ပြိုင်ဖက် များကို ဖြတ်ကျော် ပန်းဝင်လာသော ရှီကျင့်ဖျင်

by Hla Soewai - Jan 18 2020

ဇန်နဝါရီ ၁၁ ရက်နေ့ တိုင်ဝမ် ‌ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဆိုင် အင်ဝင်း အပြတ်အသတ် အနိုင်ရခဲ့သည်ကို ကြည့်ပြီး တရုတ်၏ အိမ်နီးချင်း နိုင်ငံငယ်များ အပေါ်
အနိုင်ကျင့် ခြိမ်းခြောက်သည့် နိုင်ငံခြားရေးမူဝါဒ ကျဆုံးသွားပြီ ဖြစ်သည်ဟု ယူဆလာကြသည်။ အထူးသဖြင့် ရှီ ကျင့်ဖျင်၏ အလှမ်းကျယ်မှု များကြောင့် ‌ခြေလှမ်းမှားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုကဲ့သို့သော အမြင်များသည် ရှီ ကျင်ပင့်အား ဗိုလ်ကျ အနိုင်ကျင့်ချင်စိတ် ရှိသူဟု ရှု့မြင်နေကြသော အမေရိကန် တို့အဖို့ နှလုံးပီတိ ဂွမ်းဆီထိစရာပင် ဖြစ်သည်။ သို့သော် တရုတ်သည် အခြား အိမ်နီးချင်း နိုင်ငံများ အပေါ် တဖြေးဖြေး နှင့် အောင်မြင်စွာ ဩဇာလွှမ်းမိုးလာနေသည့် အနေအထားကို ထင်ဟပ်နိုင်စွမ်း မရှိပေ။

 

အကောင်းဆုံး သက်သေသာဓက တခုမှာ ဇန်နဝါရီ ၁၇ ရက်နေ့က မြန်မာသို့ ရောက်ရှိလာသော ရှီ ကျင့်ဖျင်၏ ခရီးစဉ်ပင် ဖြစ်ပေသည်။ တရုတ်၏ အင်အား ချိန်ခွင်လျာ ကိုထိမ်းညှိရန် နှင့် ဖြစ်နိုင်လျှင် ဖိနှိပ်ထားရန် ကြံနေကြသော အမေရိကန်၊ ဂျပန် နှင့် အိန္ဒိယတို့ ၏ စွမ်းဆောင်နိုင်ခြင်း မရှိမှု ကို မီးမောင်းထိုးပြလိုက်သည့် ခရီးစဉ် လည်း ဖြစ်သည်။

 

မြန်မာသည် စီးပွားရေး အရ တရုတ်တို့မက်လောက်စရာ မရှိသော်လည်း မဟာဗျူဟာအနေအထားနှင့်ပတ်သက်ပြီး မက်လောက်စရာ ဖြစ်နေသည်။ ရှီ ၏ ရွှေလို ဥထားသော ရပ်ဝန်းနှင့်လမ်း စီမံကိန်း အတော်များများသည် မြန်မာနှင့် ပတ်သက်နေပြန်သည်။ သူ၏ ခရီးစဉ် အတွင်း ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် မီးရထားလမ်းများ၊ ဓါတ်အားပေးစက်ရုံများနှင့် ဆိပ်ကမ်း တည်ဆောက်ရေးများ ပါဝင်နေသည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး အပြင် ရန်ကုန်မြို့သစ် စီမံကိန်းများ စတင်ရေး ရုပ်လုံးပေါ်လာစေရန် တွန်းတွန်းတိုက်တိုက် လုပ်သွားရန်ရှိနေသည်။

 

တရုတ်တို့၏ စီမံကိန်း အတော်များများသည် ဆင်ဖြူတော် ဟု လူများ ရည်ညွှန်း ခေါ်ဝေါ်နေကြသည့် အကုန်အကျ များပြီး အကျိုးမရှိသည့် စီမံကိန်းများ ဖြစ်နေပြန်သည်။ တရုတ်တို့အတွက်မူ အဓိပ္ပါယ်ရှိနေသည်။ ၎င်းတို့၏ ကုန်းတွင်းပိတ် ပြည်နယ်များအနေနှင့်အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရလာတော့မည် ဖြစ်သည်။ ကာလကြာမြင့်စွာ ကတည်းက ရည်မှန်းထားသည့် သမုဒ္ဒရာ နှစ်စင်း မဟာဗျုဟာ သည်လည်း ပြည့်ဝပေတော့မည်။

 

မြန်မာ အဖို့ အလွန်အမင်း လိုအပ်နေသော ဆယ်ဂဏန်း အထက်ရှိ ဒေါ်လာ ဘီလီယံ များ ရင်းနှီးမြှုပ်နှံလာမှုကြောင့် အကျိုးရှိနိုင်သည်မှာ မှန်သော်လည်း နိုင်ငံရေးအရ မလှုပ်နိုင်အောင် ချီပြီးတုပ်ပြီး အနေအထားသို့ သက်ဆင်းသွားနိုင်ပြန်သည်။

 

တရုတ်တို့သည် ကြွေးမြီ ထောင်ချောက် သံခင်းတမန်ခင်းကို အသုံးချခြင်နေသဖြင့် ၎င်းတို့၏စီမံကိန်းများသည် ဈေးကို မတန်တဆ မြှင့်တင် ထားတတ်ကြသည်။ ထို့ကြောင့်ဘင်္ဂလား ပင်လယ်အော်အဝရှိ ကျောက်ဖြူရေနက် ဆိပ်ကမ်းအား ဒေါ်လာ ၉ ဘီလီယံမှ၁ ဘီလီယံ အထိ လျော့ချလာအောင် မြန်မာမှ မရမက ဈေးဆစ် ယူခဲ့ရသည်။ ယခုလည်းယူနန် ပြည်နယ် နှင့် ရန်ကုန်အကြား မီးရထားလမ်းကို ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည်ဟု ဆိုလာကြပြန်သည်။

 

ကုန်ကျစရိတ်ထက် ပို၍ ကြီးမားလာနိုင်သည်မှာ နိုင်ငံရေး ဖက်တွင် ဖြစ်သည်။ ယခင်က စစ်အစိုးရ နှင့် ပုလင်းတူ ဘူးဆို့ လုပ်လာခဲ့ကြသည့် သမိုင်းကြောင်း ရှိနေ၍ မြန်မာပြည်သူအတော်များများသည် တရုတ်ကို လက်မခံနိုင်အောင် ဖြစ်နေကြဆဲပင်။ ရှီ သည် ထိုသို့သောသဘောထားများကို ပြေလျော့သွားအောင် ကြံဆောင်မည်ဟု စိတ်ကူး မရှိခဲ့သည်သာမက မြန်မာတို့ မနှစ်မြို့သည့် မြစ်ဆုံဆည် တည်ဆောက်ရေး ကိုပါ ယခုထိ တွန်းအားပေးနေဆဲ ဖြစ်သည်။ တရုတ်တို့သည် မိမိတို့နိုင်ငံအား ၎င်းတို့၏ လက်အောက်ခံ နိုင်ငံတခုအလား သဘောထားချင်နေကြသည်ဟု မြန်မာတို့မှ သံသယ ရှိနေကြသည်မှာလည်း မှန်ကောင်း မှန်နိုင်ပေသည်။

 

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မိမိတို့အား တရုတ် တို့၏ လက်ပါးစေ ဟု ရှု့မြင်ခံရမည့် အရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အစိုးရမှ လုံးဝကို အဖြစ် ခံ၍ မရဟု ခံယူထားကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်တို့၏ မီဂါပရိုဂျက်များကို အနည်းဆုံး ရွေးကောက်ပွဲပြီးသည့်အထိ အချိန်ဆွဲထားလိုပုံ ရှိသည်။ ဤအရေးကို ကြိုမြင်ပုံရသော ရှီ သည် သူ၏ စီမံကိန်းများကို အလဟသ အချိန်ဖြုန်းနေသည်ဟု ဆိုကာ ရောက်လာခဲ့ခြင်း ဖြစ်မည်။

 

သူ‌၏ခရီးစဉ်နှင့် အတူ စီမံကိန်း အသစ်များ လက်မှတ်ရေးထိုး ထုတ်ပြန်ရန်ရှိနေပြီး ဆွေမျိုး ပေါက်ဖေါ် ထာဝရ ချစ်ကြည်ရေးကို တွင်တွင်ကျယ်ကျယ် သုံးစွဲဦးမည် ဖြစ်သည်။

 

မြန်မာ ၏ အရပ်ဖက် နှင့် စစ်ဖက် အုပ်ချုပ်သူတို့အတွက် တရုတ်ကို မှီခိုရမည့် အနေအထားမှလွတ်အောင် အပြင်းအထန် ရုန်းကန်ကြိုးစား ထားပြီး ဖြစ်သော်လည်း တကျော့ပြန်ရောက်လာ နေရသည့် အဖြစ်ကို ကြုံနေရပြီဟု ရန်ကုန်ရှိ မြန်မာအရေး လေ့လာနေသူ ရစ်ချတ် ဟိုစေး က ထောက်ပြခဲ့သည်။

 

ရခိုင်ပြည်နယ်အတွင်း လူမျိုးတုန်း သတ်ဖြတ်ခဲ့ကြသည်ဆိုသော စွပ်စွဲမှုများကို ဟိဂ်တရားရုံး အထိ တက်ရောက်ကာ ရင်ဆိုင်ဖြေရှင်းခဲ့ရသောကြောင့် မြန်မာအဖို့ မိတ်ဆွေများ နည်းသည်ထက် နည်းလာနေရသည်။

 

တရုတ် အနေဖြင့် အလွန်အကျွံ အခွင့်အရေးယူလာပါလျှင် မြန်မာ၏ ပြည်တွင်းနိုင်ငံရေးအနေအထားကြောင့် တိုင်ဝမ်ကဲ့သို့ အဖြစ်မျိုးကြုံရနိုင်သည်ကို တရုတ်တို့ သဘောပေါက်သင့်ပေသည်။ တရုတ်တို့ သည် အနောက်ဖက်ကမ်းခြေ တခုလုံး ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းနေစဉ်တွင် တည်တည်ငြိမ်ငြိမ် ဖြင့်သာ ချည်းကပ်မှ အောင်မြင်နိုင်ပေမည်။

 

တရုတ် သမ္မတ ယခုလို ရောက်ရှိလာခြင်းကြောင့် မြန်မာတို့ အဖို့ ကသိကအောင့် ဖြစ်နေရသလို အမေရိကန်၊ ဂျပန် နှင့် အိန္ဒိယ တို့လည်း တရုတ်တို့ ခြေလှမ်းကျဲလာနေမှုကိုကြည့်ကာ အထိတ်တလန့် ဖြစ်လာကြရပြန်သည်။

 

ဂျပန်သည် မြန်မာ၏ အခြေခံ အဆောက်အအုံများ မြှင့်တင်ရေး စီမံကိန်းများတွင် ငွေကြေး အမြောက်အများ ထည့်ဝင်ထားပြီး အမေရိကန် အရာရှိများသည်
ကျောက်ဖြူ ဆိပ်ကမ်း နှင့် စပ်လျင်း၍တရုတ်နှင့် ပြန်လည် ဆွေးနွေးနိုင်ရန်နောက်ကွယ်မှ တိတ်တဆိတ် အကူအညီပေးလျက် ရှိနေသည်။ အိန္ဒိယသည် မြန်မာနှင့် ပထဝီအနေအထား ၊ သမိုင်းကြောင်းအရပါ ဆက်စပ်နေသော်လည်း မြန်မာကို ကူညီခြင်းထက် ၎င်းတို့ အကျိုးရှိမရှိကို အရင် ဆန်းစစ်သူများ ဖြစ်နေပြန်သည်။ အဆိုပါ သုံးနိုင်ငံသည် တနိုင်ငံချင်းအရသော်၎င်း၊ အားလုံးစုပေါင်း၍ သော်၎င်း၊ မြန်မာအား တရုတ် အနားမှ ဆွဲထုတ်နိုင်ရန် ထိထိရောက်ရောက် စီမံချက် ရေးဆွဲထားခြင်းမျိုး မရှိသေးပေ။

 

တရုတ် တို့ ထကြွလာနေသည့် အရေးကို ထိမ်းချုပ်လိုသူများ အနေဖြင့် မြန်မာနှင့် အရင်စတင်ခြင်းသည် အကောင်းဆုံး အနေအထားပင် ဖြစ်သည်။

 

(Nikkei Asia Review တွင် ပါရှိသော 'China leaves rivals in the dust with influence in Myanmar' မှ ပြန်လည် ထုတ်နှုတ် တင်ပြသည်။ ဆောင်းပါးရှင် James Crabtree သည် စင်္ကာပူ အမျိုးသား တက္ကသိုလ်ရှိ လီကွမ်းယု ၏ Public Policy School ၏ တွဲဖက် ပါမောက္ခ တဦး ဖြစ်သည်)