကြောင့်ဟု မင်းအောင်လှိုင်က စွပ်စွဲ ခဲ့ပြီး နောက် ယခုလို အဖမ်းအဆီးများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ယခုအခါ သူ၏ စကားကြောင့် သူ့နှင့် အနီးစပ်ဆုံး လူများ ဖမ်းဆီးခံလာရသည်နှင့်အမျှ မင်းအောင်လှိုင်၏ အာဏာသည် ချိနဲ့လာနေပြီ ဖြစ်သည်။ အားလုံးကလည်း မိုးမြင့်ထွန်း ကဲ့သို့ မြိုးမြိုးမြက်မြက်လေး ရနေကြ၍ ၎င်းပြောသမျှ လုပ်သမျှ ငြိမ်ခံနေကြခြင်း ပင် ဖြစ်သည်။ ယခုအခါ ကြက်ကလေး ငှက်ကလေး လို အဖမ်းခံကြမည်လား၊ လက်ဦးမှု ယူ ကြမည်လား ဆိုသည်ကို ဆုံးဖြတ်ကြရတော့မည် ဖြစ်သည်။

 

နောက်ထပ် အရှက်ကင်းမဲ့လှသော လုပ်ရပ်အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ ဗိုလ်တထောင် မြို့နယ်များ ရှိ ဆိုင်များသို့ လှည့်လည်ပြီး ၎င်းတို့၏ ထုတ်ကုန် ဖြစ်သော မြန်မာ ဘီယာ ကို မဖြစ်မနေ ရောင်းချရမည်ဟု သေနတ်ပြ ခြိမ်းခြောက် တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက် ပြည်သူများက ၎င်းတို့ ကုန်ပစ္စည်းများကို တညီတညွတ်ထဲ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်ပြီး၊ ထိုစဉ်က မသိလိုက် မသိဖာသာ နေခဲ့ကြသော်လည်း ယခုအခါ ဝင်ငွေများ သိသိသာသာ ကျဆင်းလာနေပြီ ဖြစ်၍ ယခုလို ကြံရာမရ လုပ်လာကြခြင်းပင် ဖြစ်သည်။

 

ဆိုင်ရှင်များကလည်း ဝယ်သူ မရှိ၍ တင်မရောင်းတာ ဖြစ်သည် ဆိုသော အဖြေကိုလည်း ၎င်းတို့ ကျေနပ်ကြခြင်း မရှိပေ။

 

၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် အခြား တော်လှန်ရေး အဖွဲ့များမှ စစ်တပ်၏ ထုတ်ကုန်များ ဖြစ်သည် မြန်မာ ဘီယာ၊ အက်ဒမန် ဂိုးလ်၊ ဒဂုန် ဘီယာ နှင့် အဖျော်ယမကာ၊ မန္တလေး ဘီယာ နှင့် ရမ်၊ ဘလက်ရှီးလ် စတောက် ဘီယာ၊ အာမီရမ်၊ ရက် ရူဘီ နှင့် ပရီမီယမ် စီးကရက်များ အား သပိတ်မှောက် ဒဏ်ခတ်ကြရန် တောင်းဆိုထားပြီး ဖြစ်သည်။

 

လာအို မှ အာဆီယံဥက္ကဌ လုပ်မည့် နှစ်အတွက် အမေရိကန် ကြိုတင် ပြင်ဆင်လာ

***************

 

လာမည့် နှစ်တွင် လာအိုမှ အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူချိန်တွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့အပေါ် ဖိအားပေးမှုများ အဆုံးသတ် မသွားစေရန် အမေရိကန်မှ စတင် ဆောင်ရွက်နေပြီဟု ထိတ်တန်း သံတမန် တဦး ဖြစ်သူ အရှေ့တောင်အာရှ ရေးရာ တာဝန်ခံ အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မယ်လစ်ဆာ ဘရောင်းမှ အမေရိကန် အောက်လွှတ်တော် တွန် လန်တို့စ် လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲတွင် ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

မြန်မာ စစ်တပ် အနေဖြင့် တာဝန်ခံမှု ရှိရေး၊ အာဆီယံ ၏ ဘုံရပ်တည်ချက် ငါးရပ် အပေါ် တိုးတက်မှု များ ဖေါ်ဆောင်ရန် နှင့် အာဆီယံ အဖွဲ့ အတွင်း ၎င်းတို့ တရားဝင် ရပ်တည်ပိုင်ခွင့် မရှိစေရန် ကိုယ်ဖိရင်ဖိ ဦးစီးဦးဆောင် ပြုလုပ်သွားမည်ဟု ဆိုသည်။

 

လာအိုသည် လူဦးရေ ၇.၅ သန်းသာ ရှိသော သေးငယ်သည့် နိုင်ငံငယ်လေးလည်း ဖြစ်၍ အမေရိကန်မှ တတ်နိုင်သမျှ ကူညီသွားမည်ဟု ဆိုသည်။

 

အမေရိကန်မှ မည်သို့မည်ပုံ ပြင်ဆင်နေသည်ကို ထုတ်ဖေါ်‌ ပြောကြားသွားခြင်း မရှိပေ၊ လေ့လာသူများကမူ လာအိုသည် တရုတ်၏ ဖိအားပေးမှုဖြင့် မြန်မာအပေါ် ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာမည့် အရေးကို စိုးရိမ်လျက် ရှိနေကြသည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။

 

သို့သော် ပြီးခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် မြန်မာ အရေး အပေါ် စိတ်ဝင်စားခြင်း မရှိ၊ တုံဏှိဘာဝေ နေခဲ့ကြသော နိုင်ငံများကပင် အာဏာသိမ်း အဖွဲ့အပေါ် ရွံရှာ စိတ်ကုန်လာကြသည့် လက္ခဏာများ တွေ့လာခဲ့ရသည်ဟု South China Morning Post သတင်းစာတွင် ရေးသားထားသည်။

 

ယင်းသည် ယခင်ကထက် ပို၍ ပြင်းထန်သော စကားလုံးများဖြင့် မြန်မာ စစ်တပ်အား ခေါင်းစဉ်တပ် ရှုတ်ချထားသည့် ကျေညာချက်ကို သဘောတူခဲ့ကြခြင်း၊ သုံးနိုင်ငံ ပေါင်း ဖြေရှင်းသွားမည့် အစီအစဉ်ကို လက်ခံခဲ့ကြခြင်းနှင့် ပို၍ အရေးကြီးဆုံး အချက် အဖြစ် ၂၀၂၆ အတွက် အာဆီယံ ဥက္ကဌ ရာထူးအား "မိမိတို့ သဘောအလျောက် ရွှေ့ဆိုင်းပါသည်" ဟု ဖေါ်ပြ‌ ပေးရန် အာဏာသိမ်း အဖွဲ့၏ တောင်းဆိုချက်အစား ဥက္ကဌ တာဝန်ကို ရပ်ဆိုင်းပြီး ဖိလစ်ပိုင်ကို လွှဲပြောင်းပေးသွားမည်ဟု တညီတညွတ်တည်း ဖေါ်ပြခဲ့ခြင်း တို့ဖြစ်သည်။

 

အမေရိကန် ကွန်ဂရက် ကြားနာပွဲသို့ တက်ရောက်လာခဲ့သော ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးမှ စစ်တပ်အား ဂျက် လေယာဉ်ဆီ ပံ့ပိုးပေးနေသူ များအပေါ် အမေရိကန်၏ ဒဏ်ခတ် အရေး ယူ ခဲ့မှု နှင့် စစ်တပ်၏ ပြည်ပကုန်သွယ်ရေး တွင် အဓိက ကျသည့် ဘဏ် နှစ်ဘဏ်အား အရေးယူ ခဲ့မှု များ အပေါ် ချီးကြူးပြောဆိုသွားခဲ့သည်။

 

ထိုလုပ်ရပ်များကြောင့် စင်္ကာပူ နှင့် ဘင်္ဂ‌လားဒေ့ရှ် ရှိ ဘဏ်များသည်လည်း အမေရိကန် ဘဏ္ဍာရေး အသိုက်အဝန်းတွင် နာမည်ပျက်မည့် အရေး စိုးရိမ်လာကြပြီး ဒေါ်လာသန်းပေါင်းများစွာ ရှိ စစ်တပ်ပိုင် ငွေစာရင်းများကို ထိန်းချုပ်လာခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့သည် စစ်တပ်ကို အမာခံ အင်အား အဖြစ် အသုံးချနေကြောင်း၊ စစ်တပ် မရှိပဲ ၎င်းတို့ မည်သို့မျှ ရပ်တည်နိုင်စွမ်း ရှိမည် မဟုတ်ဟု လည်း ပြောခဲ့သည်။ သို့သော် စစ်တပ်သည်ပင် ၎င်းတို့အတွက် အားနည်းချက် တရပ် ဖြစ်လာနေကြောင်း၊ စစ်သားများကို လစာပေး ကျွေးမွေးနေရခြင်း နှင့် နောက်ဆုံးပေါ် လက်နက်များ အား ထိန်းသိမ်း မွမ်းမံနေရသည့် စရိတ်စကများ ထောင်းလာနေပြီ ဖြစ်၍ ၎င်းတို့၏ အားနည်းချက်ကို အခွင့်အရေး တရပ် အဖြစ် အသုံးချရမည်ဟု ‌လည်း ပြောဆိုသွားခဲ့သည်။

 

ယင်းသည် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်ရေး စက်ကွင်း၏ ဗဟိုချက်မ လည်း ဖြစ်ပြီး ယခု အစပင် ရှိသေးကြောင်းနှင့် နောက်ထပ် စက်ကွင်း ၏ ဗဟိုချက် ဖြစ်လာနိုင်သည့် ပစ်မှတ်များ ဆက်လက် ရှာဖွေ သွားရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

 

ထိုအထဲတွင် ၎င်းတို့အတွက် ဝင်ငွေများ အဓိက ပံ့ပိုးပေးနေသည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသည် ထိပ်ဆုံးမှ ရှိနေသည်ဟုလည်း ထောက်ပြသွားခဲ့သည်။

 

ပြည်သူများကလည်း မိမိတို့ တတ်နိုင်သည့် ဖက်မှ ၎င်းတို့ ဝင်ငွေရရာ ရကြောင်း ဖြစ်နေသည့် ကုန်ပစ္စည်းများကို ဒဏ်ခတ် သပိတ်မှောက်ကြဖို့လည်း လိုအပ်လာနေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကလည်း ၎င်းတို့ ထိုသို့ ဖရိုဖရဲ ဖြစ်လာနေချိန်တွင် အောင်ပွဲ အရှိန်ကို မြှင့်တင်ရပေတော့မည်၊ ထိုသို့ မြှင့်တင်ခြင်းဖြင့် ဘာမဟုတ်သည့် ကိစ္စများကို သမ္မတကြီး နှင့် ကာကွယ်ရေး ဝန်ကြီး တို့ကိုယ်တိုင် ထွက်၍ ဖြေရှင်းနေရသည့် ကိစ္စများလည်း ကင်းဝေးသွားမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ သရုပ်ဖေါ် - ဧရာဝတီ