မြန်မာ အကြောင်း ထည့်မဆွေးနွေး သင့်တော့

by Hla Soewai - Sep 12 2023

 

အင်ဒိုနီးရှား ဥက္ကဌ အဖြစ် နောက်ဆုံး အကြိမ် တာဝန်ယူ ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နှင့် အရှေ့အာရှ ထိပ်သီး ‌တွေ့ဆုံပွဲအား ဂျကာတာ တွင် စက်တင်ဘာ ၅ ရက် မှ ၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။

 

ထိုအစည်းအဝေး မှ မြန်မာ အပြင် အခြား ကိစ္စများ ရလဒ်မည်မည်ရရ ထွက်ပေါ်လာခြင်း ရှိမည်ဟု မည်သူမျှ မျှော်လင့်ထားခြင်း မရှိပေ၊ ထိုအထဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း ပါဝင်နေသည်၊ ဂျိုး ဘိုင်ဒင်သည် ထိုသို့သော အစည်းအဝေးမျိုးကို ရှောင်လေ့ မရှိသော်လည်း ယခုအခါ ထိုအစည်းအဝေးသို့ ဒုသမ္မတ ကင်မလာ ဟာရစ် ကိုသာ စေလွှတ်ပြီး သူ ကိုယ်တိုင်ကတော့ အိန္ဒိယ နှင့် ဗီယက်နမ် သို့ သွားရောက်မည် ဖြစ်သည်။

 

တခါက ကွန်မြူနစ် တစ္ဆေကြီး အခြောက်ခံနေရစဉ်က အမေရိကန်၏ သံယောင်လိုက်ခဲ့ရရှာသည့် ဒေသတွင်း တပည့်ရင်း တပည့်ကောင်းကြီး ဖြစ်ခဲ့သော အာဆီယံသည် ယခုအခါ အပြစ်မဲ့ အရပ်သားများ အား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေမှု တွင် အဓိက တာဝန်ရှိသူ စစ်ကောင်စီ၏ လေတပ် ဦးစီးချုပ် ဖြစ်သူ ကိုယ်တိုင် စက်တင်ဘာ ၁၂-၁၅ တွင် ကမကထ လုပ် ကျင်းပမည့် အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ စုံညီ စွာ တက်ရောက်လာကြမည် ဖြစ်သည် အထိ ရဲတင်းလာကြသည်။ ဤသည်ကပင် ဒေသတွင်း အမေရိကန်၏ ဩဇာအာဏာ ကျဆင်းလာနေမှု ကို အထင်အရှား ဖေါ်ပြ လိုက်သည့် လုပ်ရပ်လည်း ဖြစ်သည်။

 

မိမိတို့ အပေါ် နေ့စဉ်နှင့် အမျှ ရက်စက်ကြမ်းကြုပ်စွာ ပြုမူ ဆက်ဆံ နေသည့် စစ်အာဏာသိမ်း အဖွဲ့ အပေါ် တွန်းလှန်နေမှု ကို အာဆီယံ သည် အထင်သေး အမြင်သေး ဆက်ဆံနေသည်၊ ၎င်းတို့ အားလုံးသည် တရုတ်ကဲ့သို့ပင် ခန့်မှန်း၍ ရပြီး စိတ်ချလက်ချ ဆက်ဆံ၍ ရသည့် စစ်ဗိုလ်ချုပ် များ နှင့်သာ ဆက်ဆံလိုကြသည်။ ထိုသို့ ခံယူချက်ဖြင့် မြန်မာ အရေးကို ရှဉ့်လဲလျှောက်သာ ပျားလည်း စွဲသာ သဘောဖြင့် မည်ကာ မတ္တာ ဆက်ဆံနေသော အိမ်နီးချင်း နိုင်ငံများ အား အကောင်းဆုံး လက်စားချေနည်းက မိမိတို့ အားလုံး စည်းလုံးညီညွတ်စွာ ဖြင့် ပန်းတိုင်ကို မမှိတ်မသုံ ဆက်လက် ချီတက် နိုင်ရေးပင် ဖြစ်သည်။

 

ထိုအရေးကို နိုင်ငံတကာ စင်မြင့်တွင် ဦးဆောင်မှု ပေးနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ အား မည်မျှပင် ချို့ယွင်းချက်များ ရှိနေသည် ထားဦး၊ မမှိတ်မသုံ ထောက်ခံမှု ပေးရမည်သာ ဖြစ်သည်၊ အကယ်၍ ညီညွတ်မှု မရှိဟု အထင်ရောက်သွားပါက မိမိတို့ တော်လှန်ရေးအား နိုင်ငံတကာက အထင်သေး အမြင်သေး ဖြစ်လာမည်၊ ဆက်၍ ထောက်ခံနေပါက ဒေသတွင်း မတည်မငြိမ် ဖြစ်နေသည်သာ အဖတ်တင်မည်၊ အချိန်ဖြုန်းနေ၍ မဖြစ် ဆိုကာ စစ်ကောင်စီအား မသိမသာ ပြန်လည် ဆက်ဆံလာကြမည်သာ ဖြစ်သည်။

 

လက်ရှိ အာဆီယံ လေတပ် စစ်ဦးစီးချုပ် များ အစည်းအဝေး နေပြည်တော် တွင် လာရောက် ကျင်းပခြင်းကပင် ၎င်းတို့ မိမိတို့ တော်လှန်ရေး အား မည်မျှအထိ အထင်သေး အမြင်သေး ဆက်ဆံနေသည်ကို အထင်အရှား တွေ့မြင်နိုင်သည်။ မိမိတို့ဖက်မှ ယခုထက် ပို၍ စည်းလုံးညီညွတ်ရတော့မည် လည်း ဖြစ်သည်။

 

လက်ရှိတွင် ငါသိ ငါတတ် ဆရာကြီးများက မိမိတို့ မည်မျှအထိ သိကြောင်း တတ်ကြောင်း ထုတ်ဖေါ်ပြီး လူအထင်ကြီးမှု ရစေရန် ကြိုးပမ်းလာနေမှုသည် ပုံမှန် အခြေအနေတိုင်းဆိုက မထောင်းတာ လှသော်လည်း လက်ရှိတော်လှန်ရေး အတွက် မူ ခလုတ်ကန်သင်းများ ဖြစ်လာနေသည်။ သို့သော် အရိုးစွဲလာနေပြီ ဖြစ်သော ခေတ်ဟောင်း စနစ်ဟောင်းကို ဖြိုဖျက် ရုန်းထွက်ရမည့် ခရီးကြမ်းတွင် ထိုသို့သော ဆူးညှောင့် ခလုတ်များ၊ ပယောဂများက မရှိမဟုတ် ရှိတတ်စမြဲ ပင် ဖြစ်သည်။

 

ဤသည်ကလည်း အလှည့်အပြောင်းကြီး နှင့် ကြုံလာရသော ကြားကာလတွင် နိုင်ငံရေးကအစ အသိလိမ္မာတရား အဆုံး ရုတ်တရက် ပီပြင် ကြည်လင်ခြင်း မရှိနိုင်သေး၊ မှုန်ဝါးဝါး ဖြစ်နေချိန်တွင် ဟိုဟာ ကောင်းနိုး ဒီဟာကောင်းနိုး နှင့် စိုးရိမ်တကြီးဖြင့် ထင်ရာမြင်ရာ ပြောကြဆိုကြ အဆင့်မျိုးသာ ဖြစ်သည်။ ထိုအထဲတွင် စိတ်ရင်း စေတနာ ကောင်းဖြင့် ရိုးသားစွာ အကြံပြုလာသည်များကိုတော့ ‌ပေယျာလကံ ပြု၍ မဖြစ် တလေးတစား လက်ခံ ကြိုဆိုကြရမည် သာ ဖြစ်သည်။ 

 

စစ်ကောင်စီသည် ဘုရားကား အောက် မျောက်ကအထက် ပုံစံမျိုး နှင့် တိုင်းပြည်ကို လက်နက်ဖြင့် အုပ်ချုပ်နေကြသည့် အဆင့်သာ ရှိသည်၊ သို့သော် ၎င်းတို့ တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် နှိမ်နှင်း၍ မရသည့်အပြင် ၎င်းတို့ အစွမ်းအစဖြင့် မည်သို့မျှ ဖြေရှင်းနိုင်စွမ်း မရှိတော့သော စီးပွားရေး အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ 

 

ထိုသို့ တိုင်းပြည်စီးပွားရေး အား ထင်သလို စီမံခန့်ခွဲနေပြီး တိုင်းပြည်၏ ငွေတန်ဖိုးသည် ၃၀၀ ရာနှုန်းမျှ ထိုးကျသွားပြီး ငွေစက္ကူ ပုံနှိပ်စက်များ အားကိုးနေသည့် အဖြစ်ကပင် ရာဇဝတ်မှု မြောက်နေသည်ဟု ဝါရှင်တန်ရှိ နေရှင်နယ် စစ်‌ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက RFA တွင် ရေးသားထားသည်။

 

ထိုပြဿနာများကို ဖြေရှင်းရန် ထောက်လှန်းရေး အဖွဲ့များကို အားကိုးလာပြီး နိုင်ငံခြားငွေ လဲလှယ်ရေး အေဂျင်စီ ၃၀ ခန့်အား လိုင်စင် ရုပ်သိမ်းခဲ့သည်၊ ဤသည်ကပင် ဖြစ်လာရသော ပြဿနာများသည် ၎င်းတို့ ကြောင့် လားလားမျှ မဟုတ်၊ အဖျက်သမားများ၊ ဈေးကစားသူများ ကြောင့် ဖြစ်သည် ဆိုသည့် အတွေးအခေါ်မျိုး ရှိနေကြသူများ ဖြစ်သည်ကို သိသာ ထင်ရှားစွာ ပြဆိုနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤသည်ကလည်း ယခုမှ မဟုတ် ၎င်းတို့ အုပ်ချုပ်နေသည့် နှစ်ပေါင်း ၆၀ လုံးလုံး လှေနံဓါးထစ် စွဲကိုင်ထားကြသူများ ဖြစ်သည်။ တိုင်းပြည်လူဦးရေ၏ ၆၀ ရာနှုန်းသည် အနိမ့်ဆုံး သတ်မှတ်ထားသော ဆင်းရဲမှု မျဉ်း ၏ အောက်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ကမ္ဘာဘဏ်က မြန်မာပြည်အတွက် တနေ့လျှင် အမေရိကန် တ‌ဒေါ်လာ အောက် ဝင်ငွေ ရှိနေသူများဟု သတ်မှတ်ထားသည်။

 

အခွန် ဦးစီးဌာနမှ လည်း ထီရောင်းရ‌ငွေများ၊ ဝင်ငွေခွန်များ၊ ကုမ္ပဏီ အခွန်ငွေများ၊ သဘာဝ အရင်းအမြစ်များ ထုတ်ယူ အသုံးပြုခွင့်မှရသည့်ငွေများ၊ အကောက်ခွန် ဝင်ငွေများသည် တိုးမြင့်လာခြင်း မရှိပဲ ဒုံရင်း ဒုံရင်းက မတက်ဟုလည်း စစ်ဗိုလ်ချူပ်များကို အသိပေးလာပြီ ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိတွင်တော့ အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာမချင်း ၎င်းတို့ ချမ်းသာသည်ထက် ချမ်းသာအောင် လုပ်နေကြပြီး ပြည်ပသို့ ပိုင်ဆိုင်မှုများ လွှဲပြောင်းနေကြသည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!