စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည် တွင် ရင်ဆိုင်နေရသော ငွေကြေး ဖေါင်းပွလာနေသည့် အကျပ်အတည်း ကြီးကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်လာခဲ့သည်။ သို့သော် ၎င်းတို့ အဖို့က အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း ဆိုသည့် ပြဿနာ၏ အရင်းအမြစ်ကို စဉ်းစား သုံးသပ်နိုင်စွမ်း မရှိ၊ နိုင်ငံတကာ တွင် ကျင့်သုံးနေသော နည်းလမ်းများ အပေါ် လေ့လာရကောင်းမှန်းလည်း မသိ၊ ၎င်းတို့ သိသော နည်းလမ်း ဖြစ်သည့် အကြမ်းဖက် ဖြေရှင်းရေးပင် ဖြစ်သည်။
အကြမ်းဖက်နည်းကိုသာ တတ်ကျွမ်းနားလည် ရှာသော စစ်ကောင်စီ အဖို့ ယခုအခါ စားသုံးဆီ ပြတ်လတ်လာသည့် အဖြစ် နှင့် ကြုံနေရပြီ ဖြစ်သည်ဟု ဂျပန် နိုင်ငံထုတ် နစ်ကီ အေးရှား ရီဗြူးတွင် ယခုလို ရေးသားလာခဲ့သည်။
နိုင်ငံသုံး ငွေတန်ဖိုး ကျဆင်းလာသည် နှင့် အမျှ ပြည်ပမှ တင်သွင်းရသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာရသည်။
စားသုံးဆီ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးစံလင်း နှင့် အခြား လေးဦးအား စစ်ထောက်လှမ်းရေး နှင့် အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဩဂုတ်လ ကုန်ပိုင်းတွင် ဖမ်းဆီးလိုက်သည်။ ၎င်းတို့ အား အစိုးရ ခွင့်ပြုချက် ထက် ပို၍ ဈေးတင်ရောင်းသည်ဟုဆိုကာ အလွယ်တကူပင် စွပ်စွဲ ဖမ်းဆီးခဲ့ခြင်း ပင် ဖြစ်သည်။ ၎င်းတို့ ငါးဦးအား ဖမ်းဆီးလိုက်ခြင်းလော၊ စုံစမ်းစစ်ဆေးရန် အတွက်လော ဆိုသည်ကား မသဲကွဲလှပေ။
ထိုအချိန်ကား ဆီတပိဿာ လက်ကား ဈေးနှုန်းသည် ၄,၁၅၅ ကျပ် ဖြစ်သော်လည်း ရောင်းသူများက တပိဿာလျှင် ကျပ် တသောင်း နှုန်း ဖြင့် ရောင်းချနေကြသည်ဟု ဆိုသည်။ စစ်တပ်က ၎င်းတို့ သတ်မှတ်ထားသော ဈေးနှုန်းထက် မရောင်းသော လူများကို သတင်းပို့ရန် လူထုကို တိုက်တွန်းခဲ့ပြန်သည်။ သို့သော် ထိုလုပ်ရပ်များသည် စားသုံးဆီ ပြတ်လတ်မှု အား ပို၍ ပင် ဆိုးဝါးသွားစေခဲ့သည်။
သို့သော် ၎င်းတို့ သတ်မှတ်ထားသော လက်ကားဈေး ဖြင့် ရောင်းချခဲ့သည် ဈေးသည် တဦး၏ အဆိုအရ သူ့တွင် ရှိသမျှ သည် ငါးရက် အတွင်း လက်ကျန် မရှိအောင် ကုန်သွားခဲ့သည်။ ထို့နောက် သူလည်း ထိုဈေးဖြင့် ပြန်၍ ဝယ်မရ တော့၊ အခြား ဈေးသည်များလည်း သူ့လို ပြဿနာ နှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
နောက်ထပ် ထိတ်လန့်စရာ ကောင်းလာရသည်က တနင်္လာနေ့ထုတ် စစ်ကောင်စီ သတင်းစာများ တွင် စားသုံးဆီများ အရောအနှောများ ဖြင့် ရောင်းချနေ၍ အန္တရာယ် ရှိလာနေပြီ ဟု ရေးသားလာခြင်းပင် ဖြစ်သည်။ ထိုအရေးအားလည်း လက်ကား ကုန်သည်ကြီး များ အပေါ် အပြစ်ဖို့ထားပြန်သည်။ (သို့သော် အမှန်တကယ်လော၊ ခေါင်းဆောင်ကြီး အဆိုအမိန့်အတိုင်း ဆီလျော့စားရန် ခြိမ်းခြောက်ခြင်းလော ဆိုသည်က မသဲကွဲလှပေ။)
၎င်းတို့ အရာရာကို ထိန်းချုပ်လာမှု ကြောင့် ငွေကြေး ဈေးကွက်တွင်လည်း ကမောက်ကမ ဖြစ်လာရသည်။
၂၀၂၂ ဩဂုတ်လမှစ၍ တဒေါ်လာလျှင် ၂,၁၀၀ ကျပ် ပေါက်ဈေးဖြင့် သတ်မှတ်လာခဲ့သည်မှာ ကျောက်ဆိုင် ကျောက်သားလို ခိုင်မြဲလာခဲ့သည်မှာ တနှစ်ပြည့်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုနှစ် ဩဂုတ်လ ကုန်ပိုင်းတွင် ပြင်ပဈေးကွက်တွင်တော့ ၃.၈၀၀ ကျပ်အထိ ဖြစ်လာခဲ့သည်။
ထိုအရေးကို ဟန့်တား နိုင်ရန် နိုင်ငံတကာ မှ ၎င်းတို့ ငွေကြေးများကို ဗဟိုဘဏ်မှ ပြန်လည် ဝယ်သိမ်းနေသော်လည်း စစ်အာဏာသိမ်း အဖွဲ့ကတော့ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းများအား လိုင်စင်များ ရုတ်သိမ်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်လာကြသည်။ ထိုလုပ်ရပ်ကြောင့် ပြင်ပ ငွေလဲနှုန်းသည် တဒေါ်လာလျှင် ၃.၄၀၀ ကျပ်တွင် တည်တံ့သွားခဲ့ပြီ ဖြစ်သည်။ ဤသည်ကလည်း ဒေါ်လာအားလာရောက် ဝယ်ယူသူများအား ကျပ်ငွေ ဖြင့် ရောင်းသည့် ဈေးသာ ဖြစ်သည်။ ကျပ် ကို ဒေါ်လာဖြင့် ဝယ်ယူလဲလှယ်မှုကို အမေရိကန် ဒေါ်လာ လက်ဝယ် မရှိ၍ ဆိုကာ ငြင်းဆို ခဲ့ကြသည်ဟု သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေ အသုံးပြုမှုကို ပို၍ တင်းကျပ်စွာ ချုပ်ကိုင်လာကြသည်။ ထို့အတွက် ပြည်တွင်း တွင် လုပ်ကိုင်နေကြသော နိုင်ငံခြား ကုမ္ပဏီများ အတွက် “လွန်စွာ မရေရာ မသေချာ ဖြစ်လာနေသော အကျပ်အတည်းကြီး” နှင့် ရင်ဆိုင်နေကြရသည်။ ၎င်းတို့ အဖို့ ဒေါ်လာများ ရရှိရေး နှင့် လွှဲပြောင်းရေး များ တွင် အခက်အခဲများ ဖြစ်လာရသည်။
နောက်ထပ် ပြည်သူများ ရင်ဆိုင်လာရသော အကျပ်အတည်း ကြီးကား ဆေးဝါးများ ရှားပါးလာမှု ပင် ဖြစ်သည်ဟု မဇ္ဇျိမ သတင်းတွင် ရေးသားထားသည်။
ဆေးဝါး များ ဈေးနှုန်းသည် ဩဂုတ်လ တွင် အမြင့်ဆုံးသို့ ထိုးတက်သွားခဲ့ပြီးနောက် ဆိုင်များတွင် ပစ္စည်းပြတ်လတ်မှု နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ အထူးသဖြင့် ဆီးချို၊ ကျောက်ကပ်နှင့် ပတ်သက်သော ဆေးများ ဝယ်မရ ဖြစ်လာနေသည်ဟု သိရသည်။ အချို့ ဆိုင်များတွင် လက်ကျန်များ ရှိနေသော်လည်း သက်တမ်းကုန်ဆုံးကာနီး ဖြစ်နေပြန်သည်။ ဆိုင်အချို့ကလည်း နေ့စဉ်နှင့် အမျှ တရိပ်ရိပ်တက်လာနေသော ဈေးများ ကြောင့် မရောင်းပဲ ထားနေကြခြင်း ဖြစ်မည်၊ သို့မဟုတ်ကလည်း ဒေါ်လာများ ပြတ်လပ်လာ၍ ဆေးတင်သွင်းရန် အလုံအလောက် မရှိတော့၍ ဖြစ်မည် ဟု ခန့်မှန်း ပြောဆိုခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ ထိုဆေးဝါးများကို မရှိမဖြစ် သုံးစွဲနေရသူ များ အတွက် အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။
မြန်မာသည် ဆေးဝါး ပစ္စည်းများ၏ ၈၀ ရာနှုန်းကို တရုတ်၊ အိန္ဒိယ နှင့် ထိုင်း နိုင်ငံများမှ ဝယ်ယူတင်သွင်းနေခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
စစ်ကောင်စီသည် “ဘယ်အစိုးရ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရသည်”ဟု ဆိုကာ အစဉ်တဆက် ဖာသိဖာသာ စိတ်မဝင်စားပဲ နေလာကြသော အချို့သော လူအများ အတွက် မူ သားစဉ်မြေးဆက် တလျောက် ၎င်းတို့ အုပ်ချုပ်ခဲ့သည်ကို ကြည့်ပြီး ရှေ့လျောက် မည်သို့မျှ ထိုသို့ ပြောဆိုနိုင်တော့မည် မဟုတ်၊ မြန်မာ့ လူ့ဘောင် တွင် ထို့အယူအဆသည်လည်း တိမ်ကော ပပျောက်သွားတော့မည် ဖြစ်သည်။
တိုင်းပြည်ကို ခေါင်းဆောင်မည့် လူများ၏ လုပ်ရပ်သည် မိမိတို့ စားဝတ်နေရေး အတွက် မည်မျှ အထိ အရေးပါနေသည်ကို အားလုံးက မဖြစ်မနေ လက်ခံလာအောင် မင်းအောင်လှိုင်သည် သွန်သင် လမ်းပြသွားခဲ့ပြီ လည်း ဖြစ်သည်။
သို့သော် လက်ရှိတွင် ထိုသို့သော ပုဂ္ဂိုလ်များကပင် “ရွေးကောက်ပွဲ” ဆိုကာ တိုင်းပြည်အား နည်းမျိုးစုံဖြင့် ဗြောင်းဆန်အောင် ရှေ့လျောက် လက်တည့်စမ်းကြတော့မည့် အန္တရာယ်ကြီး နှင့် တတိုင်းပြည်လုံး ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
ထို့သို့ မိမိတို့ အပေါ် သားစဉ်မြေးဆက် ကျရောက်လာလတ္တံ့သော လောကငရဲ ကြီးကို ရှောင်လွှဲနိုင်ရန် သွေးကွဲနေ၍ မဖြစ်၊ မိမိတို့ဖာသာ စည်းလုံးညီညွတ်စွာ ဖြင့် ဖြေရှင်းနိုင်မှ ဖြစ်တော့မည် သဘောပေါက် လက်ခံကြရမည်သာ ဖြစ်သည်။
စီးပွားရေး ကျပ်တည်းမှု ကြီး နှင့် ရင်ဆိုင်လာနေရချိန်တွင် ပြည်သူများ၏ တော်လှန်ရေး အတွက် ထောက်ပံ့နိုင်မှုသည်လည်း လျော့နည်းကျဆင်း လာနိုင်သည်သာ ဖြစ်သည်၊ ထို့အတွက် မည်သူထံမှ မရ၊ မည်သူက မပေး ဟု ရေရွတ် ငြည်းတွားနေကြမည့် အစား “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဖြစ်စေရမည်ဟူသော ဗျုဟာ ဖြင့် ကျင့်သုံးသွားကြရမည်သာ ဖြစ်သည်။
တော်လှန်ရေး အင်အားစုများ အတွက် အားတက်စရာ ကောင်းလာရသည်က တိုက်ပွဲတိုင်းတွင် စစ်ကောင်စီ သစ္စာခံ တပ်များသည် အခြေအနေမဟန်လျှင် ဝတ်ကျေတန်းကျေမျှ ပစ်ခတ်ပြီး ထွက်ပြေးရန် ကြံနေသော သူများ နှင့် ရင်ဆိုင်လာရခြင်း ပင် ဖြစ်သည်။
စက်တင်ဘာ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်များ၏ ရေတလျောက် စခန်းအား KNLA မှ နာရီဝက် အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား ကို သိမ်းဆည်း နိုင်ခဲ့ခြင်းက သက်သေခံနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန် စစ် မုချအောင်ရမည်!!!