Stupid is as stupid does!

by Hla Soewai - Sep 21 2023

ထိုစကားသည် နာမည်ကျော် Forrest Gump ရုပ်ရှင်မှ မင်းသား Tom Hanks ၏ ကျော်ကြားလှသော စကားဖြစ်သည်၊ ဆိုလိုသည်က လူများသည် stupid မဟုတ်ကြ၊ ၎င်းတို့၏ အပြုအမူများကသာ stupid ဖြစ်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် စိတ်ထဲတွင်တော့ အငတ်ငတ် အပြတ်ပြတ် နှင့် ရင်ဆိုင်ခဲ့ရသော တိုင်းပြည် စီးပွားရေး ကို ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေပင် အေးဆေး တည်ငြိမ်စွာ ဖြတ်သန်းနိုင်ခဲ့သေးလျှင် သူ့အတိုင်း လိုက်လုပ်ပါက အဘယ်သို့များ အဆင်မပြေ ဖြစ်နိုင်စရာ ရှိပေမည်နည်း။ တကယ်တမ်းတွင် အာဏာသည် သေနတ်ပြောင်းက ထွက်သည် ဆိုသည့် စကားသည် သွေးထွက်အောင် မှန်လေစွ ဟု တွေးကောင်းတွေးနေ ပေလိမ့်မည်။

 

မိမိအနေအထားက သူ့ထက် ဆိုးလာနေပြီး တပ်တွင်း ပုန်ကန်မှု ပင် ဖြစ်ပွားလာနိုင်၍ ပို၍ ရက်စက် ရမည်၊ ရက်စက်မှ ကြေကွဲ၊ ရဲမှ မင်းဖြစ် စကားလည်း ရှိနေသည် မဟုတ်ပါလား။

 

ယခုလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အတွင်း အောင်မြင်မှု မှန်သမျှ ကို တိုးတက်အောင် လုပ်ဖို့နေနေသာသာ ထိန်းသိမ်းနိုင်စွမ်းပင် မရှိ၍ တစစီ ဖြို့ဖျက်လာခဲ့သည်။

 

ယခုအခါ မည်သူမျှ ‌ဒေါ်လာငွေ ကိုင်မထားနိုင်အောင် နိုင်ငံခြားငွေ လဲလှယ်ခွင့် လိုင်စင် ၁၂၃ ခုကို စက်တင်ဘာ ၁၉ ရက်နေ့က ထပ်မံ ပိတ်ပင်လိုက်ပြန်သဖြင့် စုစုပေါင်း ၁၆၈ ခု ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် သွင်းကုန်/ ထုတ်ကုန် လုပ်ငန်း ကုမ္ပဏီများ၊ ခရီးသွား ကုမ္ပဏီများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆေဒိုနား အပါအဝင် ဟိုတယ်များနှင့် အခြား ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်သွားခဲ့သည်။ ထိုလုပ်ငန်းများသည် သတ်မှတ်ထားသော တဒေါ်လာ ၂,၁၀၀ ဈေးကို မလိုက်နာသောကြောင့် ဖြစ်သည်ဟု သိရသည်။

 

၎င်းတို့စိတ်ထဲတွင်တော့ ထိုသို့ လုပ်ခြင်းဖြင့် ပြင်ပတွင် ဒေါ်လာဈေးကစားနေမှု ရပ်တန့်သွားပြီး ငွေတန်ဖိုး ကျဆင်းနေမှု ကို ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်၊ ဤသည်က အသိပညာမဲ့စွာ ဖြင့် သေနတ်အားကိုးသော လုပ်ရပ်မျိုးသာ ဖြစ်သည်။ ထိုသို့ အ‌ခြေအနေမျိုး နှင့် ကြုံလျှင် ယခုလို လုပ်ရမည်ဟု မည်သည့် စီးပွားရေး တက္ကသိုလ် ကျောင်းတိုက်ကြီး ကမျှ သင်ကြား ပို့ချခဲ့မည်ကား မဟုတ်ပေ။

 

ထိုအထဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ စက်သုံးဆီ၊ ဆန်၊ မြေပဲ၊ စားအုံးဆီ ကုန်သည်များအား ‌ဖမ်းဆီးပစ်ရမည် ဆိုသည် ကလည်း သေချာပေါက် ပါဝင်မည် မဟုတ်ပေ။

 

မင်းအောင်လှိုင်၏ အားအထားရဆုံး လက်ရုံးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ မိုးမြင့်ထွန်း အား စုဲစမ်း အရေးယူနေရာမှ စစ်ကောင်စီ၏ ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး ဆိုသူ ညွန့်အောင်ကို ပါ ထပ်မံ ဖမ်းဆီးလိုက်ပြန်သည်။ 

 

မိုးမြင့်ထွန်းသည် ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်ရေး ကော်မတီ ဥက္ကဌ ဖြစ်ပြီး၊ ပူးတွဲ အတွင်းရေးမှုး ဖြစ်သူ ဗိုလ်ချုပ် ရန်နောင်စိုး တို့ ပြီးလျှင် ညွန်အောင်သည် အတွင်းရေးမှုး ဖြစ်ပြီး လက်ရှိတွင် တတိယမြောက် အဖမ်းဆီး ခံရသူ ဖြစ်သည်။

 

အောက်လက် ငယ်သားများ ကြားတွင် ငါတို့က အသေခံ တိုက်နေရသည်၊ အထက်ကတော့ အကျင့်ပျက် ခြစားပြီး အရက်ကလေး တမြမြ နှင့် ဖြစ်နေသည်ဟု ယူဆလာနေသည်များကို ပပျောက်စေရန် လုပ်ပြခြင်း သက်သက်သာ ဖြစ်သည်၊ ထို့အပြင် ထိုသို့ အရေးယူပြခြင်းဖြင့် မိမိသည် ထိုသို့ အကျင့်မျိုးကို မကျုးလွန်သည့် အပြင် သည်းငြည်းခံမည့်သူ မဟုတ်ဟု ထင်မြင် နိုင်မည် မဟုတ်ပါလော။

 

စီးပွားရေး ပျက်ယွင်းလာမှု အတွက် တရားခံက ဝိသမလောဘသား စီးပွားရေး သမားများကြောင့်ဟု အပြစ်ပုံချပြီး နောက် ၎င်းတို့ အား နိုင်ငံ အနှံ ပုန်ကန်နေမှု များ အား ကျေးလက် ဒေသများတွင် စာမတတ် ပေမတတ်ကြ၍ ဖြစ်ရကြောင်း စိုးဝင်းလ္ဘက်ခြောက်က ပြောလာပြန်သည်။ ၂၀၁၉ ခုနှစ် စာရင်းဇယား ကောက်ယူမှု အရ အသက် ၁၅ နှစ် အထက် နိုင်ငံတွင်း စာမတတ်သူ ၄.၁ သန်း ရှိနေသည်ဟု ၎င်းက ဆိုသည်၊ ယင်းသည်ကပင် နိုင်ငံတွင်း အကြမ်းဖက် လုပ်ရပ်များ၏ အဓိက တရားခံ ဖြစ်သွားရ ပြန်သည်။

 

ထိုသို့ ပြောဆိုမှု အား ဧရာဝတီက တုန့်ပြန်ရာတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကြီးမြင့်လှပါသည်၊ အကုန်သိ အကုန်တတ်ပါသည် ဆိုသော ဒေါ်စိန်အေး ကျောင်းဆင်း စစ်ဗိုလ်ချုပ်များသည် "စာမတတ် ပေမတတ်" သူများကိုပင် လက်မှိုင်ချနေရပြီဟု ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

 

နိုင်ငံရှိ မြို့နယ်ပေါင်း ၁၃၀ အား ၎င်းတို့ ထိန်းချုပ်နိုင်စွမ်း မရှိသေးပဲ မြို့နယ် ၅၀ ကျော်အား မာရှယ်လော ထုတ်ပြန်ထားရသည်ဟု မင်းအောင်လှိုင် ကိုယ်တိုင် ဝန်ခံထားရပြီးလည်း ဖြစ်သည်။

 

ယခုအခါ မင်းအောင်လှိုင်သည် တိုးတက်အောင် လုပ်နိုင်စွမ်း မရှိသူပီပီ နောက်ပြန်ဆွဲနိုင်ရန် ဗိုလ်သန်းရွှေ သာမက ဗိုလ်နေဝင်း အထိပင် လှမ်းမျှော်ကာ အရေးအဖတ် အတွက် အသုံးလုံး စီမံချက် စတင်ရန်ပင် ပြောလာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့ သည် ရှေးအဆက်ဆက် အာဏာရှင် များ နှစ်ပေါင်းများစွာ ကြာအောင် လုံခြုံစိတ်ချစွာ နေထိုင်သွားနိုင်သည်ကို ကြည့်၍ အသစ် အဆန်း မထွင်ရဲပဲ ၎င်းတို့ လုပ်သမျှ လိုက်လုပ်ခြင်း သည် သာ စိတ်အချရဆုံး ဟု ယူဆထားကြပြီ ဖြစ်သည်။

 

တရုတ် နှင့် အမေရိကန် အကြား ဆိုးဝါးလာနေသော ဆက်ဆံရေး ကြောင့် တရုတ် စက်ရုံများ အပေါ် မှီခိုနေရသည့် ဒေသတွင်းရှိ ကုမ္ပဏီများသည် အိန္ဒိယ နှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ လှမ်းမျှော်ကြည့်လာနေကြပြီ ဖြစ်သည်။ နိုင်ငံသည် ပုံမှန် အတိုင်းသာ ဆက်ရှိနေမည်ဆိုက ထိုအခြေအနေကို အခွင့်ကောင်းယူကာ တဟုန်ထိုး ထောင်တက်သွားအောင် ပြုလုပ်နိုင်‌ခြေ ရှိနေပေသည်။ ယခုအခါတွင်တော့ ရင်းနှီးမြုပ်နှံရေး ကော်မရှင် ဥက္ကဌ ဆိုသူ မိုးမြင့်ထွန်း ထံ ဒေါ်လာ ၄,၀၀၀ တန် ပြင်သစ် ကော့ညက် အရက်ပုလင်းများ အလျံပယ် ရောက်ရှိသွားသည်ကသာ အဖတ်တင် ခဲ့ပေတော့သည်။

 

ယခုအခါ တရုတ်နယ်စပ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ အလည် အပတ် ၇ ရက်ဗီဇာဖြင့် အလုပ်အကိုင် ရှာဖွေရန် လူများ နေ့စဉ် အစုလိုက် အပြုံလိုက် တန်းစီနေကြသည်ဟု မြန်မာနောင်း သတင်း တွင် ဖေါ်ပြထားသည်။

 

လှည်းဘီးသည် လှည်းကိုရုန်းသော နွားခြေရာ နောက်သို့သာ အစဉ်လိုက်သကဲ့သို့ နိုင်ငံ နှင့် လူမျိုး အပေါ် ကျုးလွန်ထားသော ရာဇဝတ်မှု များအတွက် အကုသိုလ်ကံ အကျိုးပေးချိန် အနှေး နှင့် အမြန်ဆိုသလို ရောက်လာတော့မည်မှာ ဧကန်မုချပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!