NUG နှင့် တိုင်းရင်းသား အဖွဲ့များ သဘောကွဲလွဲလျက် ရှိဆဲဟု ပြည်ပလေ့လာသူများ ထောက်ပြ

by Hla Soewai - Sep 21 2023

နိုင်ငံသည် မရေရာ မသေချာပဲ ပို၍ ဆိုးဝါးသော အနာဂတ် ဆီသို့ ဦးတည်နေချိန်တွင် ဘုံရန်သူ ဖြစ်သော စစ်အာဏာသိမ်း အဖွဲ့ကို တိုက်ခိုက်နေကြသော အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ရံပုံငွေ၊ လက်နက်၊ စီးပွားရေး ပိတ်ဆို့မှု များ နှင့် အချိန်ကာလ အစရှိသည်တို့ နှင့် ပတ်သက်၍ သဘောကွဲလွဲနေဆဲ ဖြစ်သည်ဟု ဗီအိုအေ မှ မြန်မာ အရေး လေ့လာသူ ပြည်ပ ပညာရှင်နှစ်ဦး အား တွေ့ဆုံမေးမြန်းခဲ့ရာမှ ထိုသို့ ၎င်းတို့ အမြင်များကို ထုတ်ဖေါ်ပြောဆိုသွားခြင်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ အပေါ် တစုတစည်းတည်း စစ်ရေးအရ စီမံကွပ်ကဲနိုင်မှု မရှိသေးပဲ တသားတည်း ရှိစေမည့် နိုင်ငံရေး မူဝါဒ အားလည်း ပုံဖေါ်နိုင်ခြင်း မရှိသေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ၎င်းတို့ ဘာကို ရည်ရွယ်ပြီး တိုက်ခိုက်နေကြသည် ဆိုသည်နှင့် ပတ်သက်ပြီး အချင်းချင်း အကြား သဘောကွဲလွဲမှု များ ရှိနေဆဲဟု ဝါရှင်တန်ရှိ နိုင်ငံတကာ နှင့် မဟာဗျူဟာ လေ့လာရေး စင်တာမှ မိုက်ကယ် မာတင်က ဆိုသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည် ပထမဦးဆုံး တာဝန်အဖြစ် ၎င်းတို့ ဒေသအား လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရန်၊ ရည်မှန်းချက် အောင်မြင်ပြီးလျှင် ထိုဒေသအတွင်း ၎င်းတို့ စိတ်ကြိုက် အစိုးရမျိုး တည်ထောင်သွားရေး ကိုသာ ရည်မှန်းနေကြသည်၊ ယင်းသည် အမျိုးသား ညီညွတ်ရေး အစိုးရမှ တနိုင်ငံလုံးအား ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်တွင် ဒီမိုကရေစီ စနစ် ပြန်လည် ထူထောင်သွားရေး ဆိုသည်နှင့် တောင်နှင့် မြောက်လို ကွဲလွဲလျက် ရှိနေသည်ဟု မာတင်က ပြောခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း နှစ်ဆယ် ခန့် ရှိနေပြီး စုစုပေါင်း အင်အား ၁၃၅,၀၀၀ ခန့် ရှိသည်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အင်အားသည် ၆၅,၀၀၀ ခန့် ရှိနေပြီး ၎င်းတို့အား စီဒီအမ် ဝန်ထမ်း ၂၀၀,၀၀၀ ခန့်က ပံ့ပိုးကူညီလျက် ရှိနေသည်။

 

နိုင်ငံတွင်း ကွင်းဆင်း သုတေသန ပြုခဲ့သူ ဘေးအန္တရာယ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ ရော့စ် မီလော့စီဗစ် မှ အားလုံးသည် တော်လှန်‌ရေး အကြောင်း အဓိက ထားပြောနေကြသော်လည်း အတူ တွဲလုပ်ကိုင်နိုင်မည့် နိုင်ငံရေး နှင့် စစ်ရေး ဖြေရှင်းချက် ပုံစံမျိုး ထွက်ပေါ်မလာသေးဟု ဆိုသည်။ ထိုသို့ မဟာမိတ်အသွင် ဖွဲ့စည်းနိုင်ခြင်း မရှိက ၎င်းတို့ အဖို့ တောထဲတောင်ထဲ နှင့် ထိုင်း နိုင်ငံ တဖက်ခြမ်းတွင် နောက်ထပ် နှစ်ငါးဆယ် ခန့် ဆက်နေသွားရဖို့သာ ရှိသည်ဟု ပြောသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ပြီးခဲ့သည့် နှစ် အစောပိုင်းက မဟာမိတ် ကော်မတီ တရပ် ဖွဲ့စည်းခဲ့ပြီး ပြည်ပ ပူးပေါင်းဆောင်ရွက်‌ရေး ဒုဝန်ကြီး ဒေးဗစ် ဂမ်အောင်သည်လည်း စေ့ဆပ် ညှိနှိုင်းရေးမှုး တဦး အဖြစ် ပါဝင်ခဲ့သည်။ ၎င်းမှ လက်ရှိတွင် မပြေမလည် ဖြစ်နေသည့် စစ်ရေး ဦးဆောင် ကွပ်ကဲမှု၊ နိုင်ငံရေး ရည်မှန်းချက်များ အပေါ် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။ အားလုံး အတူတူ ရင်ဆိုင်နေကြရ၍ အဆင်ပြေအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ဆိုသည်။

 

NUG နှင့် EAO ပူးပေါင်း အင်အားသည် ၂၀၀,၀၀၀ ခန့် ရှိနေပြီး ဆက်၍ တိုးပွားလာနေသဖြင့် မင်းအောင်လှိုင်အဖို့ ယှဉ်နိုင်စရာ မရှိတော့ဟု ဦးဂမ်းအောင် က ထည့်ပြောသွားခဲ့သည်။

 

စစ်တပ်ဖက်မှ စစ်အင်အား လေးသိန်း ဟု ပြောနေသော်လည်း တကယ်တမ်းတွင် တိုက်ပွဲဝင် အသင့် အနေအထား ရှိသည်မှာ ၇၀,၀၀၀ အပါအဝင် စုစုပေါင်း ၁၅၀,၀၀၀ ခန့်သာ ရှိသည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ ခန့်မှန်းထားသည်။

 

မြန်မာနိုင်ငံ အထူး အကြံပေး ကောင်စီမှ နယ်မြေ ထိန်းချုပ်မှု နှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောဆိုခဲ့ရာတွင် စစ်ကောင်စီမှ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်သည့် ဧရိယာ သည် နိုင်ငံ အကျယ်အဝန်း၏ ၁၇ ရာနှုန်းသာ ရှိတော့ပြီး၊ နယ်မြေစိုးမိုးနိုင်ရေး အတွက် ရုန်းကန် နေရသော ဧရိယာ သည် ၂၃ ရာနှုန်း နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ဧရိယာသည် ၅၂ ရာနှုန်း ရှိ‌နေသည်ဟု ပါရှိသည်။

 

မာတင်က NUG သည် ထိန်းချုပ်နယ်မြေများတွင် အစိုးရ ယန္တရား တရပ် ထူထောင်နိုင်ခြင်း မရှိသေးပဲ တိုင်းရင်းသား စစ်တပ်များ ၏ ရှိပြီးသား အနေအထားကို မှီခိုနေရဆဲဟု ဆိုသည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း NUG အား အတူလက်တွဲ တိုက်ခိုက်နိုင်မည့် အင်အား တရပ်အဖြစ် ပူးပေါင်းနေခြင်း ဖြစ်ပြီး တော်လှန်‌ရေး အောင်မြင်ပါက နိုင်ငံအုပ်ချုပ်ရေးကို တာဝန်ယူမည့် အစိုးရ ဟု သဘောထားခြင်း မရှိသေးဟု လည်း ပြောသည်။

 

အမေရိကန် အနေဖြင့်လည်း ထိုသို့ အုပ်ချုပ်ရေး ယန္တရား မျိုး မရှိပဲနှင့် လူသားချင်း စာနာထောက်ထားရေး အပါအဝင် အခြား အကူအညီများ ပေးနိုင်ဖို့ ခက်ခဲနေပုံရှိသည်ဟု သူ့အမြင်ကို ပြောဆိုသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား တစိုက်မတ်မတ် ထောက်ခံလျက် ရှိနေပြီး၊ ယင်းနှင့် ပတ်သက်၍ ဦးဂမ်းအောင်မှ သူမသည် နိုင်ငံ၏ ဒီမိုကရေစီ အရေး အတွက် မောင်းနှင် အားကြီး ဖြစ်နေပြီး သူမအပေါ် ပြည်သူများ၏ ထောက်ခံနေမှုကို လျော့မတွက်သင့်ကြောင်း၊ သူမအား နိုင်ငံရေးအရသာ ထောက်ခံနေခြင်း မဟုတ်ပဲ တနိုင်ငံလုံးက မိခင်ကြီး အဖြစ် သဘောထားကာ “အမေစု” ဟု ခေါ်ဝေါ်ကာ လေးစားချစ်ခင်နေကြဆဲ ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

 

မာတင်သည် ထိုအချက်ကို သဘောတူသည် ဟု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် NUG တို့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် “အလုပ်ဖြစ်မည့် ဆက်ဆံရေ’” မျိုး တည်ဆောက်နိုင်ခြင်း ရှိမရှိ နှင့် ရှိပါကလည်း မည်သို့ ပုံစံမျိုး နှင့် ဆိုသည်က အဓိက သော့ချက် ဖြစ်နေသည်ဟု ပြောသွားခဲ့သည်။

 

ဤသည်က ပြည်ပမှ လေ့လာသူများ၏ အမြင်ကို သိရှိနိုင်ရန် ဖေါ်ပြခြင်းမျှသာ ဖြစ်ပြီး တကယ်တမ်းတွင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား မည်မျှ အတိုင်းအတာအထိ ခရီးရောက်နေပြီ ဆိုသည်ကို အတိအကျ သိနိုင်ဖို့ ခဲယဉ်းနေပေသည်။

 

စစ်တပ်သည် လောလောဆယ် တွင် AA ကို အားကျအတုယူစရာ အဖြစ် တမင် ငါးမျှားချိတ် ပြကာ လွှတ်ပေးထားခြင်း ဖြစ်သည်။ ၎င်းတို့ အခြေအနေကောင်းလာသည်နှင့် အမျှ ဒုက္ခပေးတော့မည်သာ ဖြစ်သည်။

 

တိုင်းရင်းသား များ အနေဖြင့် လည်း ၎င်းတို့ အရေး နှင့် ပြည်မ အရေးသည် ဆက်စပ်နေပြီး စစ်ဝါဒီများ အား အမြစ်မဖြတ် နိုင်သမျှ ၎င်းတို့ နယ်မြေကို စိုးမိုး နိုင်စေဦး မည်သို့မျှ ငြိမ်းချမ်းစွာ နေ၍ ရမည် မဟုတ်ဆိုသည်ကို သိနားလည် ထားသင့်ပေသည်။

 

မည်သို့ပင် ဝေဖန်မှု များ ရှိနေစေကာမူ စစ်တပ်၏ အညှင်းဆဲ အနှိပ်စက်ခံ၊ သွန်လိုသွန် မှောက်လိုမှောက် ဘဝမှ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် ရှိသမျှ အင်အား နှင့် တိုက်ပွဲဝင်နေကြသော အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကြီးအား မည်သူကိုမျှ အားကိုးစရာ မလိုသည့် အဖြစ်ရောက်အောင် ယခင်ကထက် ဆထက်တံပိုး တိုး၍ ထောက်ခံသွားရမည်သာ ဖြစ်သည်။

 

(ပုံတွင် ကော့ကရိတ် မြို့နယ် ရေတလျောက် စခန်းကုန်းအား KNLA ပူးပေါင်း အင်အား ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ခုခံပြီး ထွက်ပြေးသွားသော စစ်ကောင်စီ တပ်များ ၏ အလှုဒါန ကို တွေ့နိုင်ပေသည် - ဧရာဝတီ သတင်း)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!