အာဆီယံ အစည်းအဝေး ပြီးဆုံး၊ တီမော သမ္မတ မှ နိုင်ငံတော် အတိုင်ပင်ခံ အား ကာကွယ်ပြောဆို

by Hla Soewai - Sep 12 2023

အာဆီယံ အဖွဲ့ ၏ သုံးရက်ကြာ ထိပ်သီး ဆွေးနွေးပွဲက ပြီးဆုံးသွားသည် နှင့်အမျှ ဝေဖန် ရှုတ်ချ ခံရမှု များ ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။ သုံးရက်ကြာ အစည်းအဝေး အပြီး တွင် အချက် ၁၉ ချက်ပါ ကျေညာချက် ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် “မြန်မာနိုင်ငံ တွင် အရပ်သားများ အပေါ် ပစ်မှတ်ထား အကြမ်းဖက်မှု များ ဆက်လက် ဖြစ်ပေါ်နေမှု အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” နှင့် ရပ်တန့်ရန် တောင်းဆိုမှု များ ပါရှိလာခဲ့သည်။

 

ထို့ပြင် ၂၀၂၆ ဥက္ကဌ ရာထူး အား ဖီလစ်ပိုင် သို့ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း နှင့် မြန်မာအရေး အတွက် သုံးပွင့်ဆိုင် ယန္တရား ဖြင့် ဆက်လက် လုပ်ကိုင် သွားရန် သဘောတူ ခဲ့ကြသည်ဟု လည်း သိရသည်။

 

အာဏာသိမ်း အဖွဲ့ သည် အရေထူ ကြသူများ ပီပီ ထိုသို့ ဥက္ကဌ ရာထူး အား အများနည်းတူ ထမ်းဆောင် ခွင့် မရသည်ကိုပင် မည်သို့မျှ ထူးခြားဟန် မရှိပုံဖြင့် ပြောခွင့်ရ ပုဂ္ဂိုလ်မှ ရွေးကောက်ပွဲ အပါအဝင် အခြား အရေးတကြီး လုပ်စရာ များ ရှိနေပြီး မိမိတို့ ဥက္ကဌ ရာထူး ယူလျှင် အနှောက်အယှက်များ ရှိလာနိုင်သည်ဟု သာ လျော့ပေါ့ ပြောဆိုသွားခဲ့သည်။ 

 

အာဆီယံ ၏ ကျေညာချက် အားလည်း တဖက်သတ် ဆန်ပြီး အဖွဲ့၏ ပဋိညာဉ် စာတမ်းကို ချိုးဖောက်ပြီး နိုင်ငံတနိုင်ငံ ၏ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ၎င်းတို့ ပိုင် သတင်းစာတွင် ပါရှိလာခဲ့သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ သည် ကျန်းမာရေး ကောင်းမွန်လျက် ရှိပြီး စစ်ဖက် နှင့် အရပ်ဖက်ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးနေကြောင်း ဘီဘီစီ သတင်းဌာနသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

နိုင်ငံတကာ နှင့် ပြည်တွင်း ရှိ မြန်မာ လူထုက မူ အာဆီယံအား “Toothless talking shop” မည်သို့မျှ လက်တွေ့ လုပ်ဆောင်နိုင်စွမ်း မရှိပဲ စကား စုဝေး ပြောဆိုနေသော အဖွဲ့ကြီး အဖြစ် ယူဆနေကြပြီ ဖြစ်သည်။

 

ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ မှ ဒေသတွင်း “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးစည်ပင်ရေး” အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ပြောနေသော်လည်း ၎င်းတို့ မျက်စိရှေ့တွင် မီးလောင်ပြကျလုမတတ် ဖြစ်လာသော နိုင်ငံ အတွက် ငြိမ်းချမ်းရေး အစီအစဉ်များက ရပ်တန့်နေပြီ ဖြစ်သည်။ မြန်မာ အရေးသာ မဟုတ် ဒေသတွင်း ငြိမ်းချမ်းရေး အား တိုက်ရိုက်ခြိမ်းခြောက် လာနေသော တောင်တရုတ်ပင်လယ် အရေးကိုပင် ဘုံရပ်တည်ချက် ထွက်ပေါ်မလာနိုင်သေးပေ။

 

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သဘောတူခဲ့သော ဘုံရပ်တည်ချက် ငါးရပ်အား ဘုရားဟော နိပတ်တော် အလား စွဲကိုင်လျက် ပင် ရှိပြီး မည်သို့ သဘောတူလာအောင် လုပ်ရမည် ဆိုသည်ကား တခုတလေမျှပင် ထွက်မလာခဲ့ပေ။

 

အာဆီယံ ထိပ်သီး အစည်းအဝေးကို တနှစ်လျှင် နှစ်ကြိမ် မျှ ပြုလုပ်နေကြသော်လည်း မြန်မာ အရေး နှင့် ပတ်သက်ပြီး တခါလာလည်း မဲပြာပုဆိုး သာ ဖြစ်နေသည်။

 

ဂျိုးဘိုင်ဒင်သည်ပင် အာဆီယံ အဖွဲ့သည် ဒေသတွင်း ပြဿနာများ မသက်ဆိုင်သလို ဖြစ်လာနေမှု ကြောင့် အရှေ့အာရှ အစည်းအဝေးသို့ ဒုသမ္မတ ကင်မလာ ဟာရစ်ကိုသာ လွှတ်လိုက်ပြီး သူကိုယ်တိုင်ကမူ ဗီယက်နမ် နှင့် ဆက်ဆံရေး တည်ဆောက်ရန် ဟနွိုင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ထို့အတွက် ပြည်သူများ ဖက်ကလည်း အာဆီယံ အပေါ် ယုံကြည်မှု တစက်တလေမျှပင် မရှိတော့ပဲ မိမိတို့ ၏ ခေါင်းဆောင် ဖြစ်သူ ၏ ကျန်းမာရေး ချို့ယွင်းလာမှု နှင့် ဆင်နွှဲနေသည့် တော်လှန်ရေး ကိုသာ အားတက်သရော ထောက်ခံဖို့သာ အာရုံစိုက်နေကြပြီ ဖြစ်သည်။ မိမိတို့အပေါ် တသက်လုံး ဗိုလ်ကျ အနိုင်ကျင့်လာသူများ နေ့စဉ်နှင့်အမျှ ဆောက်တည်ရာ မရအောင် ပြိုလဲ လိုက်လာနေသည့် အဖြစ်ကို အားရ နေကြပြီ ဖြစ်သည်။ ၎င်းတို့ တနည်းနည်း နှင့် ဆက်၍ ရပ်တည်သွားမည့် အဖြစ်ကို မည်သူမျှ မလိုလားကြတော့။

 

ထိုသို့ ဂျကာတာရှိ အစည်းအဝေး ခမ်းမကြီး အတွင်း ဘူးလုံး နား မထွင်း ဖြစ်နေကြချိန်တွင် ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ရှိ အကြမ်းဖက် စစ်တပ် မှ စစ်ကြောင်း ထိုးလာပြီ ဖြစ်၍ ကျေးရွာပေါင်း ၅၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများသည် အသက်လုကာ လွတ်ရာကျွတ်ရာ သို့ ပြေးလွှား ပုန်းအောင်းနေကြရပြီ ဖြစ်သည်။ အကြမ်းဖက် စစ်တပ် သည် ရွှေဘို၊ စစ်ကိုင်း နှင့် ဧရာဝတီ မြစ်ကမ်းဖက်မှ အင်အား ၁၀၀ စီခန့် ရှိသော စစ်ကြောင်းကြီး ၆ ကြောင်း ဖြင့် ပိတ်ဆို့လာပြီ ဖြစ်သည်ဟု မြန်မာ နောင်း သတင်းတွင် ဖေါ်ပြထားသည်။ ပြည်သူ့ တော်လှန်ရေး တပ်များသည် ထိုစစ်ကြောင်းများကို ရိုက်ချိုး ပစ်နိုင်ရေးသည် လွန်စွာ အရေးကြီးလာနေပြီ ဖြစ်သည်။

 

နောက်ထပ် အယ်ဂျာဇီရား သတင်း နှင့် တီမော သမ္မတ တွေ့ဆုံ မေးမြန်းခန်း တွင် တီမော ၏ အာဆီယံ သို့ ဝင်ရောက်နိုင်ရေး အပေါ် သမ္မတ နှင့် ဝန်ကြီးချုပ် အကြား သဘောကွဲလွဲမှု များ ရှိနေသည်ကို တွေ့ရသည်။

 

မြန်မာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ လုပ်ရပ်များသည် နိုင်ငံ နှင့် လူမျိုး ကို မည်မျှ အထိ ဒုက္ခပေးနေသည်ကို ယခုထိ နားမလည် နိုင်ကြသေးသူများ ဖြစ်သည့် အပြင် အာဆီယံ အပေါ် ယုံကြည်မှု ရှိရေးကို ပါ ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

သမ္မတ ရာမုစ် ဟိုတာ သည် အာဆီယံ သို့ ၂၀၂၅ တွင် တင်းပြည့်ကျပ်ပြည့် ဝင်ခွင့်ရရေး အားတက်သရော ရှိနေသော်လည်း ဝန်ကြီးချုပ် ဆန်ဆနာ ဂေါ့စ်မဲလ် ကမူ မြန်မာ အရေးအား ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် ထပ်မံ ကြိုးပမ်းမှု မတွေ့ရပါက ဝင်ရောက်မည် မဟုတ်ဟု လူသိရှင်ကြား ပြောဆိုထားပြီး ဖြစ်သည်။

 

သမ္မတ ရာမုစ် ဟိုတာ မှ နိုင်ငံတော် အတိုင်ပင်ခံ နှင့် ပတ်သက်၍ မှတ်ချက်ချ ပြောဆိုသွားမှုသည် လွန်စွာ မှ မှတ်သားစရာ ကောင်းလှ၍ ပြန်လည် တင်ပြလိုပါသည်။

 

“ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် အပုတ်ချနေသူတွေက သူမအနေနဲ့ စစ်တပ် အပေါ် အာဏာ လုံးဝ မရှိ သုံည ဖြစ်နေတယ် ဆိုတာ ကို နားမလည် နိုင်တဲ့ လူတွေပဲ၊ သူက သမ္မတလည်း ဝန်ကြီးချုပ်လည်း မဟုတ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြီးတော့ စစ်တပ်အပေါ် လုံးဝ ထိန်းချုပ်နိုင်တဲ့ အာဏာလည်း မရှိဘူး၊ ရိုဟင်ဂျာ တွေ အပေါ် စစ်တပ် ကျုးလွန်ခဲ့တဲ့ ပြစ်မှု တွေ ကို ပစ်မှတ်ထား ပြောရမယ့်အစား သူ့ကိုပဲ ရွေးထုတ်ပြီး အပြစ် ပုံချလာတယ်”

 

“ဒီလို ပြောဆို လာတာတွေကို ကျွန်တော် အရင်ကလည်း သဘောမတူဘူး၊ အခုလည်း သဘောမတူဘူး” ဟူ၍ ဖြစ်သည်။

 

တကယ်တမ်း တွင် လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိ သည်မှာ အမှန် ဖြစ်နေသော်လည်း သူမသည် ခေါင်းရှောင်သည့် အနေဖြင့် ထိုသို့ တခါဖူးမျှ ဆင်ခြေဆင်လက် မျိုး စောင်းပါးရိပ်ခြည်ပင် မပြောခဲ့၊ ခေါင်းဆောင် တယောက် အနေဖြင့် တာဝန်ယူရဲသည့် သတ္တိ အပြည့် ရှိသူ ဖြစ်သည်၊ ၎င်းတို့ဖာသာ တိုင်းပြည်ကာကွယ်ရေးရာ ပိုင်းကို ဇောက်ချ လုပ်နေမည် ဆိုကာ ဒီအတိုင်း သွား၍ ဖြစ်နိုင်သော်လည်း သမ္မတ ရာထူးအထိ ပင် မတန်မရာ တက်၍ မှန်းလာသည့် အတွက် တိုင်းပြည် ပျက် မည့် အရေး မြင်လာ၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မှ ဖြစ်တော့မည် ဟု ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခု သူမ ခန့်မှန်းခဲ့သည့် အတိုင်းပင် ထိုအာဏာရူးတစုကြောင့် ကုလသမဂ္ဂ ပင် အသိအမှတ်မပြု၊ နိုင်ငံတကာ တွင် ခေါင်းမဖေါ်နိုင်၊ လူတော မတိုး ဖြစ်နေရသည်။ တိုင်းပြည် စီးပွားရေး လည်း ပျက်စီးသွားခဲ့ရပြီး ဆန်ဆီ ဆား ဝေငှပေးသည့် နေရာများ တွင် လူတန်းကြီးက ရှည်လျားသည်ထက် ရှည်လျား လာနေသော်လည်း စစ်ဗိုလ်ချုပ်များကတော့ တိုင်းပြည်စီးပွားရေး ဆိုသည်က ၎င်းတို့ စစ်စရိတ် ရရာ ရကြောင်း အဖြစ်သာ အာရုံထား လုပ်ကိုင်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!