ဂျကာတာ တွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ မှ မိမိတို့ မြန်မာ အရေး နှင့် ပတ်သက်နေသည့် အဖွဲ့အစည်း များ နှင့် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ရာမှ မြန်မာ ပြည်သူများသည် စစ်တပ်အပေါ် လုံးဝ အယုံအကြည် ကင်းမဲ့နေပြီ ဆိုသည်ကို ရှာဖွေ သိရှိ နိုင်ခဲ့ပြီဟု ထုတ်ဖေါ် ပြော ဆို ခဲ့သည်။
မြန်မာ အရေး နှင့် ပတ်သက်၍ အဖွဲ့အစည်း အပေါင်း ၇၀ ခန့် နှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆွေးနွေးခဲ့ရာမှ ၎င်းတို့ အဖွဲ့အစည်း အချင်းချင်း အကြား ယုံကြည်မှု များ တိုးမြှင့်လာနေပြီး မြန်မာ စစ်တပ် အပေါ် တွင်တော့ အယုံအကြည် မရှိကြဟု ဆိုသည်။
မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် နိုင်ငံ အားလုံး တညီတညွတ်တည်း သဘောတူ ထားသည့် အချက် ငါး ချက်အား စိတ်ရင်းကောင်း ဖြင့် အစစ်အမှန် အကောင်အထည် ဖေါ်ခြင်း မရှိခဲ့၍ နိုင်ငံခြားရေး ဝန်ကြီးများ၏ ထောက်ခံတင်ပြချက်များ အရ ပြန်လည် သုံးသပ်သွားမည် ဟု ဆိုသည်။ မိသားစု ပုံစံဖြင့် ထိုပြဿနာ ကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း သုံးသပ် အဖြေရှာမှ ဖြစ်မည်ဟု ဂျိုကိုဝီ က ဆိုသည်။
မြန်မာ စစ်အာဏာသိမ်း အဖွဲ့အ ပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးကို အာဆီယံ ၏ အချက် ငါးချက် အကောင်အထည်ဖေါ်ရေး အား နည်းဗျုဟာ အရ ရော အစီအမံများ အထူးတလည် ချမှတ်၍ သော်၎င်း ပြုလုပ်သွားရန် လိုအပ်သည်ဟု အလေးအနက် ထောက်ပြသွားခဲ့သည်။
အာဆီယံ သည် ယခုအတိုင်း သွားမည် ဆိုလျှင် ၂၀၄၅ အထိ ပင် ခံတော့မည် မဟုတ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်နေပြီ ဖြစ်၍ မိမိတို့ အဖွဲ့ကြီးသည် စည်းလုံးညီညွတ်မှု ရှိရန် လည်း တိုက်တွန်းသွားခဲ့သည်။ မိမိတို့ အဖွဲ့ကြီးသည် အဖွဲ့ဝင် နိုင်ငံများရှိ ပြည်သူများကို တင်ဆောင်သွားနေရသည့် သင်္ဘောကြီး ဖြစ်၍ ဆက်လက် ရွက်လွှင့်သွားဖို့ လိုအပ်နေသည်ဟု ဆိုသည်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ မြန်မာ ၏ အချက် ငါးချက် အား မလိုက်နာမှု နှင့် ဆက်လက်၍ မတည်မငြိမ် ဖြစ်နေမှု များ အပေါ် အထူး စိတ်ပျက်မိကြောင်း၊ မြန်မာသည် အာဆီယံ ပဋိညာဉ် စာတမ်းကို လေးစား လိုက်နာ သင့်သည်ဟု သူ၏ ဖေ့စ်ဘုတ် ပို့စ်တွင် ရေးသား ခဲ့သည်။
ထိုသို့ လိုက်နာလာရန် အာဆီယံ သည် အကျိုးတူ ပါတနာ များ အပြင် ကုလသမဂ္ဂ နှင့် ပါ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားဖို့ လိုသည်ဟု လည်း ပါရှိသည်။
နောက်ထပ် စစ်အာဏာသိမ်း အဖွဲ့ ၏ အရှိုက်ကို ထိုးနှက်ချက် တခု အဖြစ် ဖီလစ်ပိုင် မှ ၂၀၂၆ အတွက် မြန်မာ အစား ဥက္ကဌ ရာထူးကို တရားဝင် လက်ခံ ဆောင်ရွက်သွားမည်ဟု သမ္မတ မားကိုစ် ဂျုနီယာ မှ အာဆီယံ ခေါင်းဆောင်များ နှင့် တံခါးပိတ် အစည်းအဝေး အပြီး တွင် ကျေညာချက် ထုတ်ပြန်လိုက်သည်။ ဤသည်ကလည်း အမေရိကန် နှင့် အီးယူ အဖွဲ့ဝင် နိုင်ငံအားလုံး မှ စစ်အာဏာသိမ်း အဖွဲ့အား အသိအမှတ် ပြုရန် ခါးခါးသီးသီး ဖြစ်နေခြင်းသည် အဓိက အကြောင်း အဖြစ် ပါဝင်ခဲ့ပုံရသည်။
စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံးက အချက် ငါးချက်ကို ဆက်လက်စွဲကိုင်သွားရမည် ဖြစ်သည့်အပြင် စစ်အာဏာသိမ်း အဖွဲ့ အား အာဆီယံ အဆင့်မြင့် အစည်းအဝေး များ တွင် ကိုယ်စားပြု တက်ရောက်ခွင့် မရရေး ကို ဆက်လက် စွဲကိုင်သွားရမည်၊ သို့မှသာ မြန်မာ အရေးတွင် ပတ်သက်နေသူများမှ မိမိတို့ အပေါ် ယုံကြည်မှု ရှိလာမည် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
အဖွဲ့ဝင် နိုင်ငံ အသီးသီးသည် ဘူမိနိုင်ငံရေး စိန်ခေါ်လာမှု များကို မိမိတို့နိုင်ငံ အကျိုးအတွက် ရပ်တည်ချက် အမျိုးမျိုး ရှိနေကြသော်လည်း တူညီသော သဘောထား တခု ဖြစ်လာအောင် ကြိုးစားရမည်၊ ထိုသို့ ဖြစ်လာမှသာ အားလုံးက အပေးအယူ ပုံစံမျိုး နှင့် ပါဝင်လုပ်ဆောင်ရမည်ဟုလည်း ဆိုသည်။
လက်ရှိတွင် နိုင်ငံငယ်ကလေး ဖြစ်သည့် လာအို မှ ဖြေရှင်းနိုင်မှု မရှိမည်ကို စိုးရိမ်သည့် အနေဖြင့် Troika Mechanism ဟု ဆိုသော သုံးပွင့်ဆိုင် ယန္တရား ဖြင့် ဆောင်ရွက်သွားမည်ဟု အစီအစဉ် ကို အဆိုပြုလာသည်၊ ထို သုံးပွင့်ဆိုင် သဘောသည် မြန်မာ အရေး နှင့် ပတ်သက်၍ ယခင် အာဆီယံ ဥက္ကဌ၊ လက်ရှိ ဥက္ကဌ နှင့် နောက်နှစ် အတွက် ဥက္ကဌ သုံးပွင့်ဆိုင် အတူ ညှိနှိုင်း ဆောင်ရွက်သွားရေးပင် ဖြစ်သည်။ ထို့အတွက် လာအိုသည် အင်ဒိုနီးရှား၊ မလေးရှား တို့ နှင့် ပူးတွဲ လုပ်ဆောင်သွားရမည် ဖြစ်သည်။
လေ့လာသုံးသပ်သူများ ကမူ ထိုသို့ ဖီလစ်ပိုင် အား မြန်မာ အစား ဥက္ကဌ ရာထူး ပေးအပ်ရန် ဆွေးနွေးခဲ့ကြခြင်းသည်ပင် မြန်မာ အရေးသည် နောက်ထပ် သုံးနှစ် အထိ ဆက်လက် တည်ရှိနေမည်ဟု ဝန်ခံသလို ဖြစ်သွားခဲ့ရသည်ဟု ဂျကာတာ အခြေစိုက် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့မှ ကျွမ်းကျင်သူ လီနာ အလက်ဇန်ဒရာ က ဆိုသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့မှ စစ်ကောင်စီ အား အစည်းအဝေး တက်ခွင့် ပိတ်ပင်ခြင်း သည် မအောင်မြင်၍ ပြန်ခေါ်ရန် ပြောဆိုမှု များ ထွက်ပေါ်လာနေပြီး အာဆီယံ အနေဖြင့် နဂိုမူလ အစီအစဉ် ကိုပင် စွဲကိုင်သွားမည်ဟု အင်ဒို နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ပြောကြားခဲ့သည်။
စစ်ကောင်စီသည် ထိုသို့ သဘောထား တင်းမာနေမှု ပြေလျော့စေရန် ၎င်းတို့၏ နိုင်ငံရေး ပါတီ အဖြစ် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ခင်ရီမှ တဆင့် ရွေးကောက်ပွဲ ကို ၂၀၂၅ တွင် ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု လေသံ ပစ်လာခဲ့သည်။ ဆိုလိုသည်ကတော့ ၎င်းတို့သည် အာဏာရှင်များ မဟုတ်၊ ဒီမိုကရေစီ ကို ယုံကြည်သူများ ဖြစ်သည်ဟု စစ်ဗိုလ်ချုပ်များက အသိပေးချင်ပုံရသည်။
၎င်းတို့ ယုံကြည်သော ဒီမိုကရေစီ သည် လူထုအား သေနတ်နှင့် ချိန်ကာ မဲရုံထဲ မောင်းသွင်းမည့် ပုံစံမျိုးသာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!