သန်းကောင်စာရင်းလော၊ ထောက်လှမ်းရေးလော

by Hla Soewai - Sep 21 2023

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲဆိုသည်အား ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မှ မည်သို့မျှ အသိအမှတ် မပြုဟု အတန်တန် ပြောနေသော်ငြားလည်း နိုင်ငံ အနှံ့ သန်းခေါင်စာရင်း ကောက်ယူ၍ ၂၀၂၅ တွင် လုပ်ဖြစ်အောင် ပြင်ဆင်သွားမည်ဟု ခေါင်းဆောင် ဖြစ်သူ မင်း အောင် လှိုင်က ကြွေးကြော်လာပြန်သည်။

 

ထိုမျှမကသေး နိုင်ငံတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအား လူရိုသေ ရှင်ရိုသေ ဖြစ်မလားဟု ဖိန့်လုံးများ နှင့် ရုရှား အကူအညီ ဖြင့် လုပ်သွားမည်ဟု ဆိုပြန်သည်။ တဖက်တွင်လည်း ၎င်းတို့ အမှားအယွင်း မရှိ၊ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်သည်ကို သက်သေခံနိုင်ရန် ဖြစ်သည်။

 

တရုတ်နှင့် ရုရှားတို့မှ ၎င်းတို့ မြန်မာ စစ်အာဏာသိမ်းအဖွဲ့အား ထောက်ခံနေမှု အား နိုင်ငံတကာ အလယ်တွင် လူမြင်တင့်စေရန်၊ ခုခံပြောဆိုနိုင်ရန် ‌ရွေးကောက်ပွဲ ကို ဖြစ်စေချင်နေကြသည်ကား သံသယ ဖြစ်စရာ မရှိပေ။

 

၎င်းတို့ သန်းကောင်စာရင်း ကောက်ယူမည့် ကမ်ပိန်းအား ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ မှ ကူညီထောက်ပံ့သွားမည်ဟု လိမ်ညာ ပြောဆိုလာ၍ ကမ္ဘာတဝှမ်းရှိ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများ အကြား စိုးရိမ်တကြီး ဖြင့် ဝေဖန်ရှုတ်ချမှု များ ထွက်ပေါ်လာခဲ့သည်။

 

သို့သော် ကုလသမဂ္ဂ မှ ထိုသို့ ကူညီရန် အစီအစဉ် မရှိဟု အာရှ နှင့် ပစိဖိတ် ဒေသ ဆိုင်ရာ လူဦး‌ရေ ရံပုံငွေ ရုံးမှ တရားဝင် ငြင်းဆိုခဲ့သည်။

 

၂၀၁၄ ခုနှစ်က ပြုလုပ်သော သန်းကောင်စာရင်း ကောက်ယူခဲ့မှု အား နိုင်ငံ အနာဂတ် အတွက် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာချိန်လည်း ဖြစ်၍ ကုလ၊ အမေရိကန်၊ ဩစတေးလျှ နှင့် အနောက်နိုင်ငံများ က ‌ငွေကြေး ထောက်ပံ့ ကူညီခဲ့ဖူးသည်။ 

 

ထိုလုပ်ငန်းစဉ် တခုလုံးအတွက် အ‌မေရိကန် ‌ဒေါ်လာ ၅၈.၅ သန်း ကုန်ကျခဲ့ပြီး မြန်မာဖက်မှ ထည့်ဝင်ငွေသည် ဒေါ်လာ ၁၅ သန်းသာ ရှိခဲ့သည်။

 

ယခုအခါတွင် တော့ ထိုသို့ မျှော်လင့်၍ မရမှန်း သိနေသဖြင့် ၂၀၂၄ သန်းကောင်စာရင်း ကောက်ယူမှု အား မိမိတို့ဖာသာ အကုန်စိုက်ထုတ် အကုန်အကျခံ သွားမည်ဟု ဒု ခေါင်းဆောင် စိုးဝင်းမှ ပြောလာသော်လည်း ယခုလို နိုင်ငံခြားငွေ ပြတ်လတ်နေပြီး လူတကာအား မိုက်ကြေးခွဲ နေရသည့် အခိုက် ၎င်းတို့ စိုက်ထုတ်မည်ဆိုသည်ကို ယုံကြည်သူ နည်းလှပေမည်။

 

အဓိက အချက် အဖြစ် ရရှိသော အချက်အလက်များ ကို လက်ခံသိုမှီးရန် လွန်စွာ တန်ဖိုးကြီး လှသည့် ဆော့ဖ်ဝဲယားအား ဝယ်ယူရန် တတ်နိုင်လိမ့်မည် မဟုတ်ဟု သုံးသပ်လျက် ရှိသည်။ ရှေ့လျောက်လည်း ပိတ်ဆို့ဒဏ်ခတ်မှု များ တိုးလာဖွယ် ရှိနေ၍ ဒေါ်လာ ပြတ်တောက်မှု အကျပ်အတည်း ကို တိုး၍ ရင်ဆိုင်ရဦးမည်လည်း ဖြစ်သည်။

 

ထိုစီမံကိန်းအား ကူညီရန် ထုံးစံ အတိုင်း တရုတ်၊ ရုရှားတို့ဖက် လှည့်လာခဲ့သော်လည်း စာရွက် အစား tablet နှင့် ကောက်ယူနိုင်ရန် ထက် ပိုပြီး အကူအညီ ရလာနိုင်စရာ မရှိပေ။ ဟာသ ဖြစ်နေရပြန်သည်က ထို tablet များကို အားဖြည့်ရန် လျပ်စစ်ဓါတ် ရနိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။

 

စစ်ကောင်စီသည် လာမည့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ မြို့နယ်ပေါင်း ၂၀ ရှိ ရပ်ကွက်ပေါင်း ၁၀၀ ခန့်အား ၁၅ ရက်ကြာ စမ်းသပ်ကောက်ယူရန် စီစဉ်နေပြန်သည်။ ထိုအစီအစဉ်ကြောင့် လူမသိ သူမသိ ပုန်းလျိုးနေရသည့် တက်ကြွ လှုပ်ရှားသူများ၊ စီဒီအမ် ဝန်ထမ်းများရော၊ တိုက်ပွဲများ ဖြစ်ပွားရာ အရပ်များသို့ ကွင်းဆင်း ကောက်ယူရမည့် ဝန်ထမ်းများ အတွက်ပါ အန္တရာယ် ရှိလာနိုင်သည်။ အဓိက စိုးရိမ်စရာ ဖြစ်နေရသည်က အိမ်တအိမ်တွင် လူတယောက် ပျောက်နေလျှင် ကျန် အိမ်သားများ ဖမ်းဆီး ခံရမည့် အရေးပင် ဖြစ်သည်ဟု စီဒီအမ် ဝန်ထမ်း တဦးက ဆိုသည်။ ၎င်းတို့၏ လက်စလက်နများကို သိထားပြီး ဖြစ်၍ အကြောင်းမဲ့ စိုးရိမ်နေခြင်းမျိုးတော့ မဟုတ်ပေ။

 

ပြီးခဲ့သည့် နိုဝင်ဘာလ က စ၍ စစ်ကောင်စီ သည် အစမ်းသဘောဖြင့် biometric အချက်အလက်များအဖြစ် လက်ဗွေရာများ၊ မျက်လုံး နှင့် သွေးအမျိုးအသစားများ ကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းများ အတွင်း လူ ခုနှစ်သိန်းခန့်အား ကောက်ယူခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်၊ ယင်းသည် နိုင်ငံသား စီစစ်ရေး ကပ်ပြားများ အစား အီလက်ထရောနစ် မှတ်ပုံတင် smart card များ နှင့် အစားထိုးရန် အတွက် ဖြစ်သည်။ ထိုသို့ လုပ်နိုင်အောင်လည်း အိန္ဒိယအား အကူအညီ တောင်းရပြန်သည်။

 

တကယ်တမ်းတွင် သန်းကောင်စာရင်း ကောက်ယူရေးသည် နိုင်ငံတကာ ကျင့်သုံးရသော စံနှုန်းများအရ အိမ်ထောင်စု တခုတွင် အသက်အပိုင်းအခြားအလိုက် လူဦးရေ မည်ရွေ့မည်မျှ ရှိသည်ကို မှတ်တမ်းပြုရန်သာ ဖြစ်ပြီး လူတဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များကို ရှာဖွေ ဖေါ်ထုတ်ရန် မလိုပေ။

 

နေရာ အတော်များများတွင် ထိုသို့ ကောက်ယူရေး အား အကူအညီပေးရမည့် ထွေအုပ်ရုံးများ လုပ်ငန်း လည်ပတ်နိုင်စွမ်း ရှိမရှိကလည်း ရေရေရာရာ မသိ ဖြစ်နေကြပြန်သည်။ ပုံတွင် ကြည့်မည်ဆိုက လက်နက်ကိုင်များ နှင့် အိမ်ပတ်ပတ်လည် ကို ဝိုင်းထားပြီး ကောက်ယူကြမည့် ပုံစံမျိုး တွေ့နေရသည်။

 

လူထုအား အမြဲလို ဖိနှိပ် ဒုက္ခပေးတတ်သည့် စစ်ကောင်စီသည် သန်းကောင်စာရင်းအား ထောက်လှန်းရေး အတွက် ပါ အသုံးချလာမည်ကို ကြိုတင် တွက်ဆထားပြီး ဖြစ်သော တော်လှန်ရေး အင်အားစုများဖက်က မည်သို့မျှ ခွင့်ပြုနိုင်စရာ မရှိ၍ အသေ အပျောက် များလာနိုင်စရာ ရှိနေသည်။ ကောက်ယူရမည့် ဝန်ထမ်းများ အဖို့လည်း အသက်ကိုရင်း၍ စွန့်စားရမည့် အနေအထားတွင် ရှိနေသည်။

 

စစ်တပ်သည် ကောက်ယူရမည့် ဝန်ထမ်းများကို အတင်းအဓမ္မ ခြိမ်းခြောက် ခိုင်းစေဦးမည်သာ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း ပြည်သူများ ပူးပေါင်း ပါဝင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပြီး တရားမဝင် အုပ်ချုပ်နေသူများအား မိမိတို့ ကိုယ်ရေး အချက်အလက်များ ပေးမိပါက သူခိုးတ‌ယောက် လက်ထဲ အိမ်‌လိပ်စာနှင့် အိမ်သော့ ထဲ့ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု ပြောခွင့်ရ ဦးနေဘုန်းလတ်က သတိပေးလာခဲ့သည်။

 

စစ်ကောင်စီသည် ၎င်းတို့ စီစဉ်ထားသည့် သန်းကောင်စာရင်း အောင်မြင်သွားမည်ဆိုက နိုင်ငံတကာမှ ယူဆထားသလို နိုင်ငံ နယ်မြေ တဝက်ကျော်ကျော် အား လက်လွှတ်ခဲ့ရပြီ ဆိုသည်မှာ အတိုက်အခံများ ဖက်က လေလုံးထွားခြင်းသာ ဖြစ်သည်ဟု လက်ခမောင်း ခတ်လာနိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

အချက်အလက် ကိုးကား - Myanmar Now/Frontier Myanmar