ဘယ်ချောက်ကာ ညာလှမ်း

by Hla Soewai - Sep 12 2023

ဖြစ်နိုင်လျှင် အာဆီယံ အကြောင်း ကို ကျွန်တော် မရေးချင်၊ မည်သူကမျှ လည်း စိတ်မဝင်စားကြတော့၊ သူတို့၏ ဘယ်ခြောက်ခါ ညာလှမ်း လုပ်ရပ်များကို ပြည်သူများက စိတ်ကုန်လာကြပြီ ဖြစ်သည်။

 

 ယခု အာဆီယံ နှင့် အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲ များ နီးကပ်လာချိန်တွင် သတင်းများ တမူထူးခြားစွာ ထွက်ပေါ်လာနေပြန်သည်။

 

 ပထမဦးဆုံး ထိုင်း ဝန်ကြီးချုပ်သစ် သည် အလုပ်တွေ ပိပြီး အချိန်မပေးနိုင်တော့၍ ဆိုကာ အာဆီယံ အစည်းအဝေးသို့ မတက်ရောက်နိုင်ဟု အကြောင်းကြားလာသည်။ ၎င်းသည် စီးပွားရေး သမား ပီပီ နိုင်ငံခြားရေး မူဝါဒ ကို စိတ်ဝင်စားပုံမရ၊ ဦးဆောင်ဦးရွက် ပြုဖို့က ဝေးစွ ဟုပင် ဆိုရမည် ဖြစ်သည်။ သူသည် ဘဏ္ဍာရေး ဝန်ကြီး တာဝန်ပါ ပူးတွဲ ယူလိုက်ပြီး မြန်မာထက် လက်ရှိတွင် များစွာ သာလွန်နေသော ထိုင်းစီးပွားရေး ကို ဦးမော့အောင် အဓိက ထား လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

 ထိုင်းနိုင်ငံခြား‌ရေး မူဝါဒ အဖြစ် အာဆီယံ တွင် ထိုင်း အား လူလေးစားခံရသည့် အဆင့် ထိန်းသိမ်းထားရေး၊ တရုတ်-အမေရိကန် အကြားတွင် ဆက်ဆံရေး ထိန်းညှိ‌ရေး နှင့် မြန်မာ နိုင်ငံ၏ ပဋိပက္ခများ မှ ရိုက်ခတ်လာနိုင်သည့် အရေး ကို ကြိုတင် ကာကွယ်ရေး တို့ ဖြစ်သည်ဟု ဆိုကာ ထိုင်း ရေနံ နှင့် ဓါတ်ငွေ့ PTTEP အကြီးအကဲ ‌ဟောင်း ပရန်ပရီး ဘာဟီဒါ နူကာရာ အား ခန့်အပ်ခဲ့သည်။ သူသည် ဖူထိုင်း ပါတီမှ ရွေးချယ်ခဲ့သူ ဖြစ်သည်။

 

 နောက်တဦး သည် ကမ္ဘောဒီယား ဝန်ကြီးချုပ် အဖြစ် ပူပူနွေးနွေး ရွေးချယ်ခံထားရသူ ဟွန်ဆန်၏ သား ဟွန် မနက် သည် သူ၏ ပွဲဦးထွက် နိုင်ငံတကာ စင်မြင့်ပေါ်သို့ တက်လှမ်းလာမည် ဖြစ်သည်။ သူသည်လည်း ဟွန်ဆန် ကဲ့သို့ပင် မြန်မာ နှင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ဆိုသည်။

 

 လက်ရှိ ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား ကတော့ မြန်မာ အကျပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှု မရှိခဲ့ခြင်းကြောင့် အာဆီယံ သမိုင်းတွင် အမဲစက် ထင်ကျန် ရစ်တော့မည် ဖြစ်သည်ဟု ဖွင့်ပွဲနေ့တွင် တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီး များကို ပြောဆိုခဲ့သည်။

 

 အာဆီယံသည် အမေရိကန် သမ္မတ ဘိုင်ဒင် မှ ၎င်းတို့ အစည်းအဝေး ကို မတက်ပဲ အိန္ဒိယ နှင့် ဗီယက်နမ် နိုင်ငံများသို့ သွားရောက်ခဲ့ခြင်း အပေါ် တုန်လှုပ်သွားဟန် ရှိသည်။

 

 အင်ဒို နိုင်ငံခြားရေး ဝန်ကြီး ကတော့ အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရှိ‌ရေး နှင့် ဖွံ့ဖြိုးစည်ပင် ရေး တို့အတွက် အရေးကြီးသော အဖွဲ့အစည်းကြီး ဖြစ်ကြောင်း ပြသဖို့ လိုသည်ဟု ဆိုသည်။ သူမသည် စစ်အာဏာသိမ်း အဖွဲ့ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့များနှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ် အထိ ထိတွေ့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

 ထိုသို့ တွေ့ဆုံမှု များ ထဲတွင် အဓိက အကြောင်း အဖြစ် ပါလာသည်က စစ်ကောင်စီ နှင့် NUG အကြား အဆင့်မြင့် ကိုယ်စားလှယ် အချင်းချင်း တွေ့ဆုံနိုင်မည်လားဟု စကားတောက်လာခြင်း ပင် ဖြစ်သည်။ ယင်း ကိစ္စအား NUG မှ တိုင်းရင်းသား များ မပါပဲ နှင့်တော့ မတွေ့နိုင်၊ မိမိတို့ အားလုံး တူညီသော ရည်မှန်းချက် ဖြင့် တော်လှန်ရေးကြီး ဆင်နွှဲနေချိန်တွင် ဆုံးဖြတ်ချက်တိုင်းသည် တိုင်းရင်းသား အဖွဲ့များ၏ သဘောတူညီချက် ပါကို ပါရမည်သာ ဖြစ်သည် ဟူသော မူကို စွဲကိုင်ကာ ပယ်ချခဲ့ခြင်းပင် ဖြစ်သည်။

 

 မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကမူ လက်ရှိ အခြေအနေအတိုင်း ဆက်သွားမည်ကို လက်ပိုက်ကြည့်နေ၍ မရဆိုကာ စစ်အာဏာသိမ်း အဖွဲ့မှ မဖြစ်မနေ လိုက်နာလာအောင် အရေးယူရမည့် အချက်များ တင်ပြထားသည်ဟု သတင်းထောက်များအား အသိပေးလာခဲ့သည်။

 

 အာဆီယံ သည် မြန်မာ ပြဿနာ ကို ဆက်လက်၍ ပေယျာလကံ ပြုနေမည် ဆိုက ဒေသတွင်း ဖြစ်ပျက်နေမှု များ ကို မဖြေရှင်းနိုင်၊ အချင်းချင်း စုပြီး စကားပြောဆိုကြသည့် အဖွဲ့ကြီး အဖြစ် ရှုမြင်ခံရတော့မည့် အရေးကို စိုးရွံ့နေကြပြီ ဖြစ်သည်။

 

 အားလုံးက နောက်နှစ် တွင် တရုတ် ဩဇာခံ တပိုင်း ဖြစ်နေသည့် လာအို အား ဥက္ကဌ ရာထူး ကို လွှဲပြောင်းပေးရတော့မည် ဖြစ်၍ ၎င်းတို့၏ ရပ်တည်ချက်ကို မပြောင်းမလဲ ဆက်လက် ကျင့်သုံးရန် နှင့် ၎င်းတို့ ကိုယ်၌က ဘာမှ မလုပ်ခဲ့သော်လည်း လာအိုအား သံတမန်ရေး အကျပ်အတည်း ကျစေရန် ဖန်တီးပေးလိုပုံ ရှိနေသည်။

 

 လက်ရှိတွင် ၎င်းတို့၏ အဖွဲ့ဝင် နိုင်ငံများ အားလုံး၏ သဘောတူညီချက်အစား အများ သဘောတူညီချက်ဖြင့် ပြောင်းလဲရန်ပင် စဉ်းစားလာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

 အီးယူသည် မြန်မာနှင့် မည်သို့မျှ မပတ်သက်ဟု ပြတ်သားစွာ ပြောလာသည့် အတွက် ၂၀၂၆ အတွက် ဥက္ကဌ ရာထူးကို မပေးနိုင်တော့ဟု တရားဝင် အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု သံတမန်များ ထံမှ သတင်းထွက်လာခဲ့သည်။ ယခုအစည်းအဝေး တွင် ထိုရာထူးအား ဖီလစ်ပိုင် နိုင်ငံ သို့ လွှဲပြောင်းပေးနိုင်ရေး အတွက် ဆွေးနွေးကြမည်ဟု သိရသည်။ နောက်နှစ်တွင် မြန်မာ မှ စတင် တာဝန်ယူရမည့် အာဆီယံ-အီးယူ ဆက်ဆံရေး ညှိနှိုင်းမှု တာဝန်ခံ ရာထူးအားလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

 

 တဖက်တွင် လည်း ဘယ်ချောက်ကာ ညာလှမ်းဖြင့် နေပြည်တော်တွင် လုပ်မည့် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေး၊ ဟာဝိုင်အီတွင် လုပ်မည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာ အား တက်ရောက်ရန် ဖိတ်ကြားခြင်းများ ပြုလုပ်လာကြပြန်သည်။

 

 ယင်းကိစ္စနှင့် ပတ်သက်၍ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး မှ အာဆီယံ အတွက် lose-lose အနေအထား သာ ဖြစ်လိမ့်မည်ဟု ဆိုသည်၊ စစ်ကောင်စီသည် ထို့အခွင့်အရေးအား ၎င်းတို့ကို နိုင်ငံတကာ မှ အသိအမှတ် ပြုသည့် သဘောဝါဒဖြန့်နိုင်၍ မြန်မာ ပြည်သူများ အတွက် ထိခိုက်စရာ ဖြစ်သွားသည့် အပြင် အာဆီယံ အတွက်လည်း ၎င်းတို့ အပေါ် ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်နေသည့် ပြစ်မှု များ တွင် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလိုက်၍ ယုံကြည်မှု ဆုံးရှုံးခံလိုက်ရခြင်း သာ ဖြစ်သည်ဟု ဆိုသည်။

 

 အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းမာနေမှု ကို အာဆီယံသည် ဆက်၍ ငုံ့ခံနေမည်လော၊ သို့တည်းမဟုတ် အဖွဲ့ကြီးအား နိုင်ငံတကာ မှ တလေးတစား ယုံယုံကြည်ကြည် ဆက်ဆံခံရမည့် အနေအထား ဖြင့် ဆက်သွားမည်လော ဟု ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းကြောင့် တိုင်းပြည် ဂုဏ်သိက္ခာ သည် နိုင်ငံတကာ အလယ်တွင် ရစရာ မရှိအောင် ပျက်စီးသွားနေပြီ ဖြစ်သော်လည်း မြဝတီ ထွေအုပ် ရုံးအား ဒရုန်း ဖြင့် တိုက်ခိုက်ခံရမှု အား လက်တုန့်ပြန်သည့် အနေဖြင့် ၎င်းတပ်များ အနားသို့ပင် ကပ်ခွင့်မရသော လက်ခတ်တောင် စခန်းကုန်းအား တိုက်လေယာဉ်များ ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြင့် အာဆီယံ အစည်းအဝေး အား ကြိုဆိုလိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!