ရှောင် တန်နဲလ် ၏ မင်းအောင်လှိုင် အတွက် အမှာစကား

by Hla Soewai - Sep 21 2023

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ဩစတေးလျှ ပညာရှင် မစ္စတာ ရှောင် တန်နဲလ်မှ သူ၏ အကျဉ်းစံရက်ပေါင်း ၆၅၀ အတွင်း တွေ့ကြုံခဲ့ရသည်များကို မှတ်တမ်းတင် ရေးသားထားသည့် “An Unlikely Prisoner” စာအုပ်အား မကြာခင် ဩစတေးလျှ ရှိ ပင်ဂွင်း စာအုပ်တိုက်မှ ဖြန့်ချီတော့မည် ဖြစ်သည်။

 

ယင်း နှင့် ပတ်သက်၍ RFA မှ ရှောင် တန်နဲလ် အား အွန်လိုင်း မှ တဆင့် တွေ့ဆုံ မေးမြန်း ခဲ့မှု များ အတွင်း မင်းအောင်လှိုင် အား ပြောလိုသည့် အကြောင်းများ ရှိနေလားဟု မေးမြန်းခဲ့ရာတွင် “နိုင်ငံ နှင့် ပြည်သူ အကျိုး ကို ဦးစားပေး ရန်၊ လက်ရှိ မိမိကိုယ် မိမိ ကာကွယ် ပြောဆိုပြီး တကိုယ်ကောင်းဆန်စွာ ပြုကျင့်နေမှု များအား ရပ်တန့်ရန် ကို ပြောဆိုသွားပြီး ၎င်းတို့ အားလုံးသည် နိုင်ငံ၏ အကျိုးစီးပွားကို စိတ်ထဲ နှလုံးထဲ သွင်းထားကြသူ များ မဟုတ်ဟု ဆိုသည်။

 

အားလုံးကိုတော့ မဆိုလိုကြောင်း၊ အချို့သည် လက်ရှိ ဖြစ်ပေါ်နေမှုများ ကို ကြည့်ပြီး အတွေးတမျိုး ဝင်လာနိုင်ကြောင်း၊ ထိတ်ဆုံးတွင် ရှိနေသော လူများ မဟုတ်သော်လည်း အချို့ ဉာဏ် အမျှော် အမြင် နဲ့ ပြည့်စုံပြီး ၎င်းတို့ အကြံအစည် ထဲတွင် မလွှဲမရှောင်သာ ပါဝင်ခဲ့သူများကမူ “တော်လောက်ပြီ၊ ရပ်တန်းက ရမှ ဖြစ်တော့မည်” ဆိုသော အတွေးမျိုး ဝင်လာနိုင်ကြောင်း၊ အဲ့ဒီလို ဖြစ်လာပါစေလို့ လည်း မျှော်လင့်နေကြောင်း၊

 

တိုင်းပြည်၏ စီးပွားရေး နှင့် ဆိုးရွားလာသော အခြေအနေများကို တွေ့မြင်လာနေသူများ အတွက် “ဆက်လုပ်၍ မဖြစ်နိုင်၊ ရပ်တန်းက ရပ်မှ ဖြစ်မည်” ဟု မတွေးပဲ မနေနိုင်အောင် ဖြစ်လာမည့် လူများ ရှိနေမည်သာ ဖြစ်သည်ဟု ‌ပြောသွားခဲ့သည်။

 

ရှောင် တန်နဲလ် ပြောသည်က အမှန်ပင် ဖြစ်သည်၊ မင်းအောင်လှိုင်လည်း ထိုအကြောင်းကို ကောင်းစွာ ရိပ်စား မိနေပြီ ဖြစ်၍ သူ့လူများ အကြား ထိုသို့သော အတွေးမျိုး ဝင်မလာအောင် စီးပွားရေး နှင့် ပတ်သက်၍ သူသိသမျှ မှတ်သမျှ လေး နှင့် အတင်းအကျပ် လိုက်လုပ်နေခြင်းပင် ဖြစ်သည်၊ တိုင်းပြည်စီးပွားရေး အား ထိန်းချုပ်ရန် စီးပွားရေး လုပ်ငန်းရှင်များကို ဖမ်းဆီး ထိန်းသိမ်း ယုံမျှ နှင့် မည်သို့မျှ ပြောင်းလဲအောင် လုပ်နိုင်မည် မဟုတ်ဆိုသော အတွေး အခေါ်မျိုး လောက်တော့ ရှိနေမည်သာ ဖြစ်သည်။

 

လက်ရှိ ဖြစ်ပေါ်နေသည်များကို မည်သို့မျှ ထိန်းချုပ်၍ မဖြစ်နိုင်တော့၊ ဆိုးသည်ထက် ဆိုးလာဖို့သာ ရှိနေသည်ကို သူလည်း တွက်ဆမိနေ၍ ရှောင် တန်နဲလ် ပြောသလို ဖြစ်မလာအောင် “အဘတို့ဖက်က အတတ်နိုင်ဆုံး ကြိုးစားနေပါသည်” ဆိုကာ အောက်ခြေ တွင် ဝါဒဖြန့်နိုင်ရန် အတွက်သာ ဖြစ်သည်။

 

တိုင်းပြည် စီးပွားရေး ကျဆင်းလာသည်က သူတို့အတွက် အရေး မကြီးလှသော်လည်း အောက်ခြေ ကို ထိန်းထားနိုင်ဖို့ မျိုးမျိုး မြက်မြက် ပေးထားနိုင်ရန် အခက်တွေ့လာနေပြီ ဖြစ်သည်။ 

 

ယခုအခါ အပြင်သို့ ပေါက်ကြားလာသော စက်တင်ဘာ ၅ ရက်နေ့ တိုင်းဒေသကြီးများ နှင့် ပြည်နယ် အဆင့် စစ်ကောင်စီ ၏ ဌာနတွင်း ညွှန်ကြားချက်တွင် မိမိတို့ သက်ဆိုင်ရာ ဒေသများ ရှိ စတိုး ဆိုင်များ၊ စားသောက်ဆိုင်များ အား ၎င်းတို့ ထုတ်လုပ်သော ကုန်ပစ္စည်းများ နှင့် ဆင်းကပ်များ ရောင်းချရန် အဆင်သင့် ဝယ်ယူ သိုလှောင်ထားခြင်း ရှိမရှိ ကို ကွင်းဆင်း စစ်ဆေးရမည်ဟု ပါရှိသည်။ ဆိုလိုသည်က ဝယ်သူ ရှိရှိ မရှိ ရှိ ဆိုင်ပိုင်ရှင်များ အနေဖြင့် ၎င်းတို့ ပစ္စည်းများကို မဖြစ်မနေ ဝယ်ယူရန် ဖိအားပေးလာခြင်းပင် ဖြစ်သည်။ ထိုသို့ ဝယ်ယူထားခြင်း မရှိပါက ၎င်းတို့ အခေါ် “အကြမ်းဖက် အဖွဲ့အစည်းများ” နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ယူဆစရာ ဖြစ်လာသည့် သဘောမျိုးလည်း စာတွင် ပါရှိသည်။

 

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် အခြား မြို့ကြီးများတွင် ရဲ နှင့် ထွေအုပ်ရုံးတို့ မှ ပုဂ္ဂိုလ်များ ဆိုင်များကို စတင် ကွင်းဆင်း စစ်ဆေးနေကြပြီ ဖြစ်သည်။

 

ထိုလုပ်ရပ်ကို ကြည့်ပါက ပြည်သူလူထု ၏ အကျိုးစီးပွား အတွက် လော၊ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း လုပ်နေခြင်းလော ဆိုသည်က လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပေသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ ကျန်းမာရေး ဆိုးရွားလာနေသည်ဟု သတင်းများ ထွက်ပေါ်လာ၍ မလေးရှား ရှိ ရွေးကောက်ခံ ပါတီ ပေါင်းစုံမှ အမတ် ၁၃၅ ဦး မှ အမြန်ဆုံး ပြန်လွှတ်ပေးရန် လက်မှတ်ရေး ထိုး တောင်းဆိုလာကြသည်။

 

ရှောင်တန်နဲလ်မှ လည်း သူ၏ အထက်တွင် ဖေါ်ပြခဲ့သည့် အင်တာဗျုးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး သူမနှင့် အတူ တွဲလုပ်ကိုင်ခွင့် ရခဲ့သည်ကို လွန်စွာ ဂုဏ်ယူဖွယ်ပင် ဖြစ်ကြောင်း၊ ထို့အပြင် တရားခွင်နှင့် သူမနှင့် ဆုံစည်းခဲ့ရာ သူမ၏ အပြုအမူ များသည် ထူးထူးကဲကဲ တည်ငြိမ်လွန်းလှ၍ ကျွန်တော်အတွက် စိတ်ဓါတ်ခွန်အား များ ဖြစ်စေခဲ့ရသည်ဟုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ဒေါ်စု နှင့် မြန်မာပြည်သူများကို ချစ်ခင်လျက်ရှိကြောင်း နှင့် မြန်မာပြည်တွင် ဖြစ်ပျက်နေသည်များကို အမြဲလို စောင့်ကြည့် နားစွင့်နေကြသော ကမ္ဘာတဝှမ်း တွင် သန်းပေါင်းများစွာ ရှိနေဆဲဟု လည်း အားပေးစကား ပြောဆိုသွားခဲ့သည်။

 

TNLA နှင့် PDF တပ်ဖွဲ့များသည် မိုးလုံးမှိုင်း စစ်ဆင်ရေး ဖြင့် မိုးကုတ်မြို့နယ် အတွင်း စက်တင်ဘာ ၁၁ ရက်နေ့မှ စ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မိုးကုတ်မြို့နှင့် ကီလို မီတာ ၃၀ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်၊ စစ်ကောင်စီ ဖက်မှ ၈၀ ခန့် ထိခိုက် သေဆုံးမှု ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!