သူတို့ လာကုန်ကြပြီ

by Hla Soewai - Sep 21 2023

မင်းအောင်လှိုင်သည် မည်မျှပင် ရုရှား မှ နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်ကြီးများ ဝယ်ယူပြီး ဟန်ရေးပြနေသော်လည်း နေပြည်တော်ရှိ လေတပ်အခြေစိုက်စခန်း အား အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး အပြီး နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ဒရုန်း ဖြင့် တိုက်ခိုက် ပြနိုင်ခဲ့၍ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားရရှာပြီ ဖြစ်သည်။

 

ထိုသို့ ၎င်းတို့ အတွက် အလွန် အရေးပါလှသော လေတပ်စခန်းကို ကို ရန်သူ့ တိုက်လေယာဉ်ကိုအသာထား ဒရုန်းရန်မှပင် ကာကွယ်နိုင်စွမ်း မရှိ ဖြစ်နေရသည်၊ ဒရုန်းသည် အနိမ့်ပျံသန်း နိုင်စွမ်း ရှိ၍ ရေဒါ မျက်နှာပြင်မှ လွတ်ကင်း သွားခြင်းကြောင့်သော်၎င်း၊ သို့တည်းမဟုတ် စိတ်ဓါတ်များ ပျက်ပြားကုန်ကြ၍လော ကား မသိနိုင်ပေ။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် သံတောင်မြောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ လက်အောက်ခံ သံမဏိ ကျား တပ်ရင်းမှ အဝေးထိန်း စနစ်သုံး တောင်ပံတပ် ဒရုန်းဖြင့် နေပြည်တော် နိုင်ငံတကာ လေဆိပ်ဖြင့် ကပ်နေသော ဧလာ လေတပ်စခန်း ရှိ လေယာဉ်သိုလှောင်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ပျက်စီးသွားသည့် အတိုင်းအတာ ပမာဏာကို မသိရသေးသော်လည်း ထိုသို့ တိုက်ခိုက်ပြနိုင်ခဲ့မှုကြောင့် မင်းအောင်လှိုင် သည် မြေအောက် ဘန်ကာထဲ ဆင်းအိပ်ရဖို့ ကြိမ်းသေသွားခဲ့ပြီ ဖြစ်သည်။ ဧပြီလ လယ်ကလည်း ထိုလေတပ်စခန်းကိုပင် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်၊

 

ကရင် အမျိုးသား သမဂ္ဂ လက်အောက်ခံ တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း အင်အား ဖြင့် အာဏာသိမ်း အဖွဲ့၏ အသက်သွေးကြောဖြစ်သည့် နေပြည်တော် တဝိုက် ကို အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

တနင်္ဂနွေနေ့ မနက်တွင် မန္တလေး ချမ်း‌ အေးသာဇံ ရှိ စစ်တပ်ပိုင် မြဝတီ ဘဏ်ခွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

 

လက်ရှိတွင် စစ်ကောင်စီ လေတပ်သည် လိုင်ဇာ အနီးရှိ စခန်းကုန်း တခုအား ပြန်လည် သိမ်းယူနိုင်ရန် အကြိမ်ပေါင်း များစွာ လာရောက် ဗုံးကြဲတိုက်ခိုက်လျှက် ရှိနေသည်ဟု ကေအိုင်အေ သတင်းရပ်ကွက်မှ ဆိုသည်။

 

လာအို၊ထိုင်း၊ ဘရူးနိုင်း နှင့် ဗီယက်နမ် နိုင်ငံ လေးနိုင်ငံသာ တက်ရောက်ခဲ့သည့် အာဆီယံ လေတပ် စစ်ဦးစီး ချုပ်များ အစည်းအဝေး ပြုလုပ်ခဲ့သည့် စက်တင်ဘာ ၁၃-၁၅ သုံးရက်ကြာ ကာလအတွင်း စစ်ကောင်စီ လေတပ်မှ မြန်မာပြည် အလယ်ပိုင်းရှိ အင်းတော်၊ ပုလဲ၊ အရာတော်၊ မိုးကုတ်၊ ကျောက်ကြီး ဒေသများသို့ စုစုပေါင်း အကြိမ် နှစ်ဆယ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံ များ နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များအား ကိုးကား၍ RFA သတင်းတွင် ဖေါ်ပြထားသည်။

 

အင်းတော်ရှိ ခရမ်းဆပ်ကုန်း ရွာသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီး ကျောင်း မီးလောင် ပျက်စီးသွားပြီး သက်တော် ၇၇ နှစ်ရှိ ကျောင်းထိုင်ဆရာတော် နှင့် ကပ္ပိယ တဦး ထိမှန် သေဆုံးသွားခဲ့ရသည်။

 

ထိုသို့ အရပ်ဖက် ပစ်မှတ်များကို လူထုအကြား အကြောက်တရား ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းသည် လူသားများ အပေါ် ကျုးလွန်သော စစ်ရာဇဝတ်မှု များ ဖြစ်သည်ဟု မည်မျှပင် ပြောဆိုနေကာမူ နိုင်ငံတကာ က လျစ်လျုရှုထားဆဲပင် ဖြစ်သည်။

 

ထိုဒေသများသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း တခါဖူးမျှပင် ဗုံးသံများ မကြားခဲ့ရဘူးသည့် ဒေသများ ဖြစ်သည်ကို ထောက် ရှုလျှင် အာဏာသိမ်း အဖွဲ့သည် မည်မျှ အထိ အရူးမီးဝိုင်း ဖြစ်လာနေသည်ကို ပြဆိုနေပေသည်။ 

 

၎င်းတို့ မည်သို့ပင် တိုင်းပြည် တည်ငြိမ်မှု ရှိနေကြောင်း ပြသလိုသည့် အနေဖြင့် အခမ်းအနားများပြုလုပ်၊ စစ်ခေါင်းဆောင်ကြီးက သူသွား၍ ရသည့် ‌နေရာများကို သွားပြ၊ ပြောချင်တာပြော အစရှိသည်တို့အားလုံးသည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်နေသော ဇီမ်ခံ သင်္ဘောကြီး ပေါ်တွင် ညစာစားပွဲ ပြုလုပ်ရန် ခုံများ ခင်းနေခြင်း သာ ဖြစ်သည်။

 

မြန်မာ အာဏာသိမ်း အဖွဲ့၏ တရုတ်ပြည်ဆိုင်ရာ သံအမတ် ဖြစ်သူ တင်မောင်ဆွေ ဆိုသူမှ စိုက်ပျိုးရေး၊ ကျန်းမာရေး နှင့် စွမ်းအင် ကဏ္ဍတွင် အသုံးပြုရန် ဆိုကာ နောက်ဆုံးပေါ် နျူကလီယား နည်းပညာများ လွှဲပြောင်းပေးရန် အာဆီယံ-တရုတ် ဖိုရမ် ဆွေးနွေးပွဲတွင် တောင်းဆိုလာသည်အထိ တိုင်းပြည်ကို မီးလောင် တိုက်သွင်းရန် ကြံစည်လာပြီ ဖြစ်သည်။

 

၎င်းတို့ စိတ်ထဲတွင် ရုရှား မှ မျောက်အုံးသီးရ ပညာရေး အဆင့်မျိုးလောက် သင်ကြားပေးခဲ့သည်ကို အဟုတ်ထင်ပြီး ထိုသို့သော နျူကလီယား နည်းပညာ ကို လုံခြုံစိတ်ချစွာ ကိုင်တွယ်နိုင်မည်ဟု အထင်ရောက်နေရှာသည်။ 

 

တဖက်တွင်လည်း အမေရိကန် အား ၎င်းတို့ကို ဒီထက်ပို၍ ဆန့်ကျင်လာပါက မည်မျှ အတိုင်းအတာ အထိ လုပ်ပြနိုင်သည်ကို ခြိမ်းခြောက် ချင်ပုံရသည်။ ယခင်က ဗိုလ်ရွှေမန်း သည် မြောက်ကိုရီယားသို့ သွားရောက်ခဲ့ပြီး စာချုပ်စာတမ်းများ လက်မှတ်ထိုးခဲ့သည် အထိ ဖြစ်လာခဲ့မှု ကြောင့် အမေရိကန်က ၎င်းတို့နှင့် ပြန်ဆက်ဆံလာခြင်းဟု ယူဆနေပုံလည်း ရှိသည်။ တင်မောင်ဆွေအားလည်း မြောက်ကိုရီယား နိုင်ငံဆိုင်ရာ ပူးတွဲ သံအမတ်ဆိုကာ စက်တင်ဘာ ၁၁ ရက်နေ့က ခန့်အပ်ခဲ့ပြန်သည်။

 

မင်းအောင်လှိုင်၏ သမီး ဖြစ်သူ တစိတ်တပိုင်း ပိုင်ဆိုင်ထားသည့် 7th Sense မှ ရိုက်ကူး ဖြန့်ချီသည့် “အခါလွန်မိုး” ဆိုသည့် ရုပ်ရှင်အား စက်တင်ဘာ ၂၂ ရက်နေ့တွင် ရုံတင် ပြသတော့မည့် ဖြစ်၍ ပြည်သူများက ဝိုင်းဝန်း ဆန့်ကျင် သပိတ်မှောက်ကြရန် ပြည်သူများ ဖက်မှ ယခုထိ ရပ်တည် နေခဲ့သည့် အနုပညာရှင်များ က မေတ္တာ ရပ်ခံ ထားသည်။ ပြည်သူများ အနေဖြင့် တတိုင်းပြည်လုံး ဒုက္ခရောက်နေသည့် အချိန်တွင် မိမိတို့အပေါ် တစက်ကလေးမျှ ငဲ့ညှာခဲ့ခြင်း မရှိပဲ တိုင်းပြည်သည် ပုံမှန်ဖြစ်နေသည်ဟု ဝါဒဖြန့်လိုသော အာဏာသိမ်း အဖွဲ့ ၏ ကျွန်ယုံ ကျွန်ကောင်း ပီသစွာ ပူးပေါင်းနေကြသည့် “အဖြူရောင်” ဆိုသည့် အနုပညာရှင်များအား ပြင်းထန်စွာ ဒဏ်ခတ် ကြရန် တာဝန်ရှိပေသည်၊ ယခုအခါတွင် ထိုတာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုလာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ